မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။
ဒီအရာတွေကို မှန်သလား၊ မှားသလားဆိုတဲ့ ပေတံနဲ့ အကဲဖြတ်ဖို့ထက် ဒါတွေဟာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို သဘာဝကျကျ ဖြည့်ဆည်းပေးနေတဲ့ နည်းလမ်းတွေပဲဆိုတဲ့အမြင်နဲ့ ကြည့်မြင်တာက ပိုပြီး သဘာဝကျပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေထဲက အဓိက (၄) ချက်ကို ကြည့်ရအောင်ပါ။
.
၁။ ကိုယ့်ဘဝကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ခံစားရခြင်း
ပြင်ပကမ္ဘာမှာ ဘာတွေပဲ ပြောင်းလဲနေပါစေ၊ ကိုယ်ပိုင်ပြုလုပ်နေကျ အလေ့အထလေးတစ်ခုကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းက စိတ်ကို တည်ငြိမ်သွားစေပါတယ်။ ဥပမာ အလုပ်မှာ ဘယ်လိုအပြောင်းအလဲတွေပဲ ရှိပါစေ၊ မနက်နိုးတာနဲ့ ရေနွေးကြမ်းသောက်ရင်း ပြတင်းပေါက်ပြင်ပကို ငေးမောတဲ့ ခဏတာလေးကိုတော့ ဘယ်သူမှ လုယူသွားလို့ မရပါဘူး။ ဒါမှမဟုတ် ဘာသာရေးအရ ဆုတောင်းလိုက်ရတဲ့ အခိုက်အတန့်လေးက ကိုယ့်အတွက် အားကိုးရာတစ်ခု ဖြစ်သွားတတ်တာမျိုးပါ။ ဒါဟာ လူ့စိတ်ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။
.
၂။ “ငါတစ်ယောက်တည်း မဟုတ်ဘူး” ဆိုတဲ့ နွေးထွေးမှု
မိမိထက် အင်အားကြီးမားတဲ့ တစ်စုံတစ်ခုက စောင့်ရှောက်ပေးနေတယ်လို့ ယုံကြည်ရခြင်းက လူကို ပိုပြီး ရဲရင့်စေသလို အခက်အခဲတွေကိုလည်း ကြံ့ကြံ့ခံနိုင်စွမ်း တိုးတက်စေပါတယ်။ ဥပမာ ညဘက်အမှောင်ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်ရတာထက် သူငယ်ချင်းတစ်ယောက်နဲ့ အတူလျှောက်ရတဲ့အခါ ပိုပြီး စိတ်အေးရသလိုပါပဲ။ ဒီလို ခံစားချက်မျိုးဟာ ဘာသာရေး၊ နတ်ကိုးကွယ်မှု ဒါမှမဟုတ် သဘာဝတရားကို ယုံကြည်အားကိုးတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
.
၃။ စိတ်ထဲက ဝန်တွေကို လွတ်လပ်စွာ ထုတ်ချခွင့်ရခြင်း
ခံစားချက်တွေကို အတွင်းထဲမှာပဲ ပိတ်လှောင်ထားရင် ဖိစီးမှုတွေ ပိုမိုကြီးထွားလာတတ်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အပြင်ကို ထုတ်ဖော်ခွင့်ရလိုက်တဲ့အခါ စိတ်ဓာတ်က ပေါ့ပါးသွားရပါတယ်။ ဥပမာ အချို့က ဘုရားရှေ့မှာ ရင်ဖွင့်ကြတယ်၊ အချို့က သူငယ်ချင်းဆီ ဖုန်းဆက်ပြောပြတယ်၊ အချို့က ဒိုင်ယာရီရေးကြပြီး အချို့ကတော့ သဘာဝတရားထဲ လမ်းလျှောက်ရင်း စကားပြောတတ်ကြတယ်။ နည်းလမ်းချင်း မတူပေမယ့် ဒါတွေအားလုံးဟာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ သဘာဝ အနာသက်သာဆေးတွေပါပဲ။ ဘယ်နည်းလမ်းက ပိုသာတယ်ဆိုတာ မရှိပါဘူး။
.
၄။ ခက်ခဲချိန်မှာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း
ခက်ခဲလွန်းတဲ့ အချိန်တွေမှာ “ငါဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတဲ့ မေးခွန်းက လူကို လမ်းပျောက်စေတတ်ပါတယ်။ ပေးဆပ်ရတဲ့ ဒုက္ခတွေရဲ့နောက်မှာ အဓိပ္ပာယ်တစ်ခုခုရှိတယ်လို့ ယုံကြည်နိုင်လိုက်တဲ့အခါ အဲဒီဒုက္ခကို ခံနိုင်ရည်အား ပိုမိုကောင်းမွန်လာပါတယ်။ ဥပမာ စစ်ဘေးရှောင်တစ်ယောက်က “ငါ အသက်ရှင်ကျန်ခဲ့တာဟာ ငါ့မိသားစုအတွက် ဆက်လက်ရုန်းကန်ပေးဖို့ပဲ” လို့ တွေးမိတာမျိုး သို့မဟုတ် “ဒီခက်ခဲမှုကနေ ငါ့ဘဝအတွက် အဖိုးတန် သင်ခန်းစာရလိမ့်မယ်” လို့ ယုံကြည်တာမျိုးပါ။ ဒါဟာ ဘာသာရေးအရဖြစ်စေ၊ ကိုယ်ပိုင်အတွေးအခေါ်အရဖြစ်စေ စိတ်ကို အကာအကွယ်ပေးတဲ့ သဘာဝကျလှတဲ့ စိတ်ဓာတ်ခွန်အားပဲ ဖြစ်ပါတယ်။
…
…
ဒီအချက်တွေဟာ ဘယ်အယူအဆ ဒါမှမဟုတ် ဘယ်နည်းလမ်းက ပိုမှန်တယ်ဆိုတာကို အတည်ပြုပေးတာ မဟုတ်ပါဘူး။ လူသားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ သဘာဝကျကျ ဖြည့်ဆည်းနေကြတာကို မီးမောင်းထိုးပြထားတာပါ။
ယဉ်ကျေးမှုနဲ့ ယုံကြည်မှုအပေါ်မူတည်ပြီး ဖြည့်ဆည်းပုံ ကွဲပြားနိုင်ပါတယ်။ တစ်ယောက်ရဲ့ နည်းလမ်းကို “မှားတယ်” လို့ ဝေဖန်ဖို့ မလိုသလို “မှန်ပါတယ်” လို့ အတင်းအကျပ် အားပေးဖို့လည်း မလိုအပ်ပါဘူး။ အဓိကကျတာကတော့ ဒါဟာ လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို အသိအမှတ်ပြုပြီး အချင်းချင်း စာနာနားလည်ပေးဖို့ပဲ ဖြစ်ပါတယ်။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

