ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမြင့်တက်ရင် ခေါင်းမူးပြီး ကြောက်တတ်တဲ့ အမြင့်ကြောက်ရောဂါ အကြောင်းကိုတော့ လူတိုင်းလိုလို ကြားဖူးထားပြီးသားဖြစ်မှာပါ။
ဒါပေမယ့့် လူမှုအသိုက်အဝန်းထဲမှာ အသံတိတ် ဖြစ်ပေါ်နေပြီး လူသိနည်းသေးတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ “အခြေအနေနိမ့်မှာကို ကြောက်ရွံ့တဲ့စိတ်” ပါပဲ။ နိမ့်ပါးမှာ ကြောက်တဲ့စိတ်ပေါ့။
အပြင်ပန်းမှာတော့ ဒါကို ဘဝင်မြင့်တာ၊ လူတန်းစား ခွဲခြားတာ၊ မာနကြီးတာလို့ပဲ ထင်ရလေ့ရှိပါတယ်။ ဒါပေမယ့် စိတ်ပညာနဲ့ စိတ်ကျန်းမာရေး ရှုထောင့်ကနေ သေချာလေ့လာကြည့်ရင်တော့ လူတစ်ချို့မှာ ဒါဟာ မာနကြီးတာထက် အတွင်းစိတ်ထဲမှာ အလွန်အမင်း မလုံခြုံတာ (insecurity) ကြောင့် ဖြစ်လာရတဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်တုံ့ပြန်မှုတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီလို စိတ်အခြေအနေမျိုး ဖြစ်ရတဲ့အကြောင်းရင်းတွေကို အချက် (၃) ချက် ခွဲခြားလို့ရပါတယ်။
၁။ Fragile Ego (ထိလွယ်ရှလွယ်သော အတ္တစိတ်)
ဒီလို စိတ်မျိုးဖြစ်နေသူတွေဟာ စိတ်ပညာအရ ကိုယ့်ကိုယ်ကိုယ် အတွင်းစိတ်ထဲကနေ တန်ဖိုးထားနိုင်စွမ်း အလွန်နည်းနေသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်အတွင်းစိတ်ထဲမှာ စစ်မှန်တဲ့တန်ဖိုးကို ရှာမတွေ့တဲ့အခါ အပြင်ပန်း ဂုဏ်ဒြပ်၊ ရာထူး၊ အသိုက်အဝန်း ဆိုတဲ့အရာတွေနဲ့ပဲ ကိုယ့်အတ္တကို အသက်ဆက်ထားကြရတာပါ။ အဲဒီတော့ မိမိထက် အခြေအနေနိမ့်ပါးသူနဲ့ တန်းတူ ဆက်ဆံခံရတဲ့အခါ ကိုယ်မနည်း တည်ဆောက်ထားရတဲ့ ပုံရိပ်ယောင်တွေ ပြိုလဲသွားမှာကို မသိစိတ်က အဆမတန် စိုးရိမ်ထိတ်လန့်ရာကနေ ဒီလို ခွဲခြားတဲ့ အပြုအမူတွေ ထွက်လာတာ ဖြစ်ပါတယ်။
.
၂။ အောက်ခြေရောက်သွားမှာကို ကြောက်သည့် စိတ်ဒဏ်ရာ
လူတွေရဲ့ သဘာဝမှာ အဆင့်မြင့်တဲ့ အစုအဖွဲ့ထဲမှာပဲ ရှိနေချင်ကြပြီး၊ အဆင့်နိမ့်တယ်လို့ သတ်မှတ်ထားတဲ့ အုပ်စုထဲ ပါသွားမှာကို အလိုလို ကြောက်ရွံ့တတ်ကြပါတယ်။ အထူးသဖြင့် ငယ်စဉ်က ခွဲခြားခဲ့ရဖူးတဲ့ စိတ်ဒဏ်ရာရှိသူတွေ သို့မဟုတ် ခက်ခဲတဲ့ အခြေအနေကနေ ရုန်းထွက်ခဲ့ရသူတွေမှာ ဒီစိတ်က ပိုပြင်းထန်တတ်ပါတယ်။ အောက်ခြေကို ပြန်မရောက်ချင်တဲ့ အကြောက်တရားက အောက်ခြေလူတန်းစားကို နှိမ်ချပြီး အကွာအဝေးတစ်ခု ခြားလိုက်တဲ့ အပြုအမူအဖြစ် ပြောင်းလဲသွားတာဖြစ်ပါတယ်။
.
၃။ မျက်စိမှိတ် အထင်ကြီးမိသည့် ပုံရိပ်ယောင်သက်ရောက်မှု
ကိုယ့်ထက် သာလွန်သူတွေ၊ ရာထူးမြင့်သူတွေရဲ့ စကားကိုမှ အထင်ကြီးတယ်၊ မျက်စိမှိတ် ယုံတတ်ကြတာကတော့ စိတ်၏ ပုံရိပ်ယောင် သက်ရောက်မှုတစ်ခု ကြောင့်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အခြေအနေ ဒါမှမဟုတ် ရာထူးတစ်ခုတည်းကို ကြည့်ပြီး ကျန်တဲ့ အရည်အချင်းနဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပါ အကုန်မှန်တယ်လို့ ထင်မိသွားတဲ့ စိတ်ရဲ့အလွဲတစ်ခု ဖြစ်ပါတယ်။
…
…
ဒီတော့ လူတန်းစား ခွဲခြားတာနဲ့ ဘဝင်စိတ် ဆိုတာတွေဟာ စေတနာမဲ့တာ၊ ယုတ်မာတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံမှုနဲ့ စိုးရိမ်စိတ် အလွန်အမင်း ကြီးမားနေခြင်းရဲ့ အမူအကျင့်တစ်ခု ဖြစ်နေတတ်တာကို စိတ်ကျန်းမာရေး အသိပညာပေးအနေနဲ့ မျှဝေပေးလိုက်ရပါတယ်ရှင်….။
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

