ကလေးငယ်လေးတွေမှာ “ စိတ်ကူးယဉ်သူငယ်ချင်း” တွေရှိတတ်တယ်ဆိုတာက မိဘတွေအတွက်တော့ နားလည်ရခက်ပြီး စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်‌နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပုံမှန်အတိုင်းဖြစ်တတ်တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပြီး အထွေအထူး စိုးရိမ်စရာမရှိပါဘူးလို့ ကလေးစိတ်ပညာရှင်တွေက ဆိုပါတယ်။
.

☘️ Imaginary friends ဘယ်အရွယ်မှာ စရှိတတ်လဲ။

ကလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေဟာ အများအားဖြင့် အသက် ၂ နှစ်ခွဲကနေ ၇ နှစ် ကြားမှာ ရှိတတ်ပါတယ်။ ဒီအရွယ်ဟာ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေ အကောင်းဆုံး ဖွံ့ဖြိုးနေတဲ့ အချိန်မို့ပါ ။

သူတို့လေးတွေရဲ့ ဦးနှောက်ဟာ စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာငယ်လေးတွေ ဖန်တီးဖို့နဲ့ အခြားအခန်းကဏ္ဍတွေကို စမ်းသပ်ကြည့်ဖို့၊ စူးစမ်းကြည့်ကြဖို့ အဆင်သင့်ဖြစ်နေကြတဲ့အရွယ်လည်း ဖြစ်ပါတယ် ။
.

🍀 ဘာကြောင့် စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိလာရသလဲ။

  • ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးဖို့
    ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးပြုပြီး သူငယ်ချင်းအသစ်တွေ ပုံဖော်ဖန်တီးကြပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
  • စိတ်ခံစားချက်ကို ထုတ်ဖော်တတ်ဖို့
    တချို့ကလေးတွေဟာ သူတို့ရဲ့ကြောက်ရွံ့မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို စိတ်ကူးယဉ်သူငယ်ချင်းတွေကနေတစ်ဆင့် ထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်း‌ကျောင်းတတ်ဖို့ အကူညီဖြစ်‌စေပါတယ်။
  • လူမှုဆက်ဆံရေးအတွက် အကြိုလေ့ကျင့်ဖို့
    စိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ ကစားရင်း ကလေးတွေဟာ သူများနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ ဘယ်လို ဆက်သွယ်ရမလဲဆိုတာကို လေ့ကျင့်ယူကြပါတယ်။
  • အဖော်မွန်လိုတဲ့အခါ
    တစ်ခါတလေမှာတော့ ကလေးတွေဟာ အထီးကျန်တယ်လို့ ခံစားရတဲ့အခါ ဒါမှမဟုတ် တစ်ယောက်တည်း ကစားရတဲ့အခါ အဖော်မွန်အနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေကိုလည်း ဖန်တီးတတ်ကြပါတယ်။
  • ပြဿနာတွေ ဖြေရှင်းတတ်စေဖို့
    ကလေးတွေဟာ သူတို့ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့အတူ အခက်အခဲလေးတွေကို ဖြေရှင်းရင်း ပြဿနာဖြေရှင်းနည်းတွေကို လေ့လာသင်ယူတတ်ကြပါတယ်။

ဆိုတော့ ဒါတွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးလားဆိုရင် . . .

ဟုတ်ကဲ့။ အလွန် အရေးကြီးပါတယ်။

ကလေးငယ်တွေမှာ စိတ်ကူးယဉ်သူငယ်ချင်းရှိတာဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတော်လေး အရေးပါပါတယ်။ ဒါဟာ ပုံမှန်အတိုင်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။

ဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုမှု စွမ်းရည် တိုးတက်လာမယ်။ စိတ်ကူးယဉ်သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကလေးတွေဟာ စကားလုံးအသစ်တွေ၊ ဝါကျဖွဲ့စည်းပုံတွေကို လေ့ကျင့်ပြီး သူတို့ရဲ့ ဘာသာစကားစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါသေးတယ်။

စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EQ) ဖွံ့ဖြိုးခြင်းအတွက်လည်း အရေးပါပါတယ် ။ စိတ်ကူးယဉ်သူငယ်ချင်းတွေမှတစ်ဆင့် သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်ရင်း ကလေးတွေဟာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ စတဲ့ ခံစားချက်တွေကို နားလည်တတ်လာပြီး သူများရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာ နားလည်လာနိုင်ပါတယ်။

ဆိုတော့

🍀မိဘတွေအနေနဲ့ ဘာလုပ်သင့်လဲ။

ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းရှိနေပြီဆိုတာ သိတဲ့အခါ မိဘတချို့က စိုးရိမ်တတ်ကြပါတယ်။

“ ကလေး လိမ်နေတာလား”
“ တကယ်မြင်နေတာလား”
“ ပယောဂတွေ ပူးကပ်နေသလား”
“ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿာနာတစ်ခုခုရှိနေပြီလား” စတဲ့အတွေးတွေ ဝင်လာနိုင်ပါတယ်။

ဒါပေမယ့်

ဒါဟာ ပုံမှန်ပါပဲ။ စိတ်ကူးယဉ်သူငယ်ချင်းရှိတာဟာ ကလေးတွေရဲ့ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးမှုရဲ့ လက္ခဏာတစ်ခုပါ။ ဒါဟာ သရဲမြင်တာ၊ အပမီတာမျိုးလည်း လုံးဝမဟုတ်ပါဘူး။

ကလေးတွေဟာ တကယ်မြင်နေတာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ကူးထဲမှာ ဖန်တီးထားတာဖြစ်တဲ့အတွက် စိတ်ပူစရာလည်း မလိုပါဘူး။ ကလေးကို လိမ်တယ်လို့ မထင်ပါနဲ့။ သူတို့ဟာ စိတ်ကူးယဉ်ကမ္ဘာနဲ့ အမှန်တကယ်ကမ္ဘာကို ရောထွေးနေတာမျိုးလည်း မဟုတ်တဲ့အတွက် သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးရပါမယ်။ တားမြစ်တာမျိုး မလုပ်ပါနဲ့။

“ လျှောက်မပြောနဲ့” ၊ “ တကယ်မှ မရှိတာ” လို့ တားမြစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ ကလေးရဲ့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးစိတ်သန်းတွေကို ပိတ်ပင်သလိုဖြစ်သွားနိုင်ပါတယ်။

အားပေးတာလည်း မလုပ်ပါနဲ့။ လိုအပ်တာထက် ပိုပြီး အားပေးတာ၊ သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ကိုယ်တိုင် ဝင်ရောက်ဖန်တီးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ သူတို့ဘာသာပဲ လွတ်လွတ်လပ်လပ် စူးစမ်းခွင့်ပေးပါ။

နားလည်ပေးပါ။ ကလေးရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအကြောင်း ပြောလာတဲ့အခါ ဂရုတစိုက် နားထောင်ပေးပါ။ လစ်လျူမရှုပါနဲ့။

သူတို့ကို မေးခွန်းလေးတွေ ပြန်မေးနိုင်ပါတယ်။ ဥပမာ “ သူငယ်ချင်းက ဘယ်သူလဲ” ၊ “ သူက ဘာလုပ်တတ်လဲ” စသဖြင့်ပေါ့။ ဒါပေမဲ့ ကလေးကို အတည်ပေါက် တကယ်ရှိနေတယ်လို့ သွားပြောတာမျိုးတော့ ရှောင်ပါ။

အများအားဖြင့် ကလေးတွေ အသက် ၈ နှစ်ကနေ ၁၀ နှစ်ဝန်းကျင်ရောက်တဲ့အခါ သူတို့ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေဟာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ပါတယ်။

ဒီအရွယ်မှာ ကလေးတွေဟာ လူမှုဆက်ဆံရေးနယ်ပယ် ပိုကျယ်ပြန့်လာပြီး တကယ့်သူငယ်ချင်းတွေနဲ့ ဆော့ကစားတာ၊ ကျောင်းစာတွေနဲ့ အခြားစိတ်ဝင်စားစရာတွေ ရှိလာတဲ့အခါ စိတ်ကူးယဉ်သူငယ်ချင်းတွေအပေါ် မှီခိုမှုလည်း လျော့နည်းသွားပါတယ်။

ဒါကြောင့် ကိုယ့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းရှိနေတယ်ဆိုရင် စိုးရိမ်မလွန်ပါနဲ့‌နော်။ ဒါဟာ ကလေးရဲ့ ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး သူ့ကို လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာခွင့်ပေးလိုက်ပါ။

မိဘတွေရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှုက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးပါပဲရှင်…။

သင်၏စိတ်ကလေးကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here