သက်ကြီးပိုင်း လူကြီးတွေရဲ့ ပိတ်မိနေတတ်တဲ့ စိတ်အခြေအနေများ
အသက်ကြီးလာတာနဲ့အမျှ ရုပ်ရောစိတ်ပါ အိုမင်းလာတတ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျွန်မတို့ လူငယ်တွေ သတိမထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ သက်ကြီးရွယ်အိုတွေရဲ့ စိတ်ထဲမှာ “ငါ့ကို ဘယ်သူမှ မလိုတော့ဘူး” ဆိုတဲ့ ခံစားချက်က ခိုအောင်းနေတတ်တယ်ဆိုတာပါ။
အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ မိဘဘိုးဘွားတွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းလာသလို စိတ်ပိုင်းဆိုင်ရာအရလည်း အထီးကျန်ဆန်မှုကို အဆိုးရွားဆုံး ခံစားရလေ့ရှိပါတယ်။
အလုပ်ရှုပ်နေတဲ့ လူငယ်တွေကြားမှာ သူတို့ဟာ “ငါ့ကို ဘယ်သူမှ မလိုတော့ဘူး၊ ငါဟာ အပိုလူပဲ” ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်ပါတယ်။
…
…
- အဓိက ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပိတ်မိခြင်း အခြေအနေ (၃) မျိုး
၁။ “ငါဟာ အသုံးမကျတော့ဘူး” ဆိုတဲ့ အတွေး
တစ်ချိန်က အိမ်ထောင်ဦးစီးအဖြစ် အလုပ်အကိုင်နဲ့ တက်ကြွခဲ့သူတွေဟာ အခုအခါ ဘာမှမလုပ်နိုင်တော့ဘဲ သူတစ်ပါးကို မှီခိုနေရတဲ့အခါ သူတို့ကိုယ်သူတို့ တန်ဖိုးမရှိတော့ဘူးလို့ ခံစားရပြီး အဲဒီစိတ်အခြေအနေမှာပဲ ပိတ်မိနေတတ်ပါတယ်။
.
၂။ “ငါ့ကို ဘယ်သူမှ မလိုတော့ဘူး” ဆိုတဲ့ အထီးကျန်စိတ်
သားသမီးတွေ၊ မြေးတွေက သူတို့အလုပ်နဲ့သူတို့ ရှုပ်နေကြတဲ့အခါ အိမ်ထဲမှာ တစ်ယောက်တည်း ကျန်ခဲ့သလို ခံစားရပြီး လူ့လောကကြီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားရတာမျိုးပါ။
.
၃။ အတိတ်ကို လွမ်းဆွတ်ပြီး ပစ္စုပ္ပန်ကို ငြင်းဆန်ခြင်း
“ငါ အရင်ကဆိုရင်…” ဆိုတဲ့ အတွေးမျိုးနဲ့ အတိတ်မှာပဲ စိတ်က နစ်မျောနေပြီး အခုလက်ရှိ အိုမင်းရင့်ရော်လာတဲ့ ဘဝအမှန်တရားကို လက်မခံနိုင်ဘဲ စိတ်ဆင်းရဲနေတတ်ကြပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ ပိတ်မိမှုတွေကြောင့်ပဲ သူတို့ဟာ စကားနည်းလာတာ၊ စိတ်ကောက်လွယ်လာတာ ဒါမှမဟုတ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ဓာတ်ကျလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုအချိန်မှာ သူတို့အတွက် ပေးနိုင်တဲ့ အကောင်းဆုံး စိတ်ခွန်အားကတော့ “ငါ့အနားမှာ နားထောင်ပေးမယ့်သူ ရှိသေးတယ်” ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်ခြင်းပါပဲ။
…
…
- အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်ပေးနိုင်တဲ့ စိတ်ခွန်အားပေး နည်းလမ်း (၅) ခု
ကုသမှုတွေ၊ စိတ်ကုထုံးပညာရှင်တွေလိုမျိုး အထူးတလည် ပညာရပ်တွေ မလိုဘဲ ကိုယ့်အိမ်မှာတင် မိသားစုထဲမှာတင် ရိုးရိုးရှင်းရှင်းလေးနဲ့ သူတို့ရဲ့ စိတ်အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ဓာတ်ပုံအဟောင်းလေးကို အတူတူ ထိုင်ကြည့်ပါ။
အယ်လ်ဘမ်အဟောင်းတွေ၊ ဖုန်းထဲက ပုံဟောင်းတွေကို သူတို့နဲ့အတူ ထိုင်ကြည့်ပါ။ “ဒီပုံက ဘယ်တုန်းကလဲ။ အဘွား ငယ်ငယ်က ဘယ်သူနဲ့ပိုတူတာပဲ” စသဖြင့် ပြောပေးရုံနဲ့တင် သူတို့ရဲ့ မျက်ဝန်းတွေမှာ အရောင်ပြန်ဝင်လာတာကို တွေ့ရပါလိမ့်မယ်။
.
၂။ ပစ္စည်းအဟောင်းတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးတွေကို ပြန်မေးတာမျိုး လုပ်ပါ။
အိမ်က အသုံးအဆောင်ဟောင်းတစ်ခု ဒါမှမဟုတ် သူတို့ မြတ်မြတ်နိုးနိုး သိမ်းထားတဲ့ ပစ္စည်းတစ်ခုခုကို ပြပြီး “ဒါလေးက ကြာလှပြီနော် နှစ်နဲ့တောင်ချီနေပြီ။ ဘယ်လိုရလာတာလဲ” လို့ မေးကြည့်ပါ။ ပစ္စည်းတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ဘဝမှတ်တမ်းတွေ အများကြီးရှိပါတယ်။
.
၃။ အရသာနဲ့ အနံ့တွေကို အသုံးချပါ။
သူတို့ ကြိုက်တတ်တဲ့ အစားအစာ၊ ငယ်ငယ်က စားခဲ့ရတဲ့ လက်ရာမျိုးကို လုပ်ကျွေးပါ။ အနံ့တစ်ခု၊ အရသာတစ်ခုက သူတို့ကို အတိတ်က ပျော်စရာနေ့ရက်တွေဆီ ပြန်ခေါ်သွားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
.
၄။ သူတို့ခေတ်က သီချင်းဟောင်းတွေကို ဖွင့်ပေးပါ။
သူတို့ ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေကို ဖွင့်ပေးပြီး အတူနားထောင်ပါ။ စိတ်ခံစားချက်တွေကို အမြန်ဆုံး လန်းဆန်းစေနိုင်တဲ့ အရာဟာ သီချင်းနဲ့တေးဂီတပါပဲ။
.
၅။ ရိုးရိုးသားသား စိတ်ပါဝင်စားစွာ နားထောင်ပေးပါ။
သူတို့ အတိတ်အကြောင်း ပြောနေရင် “ဒါတွေက အကြိမ်ကြိမ် ပြောနေကျပဲ” ဆိုပြီး မငြီးငွေ့ပါနဲ့။ သူတို့အတွက်တော့ ဒါဟာ အသက်ရှင်သန်ခြင်းရဲ့ တန်ဖိုးပါပဲ။ “ဟုတ်လား အဲဒါနဲ့ ဘာဆက်ဖြစ်တာလဲ” လို့ ကြားဖြတ်ပြီး စိတ်ဝင်တစား မေးပေးပါ။
…
…
- ဘာကြောင့် ဒီလိုမျိုး ဘေးကနေ ဂရုစိုက်ပေးသင့်တာလဲ။
သက်ကြီးရွယ်အိုတွေအတွက် သူတို့ရဲ့ အတိတ်အကြောင်းတွေ၊ အောင်မြင်မှုတွေကို ပြန်ပြောပြခွင့်ရတဲ့အခါ “ငါဟာ အသုံးမကျတော့တဲ့လူ မဟုတ်ပါလား။ ငါ့ဘဝမှာလည်း ဒီလို ဂုဏ်ယူစရာတွေ ရှိခဲ့တာပဲ” ဆိုပြီး မိမိကိုယ်ကို တန်ဖိုးရှိတယ်လို့ ပြန်ခံစားရပါတယ်။
ဒါဟာ သူတို့ စိတ်ထဲမှာ ပိတ်မိနေတဲ့ အထီးကျန်မှုနဲ့ အားငယ်မှုတွေကို ပြေလျော့သွားစေမယ့် အကောင်းဆုံးနည်းလမ်းပါပဲ။
.
ဆိုတော့…
ကိုယ့်ဘက်က အချိန်အများကြီး ပေးဖို့မလိုပါဘူး။ တစ်နေ့ကို ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက်ပဲဖြစ်ဖြစ် သူတို့ဘေးမှာ ထိုင်ပြီး “အရင်တုန်းက အကြောင်းလေး ပြောပြပါဦး” လို့ စကားစမြည် ပြောပေးရုံနဲ့တင် သူတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
သက်ကြီးရွယ်အိုတွေအတွက် အဖိုးတန်ဆုံး လက်ဆောင်ဆိုတာ အဖိုးတန်ပစ္စည်းတွေ မဟုတ်ဘဲ သူတို့ဘေးမှာ ထိုင်ပြီး စိတ်ပါလက်ပါ အဖော်ပြု နားထောင်ပေးတဲ့ အချိန်လေးပဲဆိုတာ ….. ဒါလေးကို သတိရပါနော်။ 🙏
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

