“ တီတီနှင့် ဒေါက်ပီ”

တစ်ခုသော ညနေခင်း၏ ကျေးလက်ဆေးခန်းလေးတွင် ဖြစ်သည်။

ဒေါက်ပီတစ်ယောက် လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ကြည့်နေရင်း အသက် ၂၀ ကျော်အမျိုးသမီးငယ်တစ်ဦး မွေးကင်းစ ကလေးငယ်ကိုချီပြီး ဆေးခန်းအဝတွင်ထိုင်ကာ အထဲသို့လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိသည်။ မျက်နှာတွင်လည်း ကလေးငယ်ကို စိုးရိမ်နေသည့် ပုံစံတွေ့ရ၏။

ဤသို့ဖြင့် သိပ်မကြာခင် ထိုကလေးချီထားသော အမျိုးသမီးငယ် အလှည့်ရောက်၍ ဆေးခန်းထဲ ဝင်လာတော့သည်။ ဘေးတွင်လည်း အသက် (၅၀) ဝန်းကျင် အမျိုးသမီးတစ်ဦးပါလာ၏။

ဒေါက်ပီ။ ကလေးက ဘာဖြစ်လို့လဲဗျာ။

အမျိုးသမီးငယ်။ ကလေး ကိုယ်တော်တော်ပူနေလို့ပါ ဆရာ။

ဒေါက်ပီ။ ဟုတ်လား… ဖြစ်တာ ဘယ်နှရက်ရှိပြီလဲဗျ။

အမျိုးသမီးငယ်။ ၃ ရက်လောက်ရှိပါပြီ ဆရာ။

ဒေါက်ပီ။ တခြားရော ဘာဖြစ်သေးလဲ။

အမျိုးသမီးငယ်။ တခြားတော့ ဘာမှမဖြစ်ပါဘူးဆရာ။

ဒေါက်ပီ။ ဟုတ်ပြီ… ဒါနဲ့ ကလေးအသက်က ဘယ်လောက်လဲ။

အမျိုးသမီးငယ်။ ၅ လပါ ဆရာ။

ဒေါက်ပီ။ ကလေးက နို့ရောစို့နိုင်ရဲ့လား။ တခြား ရေတွေအစာတွေ တိုက်ကျွေးထားသေးလား။

အမျိုးသမီးငယ်။ အစာတော့ မကျွေးကြည့်ဖူးဘူးဆရာ။

ဒေါက်ပီ။ နို့တိုက်တယ်မို့လား။ ကလေးက နို့စို့လား။

ဤတွင် အမျိုးသမီးငယ်က အတူပါလာသော အမျိုးသမီးကြီးကို လှမ်းမေးလိုက်သည်။

“ အမေရေ ကလေးနို့ဝင်လားတဲ့…”

အတူပါလာသော အမျိုးသမီးကြီး။ ကလေးက နို့တော့စို့ပါတယ် ဆရာ။

ဒေါက်ပီ။ ဟင်… ကလေးကို နို့ ကိုယ်တိုင်မတိုက်ဘူးလား။

အမျိုးသမီးငယ်။ ရှင်…. မတိုက်ဘူးပါဆရာ။

ဒေါက်ပီ။ (မျက်နှာထားတည်တည်ဖြင့်) ကလေး ၆ လထိ မိခင်နို့တိုက်ကျွေးဖို့လိုတယ်နော်။ မိခင်နို့ရည်ကို နေ့ရောညရော ကလေးဆာတဲ့အခါတိုင်း တိုက်သင့်ပါတယ်။ မိခင်နို့ရည်ကို ကလေးအသက် ၂ နှစ်အထိ တိုက်လို့ရတယ်။ နို့တိုက်ခါနီး နို့သီးခေါင်းသန့်ရှင်းဖို့လိုသလို ကလေးနို့ဆာတိုင်း ခဏခဏတိုက်ပေးဖို့လည်း လိုပါတယ်။ ဖြည့်စွက်စာနဲ့ ရေတွေကိုတော့ ကလေးအသက် ၆ လကျော်မှ တိုက်ကျွေးရပါမယ်။ မိခင်နို့လည်း ကိုယ်တိုင်သေချာတိုက်ကျွေးဖို့ လိုပါတယ်။ ဒါမှ ကလေးက ကျန်းမာမှာလေ။ ဆရာပြောတာနားလည်လား။ သေချာဂရုစိုက်ဖို့တော့ လိုမယ်ဗျ။

အမျိုးသမီးငယ်။ ဟုတ်…. ဟုတ်ကဲ့ပါ ဆရာ။

ထိုစဉ် အတူပါလာသော အမျိုးသမီးကြီးက

“ ဆရာ….ဆရာ… ကျွန်မ…”

ဒေါက်ပီ။ ကလေးအဘွား ထင်တယ်နော်။ အဘွားတို့လည်း အမေကို နို့သေချာတိုက်ဖို့ ပြောပေးဦးဗျနော့။

အမျိုးသမီးကြီး။ ဆရာရေ သူက ကလေးအမေ မဟုတ်ဘူး။ ကလေး အဒေါ်ပါ။ ကလေးအမေ မအားလို့ သူလာပြပေးတာပါ။ သူက ကလေးကိုနို့တိုက်ဖို့ နေနေသာသာ အိမ်ထောင်ကို မကျသေးတာပါ ဆရာ။

ဒေါက်ပီ။ ဗျာ…….…။ ကျွန်တော်က ကလေးအမေ ထင်သွားလို့ပါ… တောင်းပန်ပါတယ်ဗျ နော်။

ထိုနောက်ပိုင်း ဒေါက်ပီတစ်ယောက် ကလေးချီပြီး ဆေးခန်းလာပြတိုင်း ကလေးအမေလား၊ ကလေးအဒေါ်လား သေချာအောင် အရင်မေးဖြစ်ပါတော့တယ်။

ဦးဦးဒေါ်ဒေါ် FA တွေလည်း တူ၊ တူမလေးတွေကို ဆေးခန်းပြပေးရင် သေချာပြောပြီး ပြပေးကြပါဦးနော်…။

ဒေါက်ပီ (တယ်လီကျန်းမာ)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here