မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်လိုက်ရတယ်။ ရှမ်းပြည်နယ်က ရွာတစ်ရွာမှာ ခရုသင်း (သမင်ဖြူလို့လည်း ခေါ်တယ်) ရောဂါ ဖြစ်ပွားနေတဲ့ အသက်ကြီးပိုင်း ဘိုးဘိုးတစ်ဦးကို ရောဂါကူးစက်မှာ စိုးရိမ်တယ်ဆိုပြီး ရွာကလူတွေက ရွာထဲကနေ မောင်းထုတ်ကြတဲ့ ဖြစ်စဉ်လေးတစ်ခုပါ။

ဒီကိစ္စကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ အမှန်တကယ်တော့ ရောဂါတစ်ခုအကြောင်း သေချာဂဃနဏမသိဘဲ အကြောက်လွန်ကြတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတနည်းပါးမှုက လူတစ်ယောက်ရဲ့ (အထူးသဖြင့် ဘိုးဘိုးလို သက်ကြီးပိုင်းလူကြီးတွေရဲ့) ဘဝနဲ့ သိက္ခာကို ဘယ်လောက်အထိ နာကျင်စေနိုင်သလဲဆိုတာ ဝမ်းနည်းစရာ တွေ့မြင်လိုက်ရတယ်။

ဒါကြောင့် အကျိုးတစ်စုံတစ်ရာရှိမလားဆိုပြီး “ခရုသင်း (Vitiligo)” ရောဂါအကြောင်းကို ပြောပြချင်လာလို့ပါ။
.

၁။ ခရုသင်း (သမင်ဖြူ) ရောဂါဆိုတာ ဘာလဲ။

ခရုသင်းဆိုတာ ကျွန်တော်တို့ အရေပြားမှာရှိတဲ့ “အရောင်ခြယ်ဆဲလ် (Melanocytes)” လေးတွေ အလုပ်မလုပ်တော့တာ ဒါမှမဟုတ် ပျက်စီးသွားတာကြောင့် အရေပြားပေါ်မှာ အကွက်ဖြူလေးတွေ ပေါ်လာတဲ့၊ အန္တရာယ်မရှိတဲ့ အရေပြားအခြေအနေတစ်ခုသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်ပိုင်ကိုယ်ခံအားစနစ် (Immune System) က မျက်စိလည်ပြီး ကိုယ့်ရဲ့ အရောင်ဆဲလ်လေးတွေကို မှားယွင်းတိုက်ခိုက်လိုက်တဲ့အခါ မူလအသားအရောင် ပျောက်သွားပြီး အဖြူကွက်လေးတွေ ဖြစ်လာရတာပါ။
.

၂။ ခရုသင်းရောဂါဟာ ကူးစက်တတ်ပါသလား။ (အရေးကြီးဆုံးအချက်ပါပဲ)

လုံးဝ (လုံးဝ) မကူးစက်ပါ။
အတူစား၊ အတူအိပ်၊ အတူနေထိုင်ရုံတင်မကပါဘူး၊ ခရုသင်းဖြစ်နေတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ၊ လက်ကိုင်တာ၊ ရေချိုးကန် အတူသုံးတာ၊ အဝတ်အစား မျှဝတ်ဆင်တာတွေ ဘာလုပ်လုပ်၊ ကြိုက်တာလုပ် လူတစ်ယောက်ဆီကနေ နောက်တစ်ယောက်ဆီ ရောဂါ လုံးဝ မကူးစက်နိုင်ပါဘူး။

ဒါဟာ ဗိုင်းရပ်စ် (Virus) ကြောင့် ဖြစ်တာ၊ ဘက်တီးရီးယား (Bacteria) ကြောင့် ဖြစ်တာမဟုတ်ပါ။ မှိုကြောင့် ဖြစ်တာလည်း မဟုတ်ပါဘူး။
.

၃။ ဒါဆို ဘာကြောင့် ခရုသင်း ဖြစ်ရတာလဲ။

  • မျိုးရိုးဗီဇအရဖြစ်တတ်ခြင်း
    မိသားစုထဲမှာ ခရုသင်းဖြစ်ဖူးသူရှိရင် ပါလာနိုင်ခြေ နည်းနည်းပိုများပါတယ်။
  • ကိုယ်ခံအားစနစ် မူမမှန်ခြင်း
    (Autoimmune Conditions) ပြဿနာရှိရင် ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ခံအားက ကိုယ့်ခန္ဓာကိုယ်ကို မှားယွင်းတိုက်ခိုက်မိတာပါ။
  • စိတ်ဖိစီးမှုနှင့် ထိခိုက်ဒဏ်ရာများရှိခြင်း
    လွန်ကဲတဲ့ စိတ်ဓာတ်ကျ၊ ဖိစီးမှုတွေနဲ့ နေလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာတွေကြောင့်လည်း စတင်ဖြစ်ပေါ်လာတတ်ပါတယ်။
    .

ခရုသင်းဖြစ်နေတဲ့သူတွေမှာ ခန္ဓာကိုယ် နာကျင်မှုထက် မသိနားမလည်တဲ့လူတွေရဲ့ ဝေဖန်မှုတွေနဲ့ ပယ်ကြဉ်ကြတာတွေကြောင့် စိတ်နှလုံး နာကျင်ရတာက ပိုမိုဆိုးရွားလှပါတယ်။

အသိပညာ ဗဟုသုတ ကင်းမဲ့မှုကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ (ဒေဝေါကြီးလာနေပြီဆိုတဲ့ အဆင့်လောက်ပဲရှိတဲ့) အကြောက်တရားကြောင့် အပြစ်မဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ မိသားစုဝင်တွေကို လူရာမဝင်အောင် မောင်းထုတ်ကြတာမျိုးဟာ အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။

စစ်မှန်တဲ့ အသိပညာဆိုတာ အကြောက်တရားကို ကင်းဝေးစေပြီး ကိုယ်ချင်းစာနာစိတ်ကို ဖြစ်တည်စေပါတယ်။ ခရုသင်းရောဂါဟာ မကူးစက်နိုင်တဲ့ အရေပြားပြောင်းလဲမှုတစ်ခုသာဖြစ်ကြောင်း မိမိတို့ ပတ်ဝန်းကျင်၊ မိသားစုနဲ့ ရပ်ရွာထဲအထိ သတိတရရှိတိုင်း၊ စကားစပ်မိတိုင်း ပြန်လည်မျှဝေပေးရင်း ကုသိုလ်ယူကြဖို့ လေးစားစွာဖြင့် နိဗ္ဗာန်ဆော်လိုက်ပါတယ် ခင်ဗျာ…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here