“ခေါင်းကိုက်နေလား”

ဒီတစ်ပတ်ပိတ်ရက် အေးအေးဆေးဆေး နားနေတုန်းအိမ်ရှေ့ကနေ စက်ဘီးဘဲလ်သံ ကလင်ကလင် ကြားလိုက်ရတယ်။ တံခါးဖွင့်ကြည့်လိုက်တော့ မျက်နှာကြီး ရှုံ့မဲ့နေတဲ့ သူငယ်ချင်း ကျော်စွာ။

“ဟေ့ကောင်… ဘာဖြစ်လာပြန်ပြီလဲ။ အရင်တစ်ခေါက်က ခေါင်းမူးတယ်ဆိုပြီး ရောက်လာတယ်။ ဒီနေ့ကျတော့ ဘာဖြစ်ပြန်ပြီလဲ” လို့ မေးလိုက်တော့ ကျော်စွာက မျက်လုံးလေး တစ်ဝက်ဖွင့်ကြည့်ပြီး ညည်းတယ်။

“ငါ ခေါင်းတွေ အရမ်းကိုက်နေတာ သူငယ်ချင်းရာ။ ငါ့ဦးနှောက်ထဲမှာ အကျိတ်များ ဖြစ်နေပြီလား ဒါမှမဟုတ် သွေးကြောများ ပေါက်တော့မလား မသိဘူးကွာ။ ငါ့ကို ဆေးရုံလေး ဘာလေး လိုက်ပို့ပေးပါဦး”

“အေးပါကွာ… နေပါဦး။ ဆေးရုံမသွားခင် မင်း ခေါင်းဘယ်နားက ကိုက်တာလဲ အရင်ပြောပြစမ်းပါ။ ခေါင်းကိုက်တိုင်း ဦးနှောက်အကျိတ်ဖြစ်တာမှ မဟုတ်တာ။ လူတွေက ခေါင်းကိုက်ပြီဆိုတာနဲ့ အဆိုးဆုံးတွေကို အရင်တွေးကြောက်တတ်ကြတယ်။ တကယ်တော့ ခေါင်းကိုက်တဲ့ အမျိုးအစားတွေက အများကြီးရှိတယ်ကွ။ ကဲ… မင်း ခေါင်းကိုက်တာ ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို သေချာစဉ်းစားပြီး ပြောပြစမ်း” လို့ မေးလိုက်တယ်။

ကျော်စွာက ခေါင်းကို ဖိထားရင်း “တစ်ခေါင်းလုံးကို ကိုက်နေတာကွာ။ လေးလေးကြီး။ ပြီးတော့ ကြိုးနဲ့ တင်းတင်းကျပ်ကျပ် စည်းထားသလိုပဲ” လို့ ဖြေတယ်။

“အိုကေ… အဲဒါဆိုရင်တော့ မင်းဖြစ်နေတာက သိပ်ကြောက်စရာ မကောင်းပါဘူး။ ခေါင်းက ဘာလို့ကိုက်ရတယ်ဆိုတွေကို ငါ တစ်ခုချင်း ရှင်းပြမယ်” လို့ ပြောရင်း ကျွန်တော် စကားစလိုက်တယ်။

၁။ ကြွက်သားတွေ တင်းလို့ ခေါင်းကိုက်ခြင်း (Tension Headache)

“ပထမဆုံး တစ်မျိုးကတော့ အခု မင်းဖြစ်နေတဲ့ပုံစံမျိုးပဲ။ ခေါင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ တင်းလာလို့ ဖြစ်တာ။ အထူးသဖြင့် နဖူး၊ နားထင်နဲ့ ဇက်ပိုးတစ်ဝိုက်က ကြွက်သားတွေပေါ့။ ဘယ်လိုခံစားရလဲဆိုတော့ ခေါင်းကို သားရေကွင်း အကြီးကြီးနဲ့ပဲဖြစ်ဖြစ်၊ ပတ်တီးနဲ့ပဲဖြစ်ဖြစ် တင်းတင်းကျပ်ကျပ် ရစ်ပတ်ပြီး စည်းထားသလို ခံစားရတယ်။ ခေါင်းတစ်ခုလုံး လေးနေတတ်တယ်။”

“ဘာလို့ဖြစ်တာလဲဆိုတော့ စိတ်ဖိစီးမှု များတာ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အချိန်အကြာကြီး ဇက်ငုံ့ပြီး ကြည့်တာ၊ အိပ်ရေးပျက်တာတွေကြောင့် အဖြစ်များတယ်။ မင်း စဉ်းစားကြည့်… မင်း မနေ့ညက ဖုန်းတွေ အကြာကြီးကြည့်ပြီး ညဉ့်နက်မှအိပ်တာ မဟုတ်လား။ ပြီးတော့ ဒီမနက်လည်း အလုပ်ကိစ္စတွေနဲ့ စိတ်ရှုပ်နေတာမလား” လို့ မေးလိုက်တော့ ကျော်စွာက ရယ်ကျဲကျဲနဲ့ ခေါင်းညိတ်ပြတယ်။

“အေး… အဲဒါကြောင့် ဖြစ်တာ။ အဲဒီ ခေါင်းကိုက်တာက အဖြစ်အများဆုံးပဲ။ အသက်အန္တရာယ် မရှိပါဘူးကွာ။”
.

၂။ ခေါင်းတစ်ခြမ်းကိုက်ခြင်း

“ဒုတိယ တစ်မျိုးကတော့ မိုင်ဂရင်းလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါပဲ။ ဒါကတော့ ခံရတာ တော်တော်ဆိုးတယ်ကွ။”

“သူ့ရဲ့လက္ခဏာက ခေါင်းရဲ့ တစ်ဖက်ဖက် (ဘယ် ဒါမှမဟုတ် ညာ) မှာ သွေးခုန်နေသလို၊ ပန်းပဲဖိုက သံတူကြီးနဲ့ ဒိန်းခနဲ ဒိန်းခနဲ ထုနေသလိုမျိုး ပြင်းပြင်းထန်ထန် ကိုက်တာ။ တချို့ဆိုရင် ခေါင်းကိုက်မလာခင်မှာ မျက်စိထဲမှာ အလင်းတန်းတွေ၊ အရောင်တွေ မြင်ရတာမျိုး၊ ဇစ်ဇက်မျဉ်းတွေ မြင်ရတာမျိုး အရင်ဖြစ်တတ်တယ်။”

“နောက်ပြီး မိုင်ဂရင်းဖြစ်ရင် အလင်းရောင် စူးစူးတွေ၊ အသံကျယ်ကျယ်တွေကို လုံးဝ မခံနိုင်တော့ဘူး။ မှောင်ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာပဲ ခွေခွေလေး နားနေချင်တော့တာ။ ပျို့တာ၊ အန်တာတွေပါ တွဲဖြစ်တတ်သေးတယ်။ မိုင်ဂရင်းကတော့ ဦးနှောက်ထဲက သွေးကြောတွေ ကျယ်လာပြီး အာရုံကြောတွေကို သွားဖိမိလို့ ဖြစ်တာ။ မျိုးရိုးလိုက်တာလည်း ပါသလို အနံ့ပြင်းပြင်းတွေ၊ ရာသီဥတု ရုတ်တရက် အပြောင်းအလဲတွေနဲ့ တချို့အစားအစာတွေ (ဥပမာ – ချောကလက်၊ ဒိန်ခဲ၊ အချိုမှုန့်) စားမိရင်လည်း ထဖြစ်
ထဖြစ်တတ်တယ်။”
.

၃။ အစုလိုက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း (Cluster Headache)

“တတိယ တစ်မျိုးကတော့ အဆိုးဆုံးနဲ့ အနာကျင်ဆုံးပဲကွ။ သူ့ကို Cluster Headache လို့ ခေါ်တယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များတယ်။”

“သူက ဘယ်လိုကိုက်လဲဆိုတော့ မျက်လုံးတစ်ဖက်တည်းရဲ့ အနောက်ဘက်ကနေ သံချွန်နဲ့ ထိုးဆွနေသလို၊ မီးစနဲ့ ထိုးနေသလိုမျိုး အသည်းအသန်ကို ကိုက်တာ။ ကိုက်တဲ့ဘက်က မျက်လုံးက နီရဲပြီး မျက်ရည်တွေ ကျလာမယ်၊ နှာခေါင်း ပိတ်မယ်၊ နှာရည်တွေ ယိုလာမယ်။”

“သူက တစ်နေ့ကို အကြိမ်ရေအများကြီး ထထကိုက်တတ်လို့ အစုလိုက်ခေါင်းကိုက်ခြင်းလို့ ခေါ်တာ။ ညဘက် အိပ်နေရင်းတောင် နာလွန်းလို့ လန့်နိုးလာတတ်တယ်။ နာကျင်လွန်းလို့ ငြိမ်ငြိမ်မနေနိုင်ဘဲ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ကယောင်ကတမ်းတွေတောင် ဖြစ်တတ်တယ်။ ကံကောင်းတာ တစ်ခုကတော့ ဒီရောဂါက အဖြစ်နည်းပါတယ်။”
.

၄။ ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း

ကျော်စွာက မျက်လုံးလေး ပြန်ဖွင့်လာပြီး “ငါ့အစ်ကိုဝမ်းကွဲတစ်ယောက် ဖြစ်ဖူးတယ်ကွ။ သူက နဖူးတွေ၊ ပါးရိုးတွေ ကိုက်တယ်ပြောတာပဲ။ အဲဒါကျတော့ရော…” လို့ မေးတယ်။

“အေး… အဲဒါက ထိပ်ကပ်နာကြောင့် ကိုက်တာ။ လူတွေရဲ့ မျက်နှာရိုးတွေထဲမှာ လေခိုနေတဲ့ အခေါင်းပေါက်လေးတွေ ရှိတယ်။ အအေးမိလို့ပဲဖြစ်ဖြစ်၊ ဓာတ်မတည့်လို့ပဲဖြစ်ဖြစ် အဲဒီအခေါင်းပေါက်လေးတွေထဲမှာ အရည်တွေပြည့်ပြီး ရောင်ရမ်းလာတဲ့အခါ ဖိအားများပြီး ခေါင်းကိုက်လာတော့တာပဲ။”

“သူ့ရဲ့ ထူးခြားချက်က နဖူး၊ ပါးရိုး၊ နှာခေါင်းရိုး တစ်ဝိုက်မှာ ကိုက်တာ။ ပြီးတော့ ခေါင်းကို အောက်စိုက်လိုက်ရင်၊ ငုံ့လိုက်ရင် ပိုပြီးကိုက်လာတတ်တယ်။ နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ ဖျားတာတွေနဲ့လည်း တွဲနေတတ်တယ်။ အဲဒါကိုတော့ Sinus Headache လို့ ခေါ်တယ်။”
.

၅။ နေ့စဉ်ဘဝမှာ အဖြစ်များတဲ့ တခြားအကြောင်းရင်းများ

“ဒါတွေအပြင် တခြား အလွယ်တကူဖြစ်တတ်တဲ့ အကြောင်းရင်းတွေလည်း ရှိသေးတယ်ကွ။ ဥပမာ ရေလုံလောက်အောင် မသောက်လို့ ခေါင်းကိုက်တာ။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် ဦးနှောက်ကို ကာကွယ်ထားတဲ့ အမြှေးပါးလေးတွေ ကျုံ့သွားပြီး နာကျင်မှုကို ခံစားရတယ်။ မင်း ဒီနေ့ ရေဘယ်နှခွက် သောက်ပြီးပြီလဲ”

ကျော်စွာက သွားဖြဲပြပြီး “မနက်က ကော်ဖီတစ်ခွက်ပဲ သောက်ရသေးတယ်” လို့ ဖြေတယ်။

“အေး… ကောင်းရော။ အဲဒါကြောင့်လည်း ပါမယ်။ကော်ဖီက ရေဓာတ်ကို ပိုပြီးခန်းခြောက်စေတယ်။ နောက်တစ်ခုက မျက်မှန်ပါဝါ မကိုက်တော့တာ ဒါမှမဟုတ် ကော်ဖီအသောက်လွန်ရာကနေ ရုတ်တရက် ဖြတ်လိုက်တဲ့အခါမျိုးတွေမှာလည်း ခေါင်းကိုက်တတ်သေးတယ်။ အဆိုးဆုံးတစ်ခုကတော့ ခေါင်းကိုက်ပျောက်ဆေးတွေ အလွန်အကျွံ သောက်ရာကနေ ဆေးအာနိသင်ပြယ်သွားတဲ့အခါ ပြန်ပြီးကိုက်တဲ့ ခေါင်းကိုက်ရောဂါကလည်း ရှိသေးတယ်ကွ။”

“မင့်ဟာကလည်းကွာ ခေါင်းကိုက်လို့ ဆေးသောက်ပါတယ်ဆိုမှ ဆေးသောက်မှ ခေါင်းက ကိုက်ရဦးမှာတဲ့လား။”
.

၆။ ဘယ်လိုခေါင်းကိုက်တာမျိုးဆိုရင် အရေးပေါ် အခြေအနေလို့ သတ်မှတ်မလဲ။

ကျော်စွာက “မင်း ရှင်းပြတာတွေ နားထောင်ရတာ တော်တော်စုံသွားပြီ။ ဒါပေမယ့် ခုနက ငါကြောက်သလိုမျိုး ဦးနှောက်သွေးကြောပေါက်တာ၊ လေဖြတ်တာ၊ အကျိတ်ဖြစ်တာဆိုရင်ကော ဘယ်လိုလက္ခဏာတွေ ပြမလဲ။ အဲဒါလေးပါ ပြောပြပါလား” လို့ စိတ်ဝင်တစား မေးတယ်။

“အင်း… အဲဒါ အရေးအကြီးဆုံးပဲ။ သာမန်ခေါင်းကိုက်တာတွေက အနားယူလိုက်ရင်၊ ဆေးလေးတစ်လုံး သောက်လိုက်ရင် သက်သာသွားတတ်တယ်။ ဒါပေမယ့် အခု ငါပြောပြမယ့် အရေးပေါ် အချက်ပြ လက္ခဏာတွေထဲက တစ်ခုခုနဲ့တွဲပြီး ခေါင်းကိုက်လာရင်တော့ ဘာဆေးမှ သောက်မနေနဲ့တော့။ နီးစပ်ရာ ဆေးရုံ သို့မဟုတ် ဆေးခန်းကို အမြန်ဆုံး အပြေးသွားဖို့ပဲ လိုတယ်။”

ကျွန်တော်က လက်ချောင်းလေးတွေကို တစ်ခုချင်း ချိုးပြရင်း ရှင်းပြလိုက်တယ်။

ပထမအချက် – မိုးကြိုးပစ်ချလိုက်သလိုမျိုး ဘဝမှာ တစ်ခါမှ မကြုံဖူးလောက်အောင် ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်လာတာ။ စက္ကန့်ပိုင်းအတွင်းမှာကို အဆိုးဆုံးကို ရောက်သွာပြီး မခံမရပ်နိုင်အောင် ဖြစ်လာတာမျိုး။ ဒါဆိုရင် ဦးနှောက်ထဲမှာ သွေးကြောပေါက်တာ ဖြစ်နိုင်ခြေ အလွန်များတယ်။

ဒုတိယအချက် – ခေါင်းကိုက်တာအပြင် အပြင်းအထန် ဖျားမယ်၊ ပြီးတော့ ဇက်တွေတောင့်တင်းပြီး မေးစေ့ကို ရင်ဘတ်နဲ့ ထိလို့မရအောင် ဖြစ်လာမယ်။ ဒါဆိုရင်တော့ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်တယ်။

တတိယအချက် – ခေါင်းကိုက်တာနဲ့အတူ အာရုံကြော ချို့ယွင်းတဲ့ လက္ခဏာတွေ တွဲလာတာ။ ဥပမာ မျက်နှာ တစ်ခြမ်းရွဲ့သွားတာ၊ စကားပြောရတာ လေးသွားတာ ဒါမှမဟုတ် ဗလုံးဗထွေး ဖြစ်သွားတာ၊ ခြေလက် တစ်ခြမ်း အားနည်းပြီး လှုပ်လို့မရတော့တာ၊ လမ်းလျှောက်ရင် ယိုင်ထွက်သွားတာမျိုးတွေ။ ဒါတွေက လေဖြတ်မယ့် လက္ခဏာတွေပဲ။ အများထင်နေတဲ့ ထုံကျင်တဲ့လက္ခဏာက လေဖြတ်မယ့်လက္ခဏာ မဟုတ်ဘူး။

စတုတ္ထအချက် – အမြင်အာရုံ ရုတ်တရက် ပြောင်းလဲသွားတာ။ ဥပမာ ပစ္စည်းတစ်ခုကို နှစ်ထပ် မြင်လာတာ ဒါမှမဟုတ် မျက်စိ လုံးဝကွယ်သွားတာမျိုးဆိုရင်လည်း အရေးပေါ်ပဲ။

ပဉ္စမအချက် – အသက် (၅၀) ကျော်မှ တစ်ခါမှမဖြစ်ဖူးဘဲ အသစ်အဆန်းပုံစံမျိုးနဲ့ ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတာ။ ဒါမှမဟုတ် ကင်ဆာရောဂါအခံရှိတဲ့သူ၊ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါရှိသူတွေမှာ ခေါင်းကိုက်လာတာ။ ညအိပ်နေရင်း ခေါင်းကိုက်လွန်းလို့ လန့်နိုးလာတာ၊ ချောင်းဆိုးလိုက်၊ အားညှစ်လိုက်မှ ပိုကိုက်လာတာမျိုးတွေဆိုရင်တော့ ဦးနှောက်ထဲမှာ အကျိတ်များရှိနေမလားဆိုတာ စစ်ဆေးဖို့ လိုအပ်တယ်။

ဆဋ္ဌမအချက် – ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး (ဥပမာ ချော်လဲပြီး ခေါင်းဆောင့်မိတာ၊ ကားတိုက်ခံရတာ) ရက်ပိုင်းအတွင်းမှာ ခေါင်းတအားကိုက်လာပြီး အန်တာ၊ သတိလစ်ချင်သလို ဖြစ်တာမျိုးတွေကလည်း ဦးနှောက်တွင်း သွေးယိုစိမ့်တဲ့ လက္ခဏာတွေ ဖြစ်နိုင်လို့ မပေါ့ဆသင့်ဘူး။
.

၇။ ကျော်စွာ သက်သာသွားပြီ 😃

စကားလည်းဆုံးရော ကျော်စွာက ခေါင်းကိုက်နေတဲ့ကြားကနေ ပြုံးစိစိ လုပ်လာတယ်။

“အေးပါကွာ… မင်း ပြောပြမှပဲ ငါ့ခေါင်းကိုက်တာက အသေအပျောက်စာရင်းထဲ မပါဘူးဆိုတာ သေချာသွားတော့တယ်။ မနေ့ညက ဂိမ်းဆော့ရင်း အိပ်ရေးပျက်၊ ဒီမနက်လည်း ရေမသောက်ဘဲ အလုပ်ကိစ္စတွေ ပူပန်နေလို့ ငါ့ကြွက်သားတွေ တင်းပြီး Tension Headache ဖြစ်နေတာ သေချာပါတယ်။”

တကယ်တော့ ခေါင်းကိုက်တယ်ဆိုတာ ခန္ဓာကိုယ်က ကျွန်တော်တို့ကို တစ်ခုခုဖြစ်နေပြီလို့ အချက်ပြတာပါ။ သာမန်ပင်ပန်းလို့၊ ရေငတ်လို့၊ စိတ်ဖိစီးလို့လည်း ဖြစ်နိုင်သလို ချက်ချင်း ဆေးရုံပြေးဖို့လိုအပ်တဲ့ အရေးပေါ် အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ခန္ဓာကိုယ်က ပြောပြနေတဲ့ စကားသံတွေကို သေချာနားထောင်ပြီး မှန်မှန်ကန်ကန် ခွဲခြားတုံ့ပြန်နိုင်ဖို့ပါပဲ။

အားလုံးပဲ စိတ်ဖိစီးမှုကင်းဝေးပြီး ခေါင်းကိုက်ခြင်းဝေဒနာမှ ကင်းဝေးကြပါစေ…..။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here