မီနူး

“ ခဲဆိပ်သင့်ခြင်း ( lead poisoning)”

“ ခဲဆိပ်သင့်ခြင်း ( lead poisoning)”

အခုလို စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေတွေရဲ့ ထုတ်ကုန်တွေ၊ ဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားရပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေထဲက အန္တရာယ်ရှိတဲ့ ခဲဆိပ်သင့်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

????ခဲဆိပ်သင့်တယ် ဆိုတာ…

နှစ်ပေါင်းများစွာ (ဒါမှမဟုတ်) လပေါင်းများစွာ ခဲတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ စုပုံလာရာကနေ ခဲဆိပ်သင့်တာ ဖြစ်ပါတယ်။ ဘယ်လောက် အန္တရာယ်များသလဲဆိုရင် ခဲပမာဏနည်းနည်းလေးပဲဆိုရင်တောင် ခဲဆိပ်သင့်တတ်တာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် (၆) နှစ်အောက် ကလေးတွေမှာဆိုရင် ခဲဆိပ်သင့်တဲ့အခါ ကိုယ်ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် ခဲဓာတ်က သွားနဲ့အရိုးတွေထဲမှာ စုပုံနေတတ်ပြီးတော့ အချိန်ကြာလာတာနဲ့အမျှ ပမာဏများလာပါတယ်။ ပမာဏ တော်တော်များများ ခဲဆိပ်သင့်ခဲ့မယ်ဆိုရင်တော့ ခဲဆိပ်သင့်တာက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

.

???? ဘာတွေက ခဲဆိပ်သင့်စေတာလဲ ?

အဓိကအားဖြင့်တော့ အဆောက်အဦးတွေမှာ ခဲပါဝင်တဲ့ သုတ်ဆေးတွေ၊ ခဲတွေနဲ့ရောနေတဲ့ ဖုန်မှုန့်တွေကြောင့် ခဲဆိပ်သင့်နိုင်ပါတယ်။ ဒါ့အပြင် ခဲပါဝင်နေတဲ့ လေ၊ ရေနဲ့ မြေကြီးတွေကြောင့်လည်း အထူးသဖြင့် ကလေးငယ်တွေမှာ ခဲဆိပ်သင့်နိုင်ပါတယ်။ ဘက်ထရီစက်ရုံတွေ၊ ဘက်ထရီလုပ်ငန်းတွေ၊ အိမ်၊ ကား အစရှိတာတွေကို ပြန်လည်ပြုပြင်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့သူတွေဟာဆိုရင် ခဲနဲ့ထိတွေ့မှုများတဲ့သူတွေ ဖြစ်ပါတယ်။

.

???? သတိပြုစရာ ခဲဆိပ်သင့်လက္ခဏာတွေကတော့…

– ကလေးတွေမှာဆိုရင် ဖွံ့ဖြိုးမှုနောက်ကျတာ

– စာသင်ယူမှု အခက်အခဲဖြစ်တာ

– စိတ်တိုစိတ်ဆတ်လွယ်တာ

– အစားအသောက်ပျက်တာ

– ကိုယ်အလေးချိန်ကျလာတာ

– နှေးကွေးတာ၊ မောပန်းတာ

– ဗိုက်အောင့်၊ ဗိုက်နာတာ

– အန်တာ

– ဝမ်းချုပ်တာ

– အကြားအာရုံ ချို့ယွင်းတာ

– တက်တာ…. အစရှိတာတွေ ခံစားရနိုင်ပါတယ်။

.

???? ကိုယ်ဝန်ဆောင်မိခင်တွေမှာ ခဲဆိပ်သင့်ခဲ့မယ်ဆိုရင်လည်း မွေးလာတဲ့ကလေးတွေမှာ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ မွေးကင်းစကလေးတွေမှာတော့

• နေ့မစေ့၊ လမစေ့ဘဲမွေးတာ

• ပေါင်မပြည့်တာ

• ကြီးထွားမှု နှေးကွေးတာ…. တို့ကို ကြုံတွေ့ရနိုင်ပါတယ်။

မိခင်လောင်းတွေမှာဆိုရင်လည်း ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာ၊ နေ့မစေ့၊ လမစေ့ဘဲမွေးတာတို့ကို ကြုံတွေ့ရနိုင်ပါတယ်။

.

???? လူကြီးတွေမှာ ဖြစ်နိုင်တဲ့ ခဲဆိပ်သင့်လက္ခဏာတွေကတော့

• သွေးပေါင်ချိန်တက်တာ

• အဆစ်အမြစ်နာတာ

• မှတ်ဉာဏ်ချို့ယွင်းတာ၊ အာရုံစူးစိုက်ဖို့ ခဲယဥ်းတာ

• ခေါင်းကိုက်တာ

• ဗိုက်နာ၊ ဗိုက်အောင့်တာ

• စိတ်ခံစားချက် အမျိုးအမျိုးပြောင်းလဲတာ

• အမျိုးသားတွေမှာဆိုရင် သုတ်ပိုးအရေအတွက်နည်းတာ… စတာတွေ ဖြစ်နိုင်ပါတယ်။

..

..

???? ဘာကြောင့် ခဲဆိပ်သင့်ရသလဲဆိုရင်…

– ခဲပါဝင်တဲ့ သုတ်ဆေးတွေကတစ်ဆင့် လေထုထဲ ပျံ့နှံ့ပြီး ခဲဆိပ်သင့်တာ

– ခဲနဲ့လုပ်ထားတဲ့ ရေပိုက်တွေ ကြေးပိုက်တွေကနေတစ်ဆင့် ရေထဲကိုပါသွားရာကနေ ခဲဆိပ်သင့်တာ

– ဒါ့အပြင် ခဲရောပြီး ညစ်ညမ်းနေတဲ့ မြေကြီး၊ ဖုန်မှုန့်တွေ၊ မြေအိုးကြွေအိုးတွေ၊ ခဲပါဝင်တဲ့ အလှကုန်တွေကနေတစ်ဆင့် ခဲဆိပ်သင့်တာ

– ခဲနဲ့အလုပ်လုပ်ရတဲ့သူတွေ (ဥပမာ – ကားပြင်လုပ်ငန်းတွေ၊ သတ္တုတွင်းလုပ်ငန်းတွေ၊ ပိုက်ပြင်ပိုက်ဆက်လုပ်ငန်း၊ Battery အိုးလုပ်ငန်း၊ ဓာတ်ခဲလုပ်ငန်း၊ ဆေးသုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ရတဲ့သူတွေ) ဟာ ခဲနဲ့ထိတွေ့မှုများပြားတာကြောင့် ခဲဆိပ်သင့်ခံရနိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

..

..

???? အဓိကအားဖြင့်တော့

အသက်အရွယ်ကြီးတဲ့သူတွေထက်စာရင် ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ခဲကိုစုပ်ယူနိုင်မှု ပိုမိုလွယ်ကူတာကြောင့် အသက်ငယ်တဲ့သူတွေမှာ ပိုပြီး အန္တရာယ်များပါတယ်။

ဒါ့အပြင် အိမ်အိုအိမ်‌ဟောင်းတွေမှာ နေထိုင်တဲ့အခါ၊ ကျောက်မျက်‌ရတနာတွေ၊ တချို့သော ဖန်ထည်တွေကို ခဲအသုံးပြုပြီး ဂဟေဆော်တဲ့အခါ၊ ပရိဘောဂတွေကို ပြန်လည်မွမ်းမံတဲ့အခါမျိုးတွေမှာ ခဲဆိပ်သင့်ခံရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ခဲဆိပ်သင့်ခဲ့ရင် မမွေးသေးတဲ့ကလေးမှာပါ ထိခိုက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ခဲနဲ့အတတ်နိုင်ဆုံး ထိတွေ့မှုကင်းဝေးအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။

.

❗ ခဲနဲ့ ပမာဏနည်းနည်းပဲ ထိတွေ့မယ်ဆိုရင်တောင် အချိန်ကြာလာတဲ့အခါ ကျောက်ကပ်၊ အာရုံကြောတို့ကို တဖြည်းဖြည်း ထိခိုက်လာနိုင်ပါတယ်။ ပမာဏများများ ထိတွေ့ခဲ့မယ်ဆိုရင်တော့ အတက်ရောဂါ၊ သတိမေ့တာအပြင် အသက်သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။

..

..

???? ဒါဆိုရင် ခဲဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ?

– လက်ဆေးပါ။ အဓိကကတော့ ခဲပါဝင်နေတဲ့ မြေကြီးတွေ၊ ဖုန်မှုန့်တွေကို ထိတွေ့ကိုင်တွယ်မိရာကနေတစ်ဆင့် ပါးစပ်ထဲမ‌ရောက်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။

– ခဲပါဝင်နေတဲ့ မြေမှုန်တွေ မရှူမိအောင်နဲ့ ပါးစပ်ထဲ မဝင်အောင် နှာခေါင်းစည်းတပ်ဆင်လို့ရပါတယ်။

– ဖုန်တက်နေတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။

– အိမ်ထဲကို ဝင်တဲ့အခါ ဖိနပ်ချွတ်ပါ။ ဘာကြောင့်လဲဆိုရင် ခဲပါနေတဲ့မြေကြီးနဲ့ အိမ်ထဲမှာထိတွေ့မှု နည်းအောင်အတွက်ပါ။

– ကလေးတွေကို မြေကြီးတွေ၊ သဲတွေ့နဲ့ မဆော့ပါစေနဲ့။

– အာဟာရပြည့်ဝအောင် စားသောက်ပါ။ အထူးသဖြင့် ကလေးတွေမှာဆိုရင် ကယ်လစီယမ်၊ ဗီတာမင်စီနဲ့ သံဓာတ်တို့ လုံလောက်အောင် စားသုံးခြင်းက ခန္ဓာကိုယ်ကနေ ခဲစုပ်ယူမှုကို နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

– အိမ်ကို စနစ်တကျ ဂရုစိုက်ပါ။ အိမ်မှာ ခဲပါဝင်တဲ့ အိမ်သုတ်ဆေးတွေ အသုံးပြုထားတယ်ဆိုရင် အချိန်နဲ့အမျှ ဆေးကွာ၊ မကွာကို ဂရုစိုက်နေဖို့လိုပါတယ်။

..

..

???? ဘယ်လို ကုသကြမလဲ?

အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ ခဲဆိပ်သင့်စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ကြဥ်ဖယ်ရှားဖို့ပါ။

ပြင်းထန်တဲ့ ခဲဆိပ်သင့်တာမျိုးအတွက်ဆိုရင်တော့ ဆရာဝန်နဲ့ စနစ်တကျတိုင်ပင်ပြီး ကုသဖို့ လိုအပ်ပါတယ်။

..

..

❗️နိဂုံးချုပ်အနေနဲ့ အထူးသတိထားသင့်တာ တစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခများလာတဲ့ ယနေ့အချိန်အခါမှာ ခဲယမ်းမီးကျောက် ကိုင်တွယ်အသုံးပြုနေသူတွေမှာ ခဲဆိပ်သင့်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

လက်နက်ခဲယမ်း ပစ်ခတ်အသုံးပြုချိန်မှာ ခဲအမှုန်အမွှားလေးတွေဟာ လေထုထဲပျံ့နှံ့သွားပြီး ဒီအမှုန်အမွှားလေးတွေကို အသက်ရှူလမ်းကြောင်းမှ ရှူသွင်းမိရာက တစ်ဆင့်သော်လည်းကောင်း၊ အစာခြေလမ်းကြောင်းမှ မျိုချမိရာက တစ်ဆင့်သော်လည်းကောင်း ရေရှည်မှာ ခဲဆိပ်သင့်မှု အန္တရာယ် ရှိနိုင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ထဲ စိုက်ဝင်နေတဲ့ ကျည်ဆံထိပ်ဖူးလို ခဲအပိုင်းအစတွေကလည်း ခဲဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နေတဲ့ ခဲအပိုင်းအစတွေဟာ အဆစ်အမြစ်အတွင်းရှိ အရည်များ (synovial fluid) နဲ့ ထိတွေ့နေမှသာ ခဲဆိပ်သင့်မှု ပိုမိုဖြစ်ပေါ်ပြီး၊ ပုံမှန်အားဖြင့် အခြားနေရာတွေမှာ စိုက်ဝင်နေခဲ့ရင်တော့ ခန္ဓာကိုယ်က အမာရွတ်လေးနဲ့ ဖုံးအုပ်ထားလိုက်တာကြောင့် ခဲဆိပ်သင့်နိုင်ခြေ နည်းပါးတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။

..

..

ဒါကြောင့် မိမိကိုယ်တိုင်က ခဲနဲ့ထိတွေ့ပြီး လုပ်ကိုင်နေရတယ်ဆိုရင် (ဒါမှမဟုတ်) မိမိပတ်ဝန်းကျင်မှာ ခဲနဲ့ထိတွေ့နိုင်တဲ့ အခြေအနေတွေရှိခဲ့ရင် မိမိရဲ့ကျန်းမာရေးအတွက်သာမက မိသားစု ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း အထက်မှာဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို လိုက်နာရင်း ခဲဆိပ်သင့်အန္တရာယ်ကင်းဝေးအောင် နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20354717

https://www.mayoclinic.org/…/diagnosis…/drc-20354723

https://academic.oup.com/qjmed/article/114/12/873/6278913

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#lead_poisoning#ခဲဆိပ်သင့်ခြင်း

Ministry of Health,

National Unity Government.

Published on: 31 March 2023
Last Updated: 31 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...