နွေရာသီဟာ ဆီးချိုရှိသူ၊ သွေးတိုးရှိသူ၊ နှလုံးရောဂါ၊ကျောက်ကပ်အားနည်းတာ စသဖြင့် နာတာရှည်အခံရောဂါရှိသူတွေအဖို့ သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။
ဒီတော့ အပူချိန်ကြောင့် ဘာတွေ အပြောင်းအလဲဖြစ်သွားတာလဲ၊ ဘာတွေဆင်ခြင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
🔺ဆီးချိုလူနာများ
သိတဲ့အတိုင်း အင်ဆူလင်လို အေးမြတဲ့အပူချိန် ၄° စင်တီဂရိတ်ခန့်မှာထားမှ ကြာရှည်ခံတဲ့ဆေးကို ထိုးနေရသူတွေအဖို့တော့ မီးပျက် ရာသီဥတုပူတာ ဒေ၀ဒတ်ပါပဲ။ မီးပျက်လည်း အေးမြအောင် အင်ဆူလင်ကို ရေခဲပုံးထဲ သိမ်းတာတို့၊ အအေးခံတဲ့ အိတ်သီးသန့်ထဲ သိမ်းတာတို့ လုပ်ပါ။
ဆေးထိုးရက်နဲ့ ဆီးချိုတွေမကျဘူး၊ အာနိသင်မရှိဘူးလို့ ခံစားရတယ်ဆိုရင် တကယ်ပဲ အာနိသင်ပြယ်တာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခါတိုင်းအကြည်က နောက်နေရင် ဓာတ်ပြယ်တာ ဖြစ်နိုင်ပါတယ်။
အင်ဆူလင်ဟာ အရေပြားအောက်က အဆီလေးထဲ ထိုးရတာပါ။ ရာသီဥတုပူလာရင် ချွေးထွက်အောင်ဆိုပြီး အရေပြားက သွေးကြောတွေ ကျယ်သွားပါတယ်။ ဒါဟာ သဘာ၀စီမံချက်ပါ။ အင်ဆူလင်ထိုးတဲ့အရေပြားတစ်၀ိုက်နားက သွေးကြောတွေဟာ ကျယ်နေလို့ အင်ဆူလင်စုပ်ယူမှုဟာ ပိုမြန်နိုင်ပါတယ်။ ဒီတော့ လိုတာထက် ဆီးချိုပိုကျတာ (hypo ရတာ) ဖြစ်နိုင်လို့ သတိပြုပါ။ Hypo ရလာရင် လုပ်ဆောင်ရမှာတွေကို လုပ်ပါ (သကြားစားတာမျိုးပေါ့)။ နောက် dose တွေအတွက် ဆရာ၀န်နဲ့ ပြန်တိုင်ပင်ပါ။
ရေဓာတ်ခန်းခြောက်တဲ့အတွက် သွေးတွင်းသကြားဓာတ်တွေက ပိုများသွားတတ်ပါတယ်။ ရေနည်းနည်းနဲ့ သကြားရည်ဟာ ပိုချိုတယ် မဟုတ်ပါလား။ ဒါကြောင့် ရေဓာတ်မခန်းခြောက်ရအောင် ဆင်ခြင်နေထိုင်မှ သွေးတွင်းအချိုဓာတ်ဟာ ငြိမ်ပါမယ်။
ဆီးဆေးတွေ၊ ဆီးသွားများတဲ့ဆေးတွေ သောက်နေရတတ်တော့ ခါတိုင်းထက်ကို ဆီးချိုလူနာဟာ ရေဓာတ်ခန်းခြောက်၊ ဆားဓာတ်မငြိမ် ဖြစ်နိုင်ပါတယ်။
ဆီးချိုဖြစ်လာရင် autonomic neuropathy လို့ခေါ်တဲ့ အာရုံကြောလေး ထိတာမျိုး ဖြစ်ကြပါတယ်။ ဒီတော့ ချွေးမထွက်တာဖြစ်နိုင်တော့ အပူကြီးခြင်း ဖြစ်နိုင်ပါတယ်။ အချို့မှာကျ ဒီအာရုံကြောထိတာက တစ်ခုခုစားလိုက်တာနဲ့ တံထွေးအစား ချွေးတွေပျံလာလို့ ရေဓာတ်ပိုဆုံးရှုံးနိုင်ပါတယ်။
ဆီးချိုနှင့်အတူ ကျောက်ကပ်ပါအားနည်းနေပြီဆိုရင် မိမိဟာ ရေဘယ်လောက်သောက်သင့်တယ်၊ ဘယ်ဆားဓာတ်တွေဟာ ဖြည့်တင်းသင့်တယ်၊ ဘယ်ဟာတွေဟာ သတိထားကန့်သတ်ရမယ် သေချာသိဖို့ မိမိဆရာ၀န်နဲ့တိုင်ပင်ပါ။
အပူချိန်များတာဟာ ဖိစီးမှုတစ်ခုလို သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုဟာ ပိုတက်နိုင်ပါတယ်။
ဓာတ်ဆားသောက်လို့ရလားဆိုရင် ရပါတယ်။ ဒါပေမယ့် အရသာပါတဲ့ ဓာတ်ဆားထက် မပါတဲ့ဓာတ်ဆားကို ရွေးချယ်ပါ။ အချိုရည်အရသာနဲ့ readymade ဓာတ်ဆားဘူးတွေ၊ ion drink တွေဟာ ဓာတ်ဆားအပြင် အချိုရည်ပါပါလို့ ပုံမှန် ဓာတ်ဆားမှာပါတဲ့ သကြားထက် ၂ ဆ၊ ၃ ဆ များပါတယ်။ ဒါကြောင့် readymade ဘူးတွေ၊ အရောင်ပါတာတွေဆို မသောက်သင့်ဘူးလို့ အလွယ်မှတ်လို့ရပါတယ်။ ဒါပေမယ့် တချို့ဘူးတွေကျ ဓာတ်ဆားအတိုင်းပဲ ပါတာမို့ သကြားဘယ်လောက်ပါလဲဆိုတာ ပါ၀င်မှုကို ကြည့်ပြီးမှ ရွေးချယ်သောက်သုံးပါ။
ရေဓာတ်၊ ဆားဓာတ်ခန်းခြောက်တာအတွက် ကျောက်ကပ်ကောင်းရင် အုန်းရည်လို သကြားမပါ၊ ပိုတက်စီယမ်ပါတဲ့ အရည်မျိုး သောက်နိုင်ပါတယ်။ နို့သောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ နောက် သကြားမပါဘဲ ဆားဓာတ်ပြန်ဖြည့်ပေးတဲ့ ရေဆူဆေးပြားလိုမျိုးလည်း သောက်နိုင်ပါတယ်။ အားရှိအောင် ကြက်စွတ်ပြုတ်သောက်တာမျိုး ဒါမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။
…
…
🔹သွေးတိုးလူနာတွေ
အပူဒဏ်ကိုအံတုဖို့ အရေပြားပေါ်က သွေးကြောတွေကျယ်သွားတာ အထက်မှာဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းကလီစာတွေက သွေးကို ယခင်ထက် လျော့နည်းပြီး ရပါတယ်။ နှလုံးလို အရေးကြီးတဲ့အရာလည်း အပါအ၀င်ပေါ့။ ဒါပေမယ့် သင့်နှလုံးဟာ သူသာသွေးအရနည်းတာ ဟိုးခြေဖျားလက်ဖျားတွေထိ သွေးရောက်အောင် မနားတမ်းညှစ်ပေးရရှာတယ်။ ဒီတော့ နှလုံးသားလေးဟာ ပင်ပန်းနွမ်းနယ်ရောပေါ့။ သာမန်လူမှာ ပြဿနာမရှိပေမယ့် နဂိုက နှလုံးသွေးကြာကျဥ်းတဲ့ လူနာတွေ၊ နှလုံးအဆို့ရှင် ပြဿနာရှိသူမျိုးတွေ စသဖြင့် နှလုံးရဲ့အလုပ်၀န်ပိတာကို လျှော့ချထားရမယ့် လူနာတွေမှာ heart attack ထရနိုင်ပါတယ်။ ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ ခေါင်းမူးတာ၊ ချွေးစေးပျံ၊ အော့အန်၊ ဘယ်ဖက်လက်တစ်ကြောလုံး ကိုက်တာမျိုးတွေဆို အထူးသတိထားပြီး ဆေးခန်းပြသင့်ပါတယ်။
သွေးတိုးကြောင့်ပေးထားတဲ့ ဆေးတွေက သွေးကြောကျယ်ဆေးတွေ များတယ်။ ဒီတော့ ချွေးထွက်များရင် ရေဓာတ်ပိုခန်းခြောက်လွယ်လို့ သွေးတိုးလူနာတွေမှာလည်း ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ဂရုပြုရပါမယ်။ မတော်လို့ သွေးကြောထဲမှာ ရေဓာတ်နည်းသွားရင် သွေးပျစ်လာပြီး သွေးကြာပိတ်တာ၊ လေဖြတ်တာဖြစ်နိုင်လို့ပါ။
…
…
🔸ကျောက်ကပ်အားနည်းသူများ
အထူးသဖြင့် ကျောက်ကပ်အဆင့် ၃ (ဘီ) နဲ့အထက် ကျောက်ကပ်ဆေးနေရသူတွေမှာ ရေကို လိုသလောက်မသောက်ဖို့ ကန့်သတ်ထားပါတယ်။ တချို့ဆို ဆီးကိုမထွက်ကြတော့တဲ့ လူနာတွေကိုး။ ဒီတော့ နွေရာသီမှာ ချွေးဘယ်လောက်ထွက်ရင် ဘယ်လို ရေထပ်တိိုးသောက်လို့ရတာကို မိမိရဲ့ ကျောက်ကပ်အထူးကုနဲ့ဖြစ်ဖြစ် သေချာတိုင်ပင်စေလိုပါတယ်။
…
…
ရာသီဥတုပူလာတော့ ကိုယ်လက်လှုပ်ရှား သိပ်မလုပ်ဖြစ်တော့တာအတွက် နေမပူသေးတဲ့အချိန်တွေ ၀ေလီ၀ေလင်းချိန်တို့၊ နေ၀င်ပြီးချိန်တို့မှာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လို့ရပါတယ်။ အပြင်မှာ မလုံခြုံလည်း မိမိအိမ်တွင်းမှာပဲ လုပ်လို့ရသလောက်လေး လှုပ်ရှားမှုလုပ်သင့်ပါတယ်။
စာဖတ်သူတို့ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာဖြင့် အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ….။
အာဟာရဆရာဝန်တစ်ဦး

