မီနူး

“ Azithromycin ပိုးသတ်ဆေးအကြောင်” (April 2023)

“ အသုံးများသော Azithromycin ပိုးသတ်ဆေးအကြောင်း”

Azithromycin ဆိုတာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Azithromycin ဆေးကို အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း၊ မျက်လုံးပိုးဝင်ခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ အတွက် အသုံးပြုလို့ရပါတယ်။

ဒီ Azithromycin ဆေးကို တော်တော်များများ ရင်းနှီးကြပေမယ့် ဒီဆေးသောက်မယ်ဆို ဘာတွေသတိထားရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာကိုတော့ မသိကြတာများပါတယ်။ ဘာတွေသတိထားရမယ်ဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

..

..

???? သင့်မှာ အသည်းရောင်အသားဝါရောဂါနဲ့ အသည်းရောဂါတွေရှိနေရင်၊ အခြားသောမျိုးတူဆေးတွေဖြစ်တဲ့ Clarithromycin, Erythromycin, Telithromycin စတာတွေနဲ့ မတည့်ဘူးဆိုရင် Azithromycin ဆေးကို မသောက်သုံးသင့်ပါဘူး။

တကယ်လို့ သင့်မှာ

▪️ အသည်းရောဂါ

▪️ ကျောက်ကပ်ရောဂါ

▪️ ကြွက်သားအားနည်းရောဂါ (Myasthenia gravis)

▪️ နှလုံးခုန်မမှန်ခြင်း

▪️ သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်း

▪️ နှလုံးခုန်မမှန်သော long QT syndrome တို့ရှိမယ်ဆိုရင် ဆေးမသောက်သုံးခင် ဆရာဝန်ကို သေချာပြောပြသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေအနေနဲ့လည်း မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

..

..

???? Azithromycin ဆေးကို ဘယ်လိုသောက်သုံးသင့်သလဲ ?

ဆရာဝန်ညွှန်ကြားမှသာ သောက်သင့်ပါတယ်။ အပြင်မှာ လွယ်လွယ်၀ယ်သောက်လို့ရပေမယ့် တကယ်လိုအပ်တဲ့အခြေအနေမှသာ သောက်သင့်ပါတယ်။ စိတ်ထင်တိုင်းသောက်မယ်၊ လည်ပင်းနာတိုင်းသောက်မယ်ဆို နောက်နှစ်အနည်းငယ်မှာ ဒီဆေးဟာ လုံး၀သုံးမရတော့တဲ့ အသုံးမ၀င်တော့တဲ့ antimicrobial resistance ဆိုတာ ဖြစ်လာနိုင်လို့ပါ။

ဒီလောက်ကောင်းတဲ့ဆေး သုံးမရတော့ရင် ဆေးရှားပြီလေနော်….

ဆေးကလဲပြင်း၊ ဆေးသောက်ပြီး ခေါင်းမထူနိုင်လည်း ဖြစ်တတ်တာမို့ မလိုအပ်ရင်မသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားတာထက် ပိုလျှော့သောက်တာ၊ ပိုတိုးသောက်တာနဲ့ ပိုကြာအောင်သောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ course မပြည့်အောင် သောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

အစာနဲ့တွဲပြီးရော၊ အစာမစားခင်ရော သောက်သုံးနိုင်ပါတယ်။ အရည်ပုံစံ (oral suspension) လာတာမျိုးတွေကိုတော့ အစာမစားခင် (ဒါမှမဟုတ်) အစာစားပြီး (၂) နာရီကြာမှ သောက်သုံးသင့်ပါတယ်။ အထုတ်နဲ့လာတဲ့ဆေးတွေဆို တစ်ခါထဲကုန်အောင်သောက်သင့်ပါတယ်။ ဖောက်ထားပြီး (၁၂) နာရီကျော်သွားပြီးတဲ့အခါ မသောက်သုံးသင့်တော့ပါဘူး။ အရည်ပုံစံဆေးတွေမှာ ဆေးပမာဏ (dose) ချိန်ဆတဲ့အခါ ဆေးဘူးမှာပါတဲ့ ခွက်တို့ ဇွန်းတို့နဲ့ သေချာချိန်ဆပြီးသောက်သင့်ပါတယ်။

ဆေးသောက်တဲ့အခါ (dose) ကို မှန်မှန်နဲ့ ရက်ပြည့်တဲ့အထိသောက်သုံးရပါမယ်။ မဟုတ်ခဲ့ရင် ဆေးယဉ်ပါးဖြစ်နိုင်တဲ့အပြင် နောက်ထပ်ရောဂါပိုးဝင်ရောက်နိုင်ခြေလည်း များပါတယ်။ တကယ်လို့ ဆေးသောက်ဖို့မေ့ခဲ့ရင် နောက်အချိန်သောက်ရမယ့်ဆေးကိုပဲ သောက်လိုက်ပါ။ မေ့သွားတဲ့ဆေးအတွက်ပါ (၂) ဆ မသောက်သင့်ပါဘူး။

..

..

???? Azithromycin ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ ?

▪️ သိသာတဲ့ဘေးထွက်ဆိုးကျိုးမရှိပေမယ့် အဖြစ်များတာကတော့ ဝမ်းလျှောတာ၊ မူးဝေတာ၊ အန်တာ၊ ဗိုက်အောင့်တာနဲ့ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါတယ်။

▪️ Azithromycin ကို ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ပင်းနဲ့မျက်နှာရောင်လာခြင်း၊ လည်ချောင်းနာခြင်းနဲ့ အရေပြားနာကျင်ခြင်း၊ မျက်လုံးပူစပ်ခြင်း စတာတွေခံစားရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

▪️ မခံနိုင်အောင်ဗိုက်အောင့်တာ၊ သွေးဝမ်းသွားတာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူရခက်တာ၊ ရုတ်တရက်မူးဝေတာ၊ အသည်းမကောင်းတဲ့လက္ခဏာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နုံးချိတာ၊ အစားအသောက်ပျက်တာ၊ ဆီးရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာနဲ့ အသားဝါတာ၊ မျက်လုံးဝါတာတွေဖြစ်လာရင် အမြန်ကုသမှုခံယူသင့်ပါတယ်။

..

..

???? Azithromycin က အခြားဘယ်ဆေးတွေနဲ့တွဲသောက်မယ်ဆိုရင် သတိထားရမလဲ ?

နှလုံးဆေးဖြစ်တဲ့ Digoxin ၊ သွေးကျဲဆေးတွေဖြစ်တဲ့ Warfarin, Counadin, Jantoven နဲ့ Clarithromycin လိုပိုးသတ်ဆေးတွေသောက်သုံးနေရတယ်ဆိုရင် ဆရာဝန်ကိုသေချာပြောပြသင့်ပါတယ်။

ဒါ့အပြင် aluminum နဲ့ magnesium ပါတဲ့ လေဆေးတွေကို Azithromycin မသောက်သုံးခင်နဲ့ သောက်သုံးပြီး (၂) နာရီအတွင်း မသောက်သုံးသင့်ပါဘူး။ တူတူသောက်မိတဲ့အခါ Azithromycin ရဲ့ အာနိသင်ကို ကျသွားစေတတ်ပါတယ်။

Azithromycin သောက်ရင် အသားကို နေလောင်ဒဏ်ခံရဖို့ ပိုလွယ်စေတာကြောင့် နေရောင်နဲ့ထိတွေ့တာ၊ နေပူစာလှုံတာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

Reference : ????

https: //www .drugs. com/azithromycin.html

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#azithromycin

Ministry of Health,

National Unity Government.

Published on: 25 April 2023

Last updated: 25 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...