ဒီနေ့က Antenatal Care (ANC) နေ့။ ဗိုက်ကြီးသည်တွေကို ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးတဲ့နေ့။ ဗိုက်အပ်လက်ခံတဲ့နေ့ပေါ့ဗျာ။

ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရဲ့ ဘယ်တော့မွေးမယ်မှန်းမသိ၊ ဘယ်လိုမွေးရမယ်မှန်းမသိ၊ မသိခြင်း မရေရာခြင်းများစွာနဲ့ စိုးတထိတ်ထိတ် မောလျအိပ်မက်မြူတွေကို၊ စိုးရိမ်သောကတွေကို နှစ်သိမ့်ဆွေးနွေး၊ အကြံပေးရတဲ့ အခါသမယပေါ့။ သားဦးကိုယ်ဝန်တွေဆို ပိုနှစ်သိမ့်‌ပေးရတာပေါ့။ အထူးသဖြင့် အသက် ၂၅ နှစ်အထက် သားဦးကိုယ်ဝန်တွေ။

သူတို့က ကျန်းမာရေးဗဟုသုတ အထိုက်အလျောက်ရှိတယ်။ ဘဝတစ်ခုကို အခိုင်အမာ တည်ဆောက်ပြီးမှ အိမ်ထောင်သားမွေးဘဝကို ရွေးချယ်ခဲ့သူတွေ။

ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ဆိုပြီး hormonal drive ကြောင့် ၁၆ နှစ်နဲ့အိမ်ထောင်ကျပြီး ရလာတဲ့ (unplanned pregnancy) မဖိတ်ခေါ်ဘဲ ရလာတဲ့ကိုယ်ဝန် မဟုတ်ကြဘူး။

သူတို့တွေမှာ မေးခွန်းတွေ အများကြီးပဲ။ အဲဒါတွေထဲက သူတို့တအားစိုးရိမ်တဲ့ ကျွန်တော်ကြားဖူးနေကျ၊ အမြဲလည်းဖြေပေးနေကျ မေးခွန်းတစ်ခုကို ဒီနေ့ထပ်ကြားရလို့ ဒီစာကိုရေးဖြစ်ပါတယ်။

မေးတဲ့သူက အသက် ၂၈ နှစ် သားဦးကိုယ်ဝန်၊ ကိုယ်ဝန်သက်တမ်းက ရက်သတ္တပတ် ၃၀ ရှိပြီ။ သူမွေးဖို့က နှစ်လလောက်လိုပါသေးတယ်။

သူကဘာမေးသလဲဆိုတော့ သူ့ကလေးမွေးလာရင် အသားမဝါအောင်၊ မီးမပြရအောင် ဘယ်လိုကာကွယ်ရမလဲတဲ့။

အသည်းရောင်၊ အသားဝါဆိုတဲ့စကားစုကို လူတိုင်းကြားဖူးထားကြတော့ အသားဝါတယ်ဆိုရင် အသည်းမကောင်းလို့လို့ လူတိုင်းနားလည်ကြတာကိုးဗျ။

လူကြီးတွေ အသားဝါတာကတော့ ဟုတ်ပါတယ်။ အသည်းမကောင်းလို့၊ အသည်းကိုထိခိုက်ပျက်စီးစေသော အရက်၊ အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆိုးဆေးပါသော၊ မှိုတက်နေသော အစားအစာများ၊ သည်းခြေကျောက် စသည်တို့ တစ်ခုခုကြောင့် အသည်းပျက်စီး၊ အသည်းလုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းပြီး အသားဝါတာ များပါတယ်။

မွေးကင်းစ ကလေးလေး အသားဝါတာကကျတော့ မတူဘူးဗျ။ ဝါစေသော အကြောင်းအရင်း များစွာရှိတယ်။ ရောဂါကြောင့်ဖြစ်သော (Pathological) နဲ့ သဘာဝအလျောက်ဖြစ်သော (Physiological) ဆိုပြီး အဓိက နှစ်မျိုးကွဲတယ်။ ဒီထဲကမှ အဖြစ်များကြတဲ့ သဘာဝအလျောက်ဖြစ်သော မွေးကင်းစ ကလေးလေး အသားဝါတဲ့အကြောင်း ပြောချင်တာပါ။

(ရောဂါကြောင့်ဖြစ်သော မွေးကင်းစကလေး အသားဝါခြင်းအကြောင်းတွေကတော့ ရှုပ်ထွေးကုန်မှာစိုးလို့ မပြောတော့ဘူးနော့)

ခုမှမွေးစ အသည်းအသစ်ကလေးက kilo zero စက်ရုံထုတ် ကား၊ ဆိုင်ကယ် အသစ်ကလေးလိုပေါ့ဗျာ။ အင်ဂျင်ကျင့်ပေးဖို့ အချိန်နည်းနည်း ယူရတယ်လေ။ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရဖို့ပေါ့။ အချိန်နှစ်ပတ်လောက် ယူရပါတယ်။ အဲဒီလို အင်ဂျင်ကျင့်နေတုန်းမှာ အသည်းမှတစ်ဆင့် သည်းခြေရည်ထဲကို စွန့်ထုတ်ရမယ့် အဝါဓာတ် bilirubin တွေကို အကုန်အစင် မစွန့်ထုတ်နိုင်သေးလို့ မွေးကင်းစ ကလေးလေးက အသားနည်းနည်းဝါတာပါ။ များသောအားဖြင့်က စိုးရိမ်စရာ မရှိပါဘူး။ အသည်းအသစ်ကလေး အင်ဂျင်ညက်သွားရင် သူ့အလိုလို ပျောက်မှာပါ။

ကျွန်တော်တို့က ဘာကိုကြောက်တာလဲဆိုတော့ မွေးကင်းစ အသည်းအသစ်ကလေး အင်ဂျင်မညက်ခင်မှာ အကုန်အစင် မစွန့်ထုတ်နိုင်လို့ သွေးထဲမှာ ခဏတာ အနည်းငယ်စုပုံ၊ ပိုလျှံနေတဲ့ ဒီအဆိပ်အတောက် အဝါဓာတ် (bilirubin) တွေက ကလေးရဲ့ ဦးနှောက်ကို သွားအရောင်ဆိုးလိုက်ပြီး ဉာဏ်ရည်မမီတဲ့ကလေးလေး ဖြစ်သွားမှာကို စိုးရိမ်တာ။ အဲဒါကလည်း မွေးကင်းစ တစ်ပါတ်အတွင်း ကာလတိုလေးပါပဲ။ တစ်ပတ်ကျော်သွားရင် ကလေးအသည်းအင်ဂျင်က ညက်သွားပြီ။ အဝါဓာတ်တွေကို ပြည့်ပြည့်ဝဝ စွန့်ထုတ်နိုင်သွားပြီ။ ကလေးဦးနှောက်ကလည်း သူ့ထဲကို အန္တရာယ်ရှိပစ္စည်းတွေ ဝင်မလာနိုင်အောင် ခြံစည်းရိုးကောင်းကောင်းခတ်ပြီးသွားပြီ။ Blood Brain Barrier လို့ ခေါ်ပါတယ်။

ဆိုတော့ ဒီအရေးကြီးကာလ မွေးပြီးစ တစ်ပတ်အတွင်းမှာ ကလေးအသည်းလေးက အင်ဂျင်ပါဝါအကုန်၊ လီဘာအကုန်၊ ဂီယာအကုန် မဖွင့်နိုင်ခင် အဝါဓာတ်တွေကို စွန့်ထုတ်မှု အားကုန်မလုပ်နိုင်ခင်မှာ ကူညီပေးတဲ့အနေနဲ့ မီးပြပေးတာပါ။

လိုအပ်ရင် သွေးလဲကုသမှုတောင် လုပ်ပေးရပါတယ်။ အဝါဓာတ်တွေများနေတဲ့ ကလေးသွေးနည်းနည်းထုတ် လွင့်ပစ်လိုက်၊ အလှူရှင်ရဲ့သွေးကိုပြန်ထည့်ပေးလိုက်နဲ့ သုံးနာရီလောက်ကြာအောင် စိတ်ရှည်လက်ရှည် လုပ်ပေးရတာပါ။ Blood Exchange Transfusion လို့ ခေါ်ပါတယ်။ မွေးကင်းစကလေး တစ်ထောင်၊ တစ်သောင်းလောက်မှာမှ တစ်ယောက်လောက်ပဲ လိုအပ်တဲ့ ကုသမှုပါ။ များသောအားဖြင့်ကတော့ မီးပြပေးရုံနဲ့ ပြီးပါတယ်။

ဒါဆိုရင် အရွယ်ရောက်ပြီး လူကြီးတွေမှာဖြစ်တဲ့ အသည်းရောင်၊ အသားဝါရောဂါနဲ့ မွေးကင်းစကလေး အသားဝါရောဂါ Neonatal Jaundice မတူဘူးဆိုတာ နားလည်ကြမယ်လို့ ထင်ပါတယ်။

“ ဆေးရုံမှာမွေးလို့ ဆေးရုံကအသားဝါပိုးတွေ ကူးစက်ခံရလို့ ငါတို့ကလေး အသားဝါတယ်” အဲဒီလို ယုံတမ်းစကားတွေ hate speech တွေကို လက်မခံကြပါနဲ့ဗျာ။ “ ကျွန်တော့်ရင်ခွင် ဘယ်ဖက်ခြမ်းက ပိုပူလွန်းလို့ပါ” လို့ မောင်ဖော်ဝေးလို ဟစ်ကြွေးလိုက်ချင်မိပါရဲ့။

အခိုင်းကြမ်းလို့ အင်ဂျင်ကျပြီး မောင်းမကောင်းတာနဲ့ အသစ်ကျပ်ချွတ် အင်ဂျင်လေး အထာမကျသေးလို့ ထုံ့ပိုင်း၊ ထုံ့ပိုင်း ဖြစ်တာချင်း မတူဘူးလေဗျာ။ ပစ္စည်းအသစ်ဆိုတော့ အသားကျဖို့ အချိန်ယူရတဲ့သဘောပေါ့။

ဆိုတော့ မွေးကင်းစကလေးတွေ အားလုံးရဲ့ ခုနှစ်ဆယ်ရာနှုန်းကျော်က မွေးပြီးတစ်ပတ်အတွင်းမှာ အသားဝါကြပါတယ်။ များသောအား ပြဿနာ မရှိပါ။ ရောဂါတစ်ခုခုကြောင့်ဆိုတာထက် အထက်မှာဖော်ပြခဲ့သလို သဘာဝအလျောက်ဖြစ်ရသော အသားဝါခြင်းက ပိုအဖြစ်များပါတယ်။ ဒီလိုသဘာဝအလျောက် ဆိုရာမှာလည်း အသည်း ကောင်းကောင်းအလုပ်မလုပ်နိုင်သေးတာအပြင် ကလေးငယ်လေးတွေမှာ သွေးနီဥများပြားနေပြီး၊ သွေးနီဥသက်တမ်းတိုတာတွေကြောင့် အသားဝါရခြင်းတွေလည်း ရှိပါတယ်။ စာရှည်မှာစိုးလို့ ဒါတွေ မပြောတော့ဘူးနော့။

နည်းနည်းပဲဝါရင် သာမန်လူပြိန်းမျက်စိနဲ့ကြည့်ရင် ဝါနေမှန်းတောင် မသိပါဘူး။ ကောင်းစွာလေ့ကျင့်သင်ယူထားတဲ့ မွေးကင်းစကလေး စောင့်ရှောက်မှုပေးသူ ကျန်းမာရေးဝန်ထမ်းများ၏ မျက်စိဖြင့်သာ မြင်နိုင်ပါသည်။ အဲဒီအချိန်မှာ အသည်းလေးကို ကူညီတဲ့အနေနဲ့ မီးပြပါဆိုရင် ပြပေးလိုက်ကြပါဗျ။ အလွန်ဆုံးမှ မွေးတဲ့နေ့က စရေရင်တစ်ပတ်ပါပဲ။

လူပြိန်းမျက်စိနဲ့ကို ဝါနေမှန်းသိသာအောင် ကလေးက ဆနွင်းတုံးကြီး ဖြစ်မှဆိုရင် သွေးလဲရတာတွေ၊ ကလေးဉာဏ်ရည်မမီတော့လို့ ကိုယ့်တစ်သက်၊ ကလေးတစ်သက်လုံး ဝဋ်ဒုက္ခ၊ စိတ်ဆင်းရဲရမှုတွေကို မကြုံစေချင်လို့ ပြောပြတာပါဗျ။

လူအသစ်၊ အင်ဂျင်အသစ်၊ အသည်းအသစ်ကလေး လေဗျာ။ ခင်ဗျားတို့ ဂျပန်ပြည်ကထုတ်တဲ့ ကားအသစ်ဝယ်ရင်တောင် ဘာမဆိုင်၊ ညာမဆိုင် မြန်မာပြည်ကနတ်ကို ပြကြသေးတာပဲကိုနော။ အသားဝါတာကို မီးပြဖို့အတွက် မတွန့်ကြပါနဲ့ဗျာ။

လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ကိုယ်တွင်းကလီစာ တစ်ခုချင်းစီရဲ့ စတင်အလုပ်လုပ်ချိန်၊ ရင့်ကျက်ချိန်တွေက မတူကြဘူးဗျ။ ဥပမာ လူ့ခန္ဓာကိုယ်မှာ အစောဆုံး မြင်သာထင်သာ စအလုပ်လုပ်သူက နှလုံးဗျ။ သူက အမေ့ဗိုက်ထဲ နှစ်လသားအရွယ် သန္ဓေသားဘဝကတည်းက စခုန်တာ။ သေမှရပ်တာပဲ။

ကျောက်ကပ်က အမေ့ဗိုက်ထဲ လေး၊ ငါးလသား အရွယ်က စ အလုပ်လုပ်ပါတယ်။ အဆုတ်ကတော့ မိခင်ဝမ်းမှကျွတ်ပြီး မိနစ်ပိုင်းအတွင်မှာ စ အလုပ်လုပ်ပါတယ်။

ခုကျွန်တော်ပြောတဲ့ အသည်းကတော့ မွေးပြီးနှစ်ပတ်လောက်ရှိမှ လီဘာကုန်၊ ဂီယာကုန်၊ ပါဝါကုန် ရုန်းနိုင်မယ်နော်။ မှတ်ထားကြပါ။

အမေ့ဝမ်းထဲကနေ ထွက်လာပြီး ဆယ့်သုံးလေးနှစ်နေမှ အလုပ်စတင်ဖို့ signal ရိုက်လာတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုရော သိကြလား🙏😅။

သူကလည်း အသည်းလိုပဲနော်။ အင်ဂျင်ညက်အောင် ကျင့်ပေးရသေးတယ်။ တစ်ခါထဲတန်းပြီး လီဘာကုန်၊ ဂီယာကုန် မဆွဲလိုက်နဲ့‌။ ရှော့ရှိတယ်။

အားလုံး ကျန်းမာ၊ ပျော်ရွှင်ကြပါစေဗျာ….။

ဒေါက်တာဝသုန်
သားဖွားမီးယပ် ဆရာဝန်

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here