မီနူး

Stuffy running nose (နှာစေးနှာပိတ်ခြင်း)(December, 2022)

နှာစေးနှာပိတ်ခြင်း (Stuffy running nose)

ဘာကြောင့် နှာစေးနှာပိတ် ဖြစ်ရတာလဲ ?

သင့်ရဲ့ နှာခေါင်းကို mucosa လို့ခေါ်တဲ့ နူးညံ့တဲ့တစ်သျူးလေးနဲ့ ဖုံးအုပ်ထားပါတယ်။ Mucosaက နှာခေါင်းကို ကာကွယ်ပေးဖို့ အကျိအချွဲ (mucus)တွေ ထုတ်ပေးပါတယ်။ Mucosa ရောင်ရမ်းပြီး ဖောင်းပွလာတဲ့အခါ နှာခေါင်းပိတ်သွားပြီး အကျိအချွဲတွေ အများကြီးထွက်လာပါတယ်။

အဓိကကတော့ ဗိုင်းရပ်စ်တွေကြောင့် အများဆုံး ​ရောင်ရမ်းတတ်ပါတယ်။ ဖုန်မှုန့်တွေ၊ ဓာတ်မတည့်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့်လည်းဖြစ်နိုင်ပြီး စိမ်းဝါရောင် ချွဲသလိပ်တွေထွက်ကာ တစ်ခါတစ်ရံမှာ နာကျင်စေနိုင်ပါတယ်။

နှာစေးနှာပိတ်ဖြစ်စေတဲ့အကြောင်းတွေကတော့

– အအေးမိတာ (common cold)

– တုပ်ကွေး (flu)

– ဦးခေါင်းခွံအတွင်းက လေလမ်းကြောင်းတွေ ရောင်တာ (sinus infection)

– hay fever နဲ့ တခြား ဓာတ်မတည့်မှုအမျိုးမျိုး

– နှာခေါင်းဖျန်းဆေးတွေနဲ့ ဆေးရည်တွေကို ညွှန်ကြားချက်မရှိဘဲ အလွန်အကျွံသုံးတာ
( ၃ ရက်ထက် ပိုသုံးရင် နှာခေါင်းပိတ်တာကို ပိုဆိုးစေပါတယ် )

–ရောင်ရမ်းနေတဲ့နှာခေါင်း (သို့မဟုတ်) sinus တစ်သျူးတွေ တွဲကျလာတာ( nasal polyp)…စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
..

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အကျိအချွဲတွေ အများကြီးထွက်တာ (နှာစေးတာ)နဲ့ နှာခေါင်းပိတ်ပြီး ပါးစပ်နဲ့အသက်ရှူရတာတွေ အများဆုံး ဖြစ်တတ်ပါတယ်။
..

နောက်ဆက်တွဲပြသနာတွေအနေနဲ့

– နှာခေါင်းသွေးလျှံတာ (nose bleeding)

– နားကိုက်တာ (ear pain)

– ထိပ်ကပ်နာ (sinusitis) တွေ ဖြစ်နိုင်ပါတယ်။
..
..

နှာစေးနှာပိတ်တာအတွက် ဘာတွေလုပ်လို့ရလဲ ?

• Blowing the nose (နှပ်ညှစ်ခြင်း)

အကျိအချွဲတွေကို သန့်ရှင်းတဲ့လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်ခါသုံးတစ်သျူးတွေထဲ ညှစ်ထုတ်ပါ။

နှာခေါင်းပေါက်တစ်ဘက်ကို​ ဘေးကနေ ဖြည်းညှင်းစွာ ဖိပိတ်ပြီးမှ ကျန်တစ်ဘက်ကို ရှင်းပါ။ ဤနည်းအတိုင်း နောက်တစ်ဘက်ကိုလည်း ရှင်းပါ။

တွေ့ရများတဲ့ အမှားတစ်ခုကတော့ နှာခေါင်းပေါက်နှစ်ဘက်လုံးကို ပိတ်လုနီးပါးအထိဖိပြီး ညှစ်ထုတ်ကြတာ ဖြစ်ပါတယ်။ ဒါဟာ လေ နဲ့ အကျိအချွဲတွေကို အတွင်းဘက်ကို တွန်းပို့သလိုဖြစ်ပြီး နားနဲ့ဆိုင်တဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
..

• Steam inhalation (ရေနွေးငွေ့ ရှူခြင်း)

ရေနွေးငွေ့ ရှူခြင်းဟာ နှာခေါင်းနဲ့ sinusတွေကို ရှင်းပေတဲ့ ရိုးရှင်းပြီးအလွန်ထိရောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ရေနွေးထဲမှာ ထည့်ဖျော်လို့ရတဲ့ ဖော်စပ်မှုတွေလည်း အများကြီးရှိပါတယ်။
(Friar’s balsam၊ Vicks VapoRub နဲ့ တခြား menthol ပစ္စည်းတွေ)

အဝကျယ်ဖန်ပုလင်း (သို့မဟုတ်) ထည့်စရာခွက်တစ်ခုခုထဲ ပူနွေးပြီးအငွေ့ထနေတဲ့ (ဆူပွတ်ပြီး ၁၀ မိနစ်လောက်ရှိတဲ့ရေ) 500ml ကို ထည့်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရှူဆေးကို ထည့်ပါ။

ပေပါစက္ကူကို ကတော့ပုံစုံလုပ်ပြီး ရေနွေးငွေ့ကို နှာခေါင်းကနေ ​ဖြည်းဖြည်းနဲ့ နက်နက် ရှူသွင်းပါ။ ပါးစပ်ကနေ ​ဖြည်းဖြည်းချင်း ရှူထုတ်ပါ။

ဒါကို ၅ မိနစ်မှ ၁၀ မိနစ်အထိ တနေ့ ၃ ကြိမ် လုပ်ပါ။ ( အိပ်ယာမဝင်ခင် အချိန်ဟာ အရေးကြီးဆုံးဖြစ်ပြီး တစ်ကြိမ်တော့လုပ်သင့်ပါတယ် )

ရေနွေးငွေ့ရှူပြီးရင် blowing the nose (နှာညှစ်ထုတ်ခြင်း) ကို အထက်မှာဖော်ပြထားတဲ့အတိုင်း လုပ်သင့်ပါတယ်။

ကလေးတွေဟာ ရေပူလောင်တတ်လို့ ရေနွေးငွေ့ရှူတာကို ကလေးတွေမှာ ရှောင်ရှားသင့်ပါတယ်။
..

• Nasal Wash (နှာခေါင်းဆေးခြင်း)

Nasal wash က နှာခေါင်းထဲက အကျိအချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Saline spray ကို ဆေးဆိုင်တွေမှာ ရနိုင်သလို ကိုယ်တိုင်လုပ်လို့လည်း ရပါတယ်။

Saline spray လုပ်ဖို့ ရေနွေးတစ်ခွက် (240ml)၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက် နဲ့ baking soda နည်းနည်းထည့်ပြီးလည်း သုံးလို့ရပါတယ်။

နှာခေါင်းပေါက်တစ်ဘက်ထဲကို 20cc ဆေးထိုးပြွန်နဲ့ Saline ဆေးရည်တွေ ထိုးထည့်လိုက်ရင် ကျန်တစ်ဘက်ကနေ သူ့အလိုလိုပြန်ထွက်လာပါလိမ့်မယ်။ တစ်ဘက်ကို 20cc ဆေးထိုးပြွန်ဖြင့် ၅ကြိမ်စီ ပြုလုပ်ရမှာပါ

Saline nasal spray ကို တစ်နေ့ ၃ကြိမ်မှ ၄ ကြိမ်အထိ ညင်သာစွာလုပ်လို့ရပါတယ်။
..

• လှဲအိပ်တဲ့အခါမှာ နှာခေါင်းပိတ်တာ ပိုဆိုးတတ်လို့ မတ်မတ်နေတာဟာလည်း နှာစီးနှာပိတ်တာကို အနည်းနဲ့အများ သက်သာလျော့ပါးစေပါတယ်။
(လှဲအိပ်တဲ့အခါ အနည်းဆုံး ခေါင်းမော့ထားပါ)
..

• Medicine (ဆေးဝါး)

(၁) Nasal decongestants

Over the counter (ဆရာဝန် ညွှန်ကြားချက်မလိုဘဲ မိမိဖာသာဝယ်ယူနိုင်သောဆေး)တွေက သက်သာစေနိုင်ပေမယ့် ဂရုတစိုက်အသုံးပြုဖို့တော့ လိုပါတယ်။

ဒီလို ဖျန်းဆေး၊ ဆေးရည်တွေက ရောင်ရမ်းနေတဲ့ mucosa ကို ကျုံ့ပြီးခြောက်သွေ့စေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ တုန့်ပြန်မှုလွန်ကဲပြီး ပြဿနာကို ပိုဆိုးစေတာမျိုးလည်း ရှိပါတယ်။

အချိန်တို (၂ ရက်၊ ၃ ရက်လောက်)သာ အသုံးပြုသင့်ပြီး ဆေးဘူးမှာညွှန်ကြားထားတဲ့ အများဆုံးပမာဏထက် ဘယ်သောအခါမှ ပိုမသုံးသင့်ပါ။

ရိုးရှင်းတဲ့ menthol ပါပြီး အေးမြစေတဲ့ ငုံဆေး (lollies)တွေကလည်း ထိရောက်မှု ရှိပါတယ်။

(၂) Antihistamine

Antihistamine တွေက ဓာတ်မတည့်တဲ့ရောဂါလက္ခဏာတွေကို ကုသဖို့သုံးပါတယ်။ တချို့ antihistamine တွေက အိပ်ငိုက်စေတတ်လို့ ဂရုတစိုက် အသုံးပြုသင့်ပါတယ်။
..

ဘယ်အခြေအနေတွေမှာ ဆရာဝန်နဲ့ ပြသင့်လဲ?

သာမန်အားဖြင့် နှာခေါင်းပိတ်တာဟာ တစ်ပတ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားတတ်ပါတယ်။

– နှာခေါင်းပိတ်တာနဲ့အတူ နဖူး၊ မျက်လုံး၊ နှာခေါင်းရဲ့ဘေးတွေ (သို့မဟုတ်) ပါးတွေ ဖောင်းလာတဲ့အခါ

– အမြင်ဝါးလာတဲ့အခါ

– လည်ချောင်းနာပြီး အာသီးနဲ့ တခြားလည်ချောင်းနေရာတွေမှာ အဝါရောင် (သို့မဟုတ်) အဖြူရောင် အစက်တွေ ပေါ် လာတဲ့အခါ

– အကျိအချွဲတွေကအနံ့ဆိုးပြီး နှာခေါင်းတစ်ဘက်ထဲမှ ထွက်တဲ့အခါ (သို့မဟုတ်) အဝါရောင်နဲ့ အဖြူရောင် မဟုတ်ဘဲ တခြားအရောင်တွေ ဖြစ်နေတဲ့အခါ

– ၁၀ ရက်ကျော် ချောင်းဆိုးပြီး စိမ်းဝါရောင် (သို့မဟုတ်) မီးခိုးရောင်သလိပ်တွေ ထွက်တဲ့အခါ

– ဦးခေါင်းဒဏ်ရာရပြီးမှ နှာစေးလာတာမျိုး ဖြစ်တဲ့အခါ

– ရောဂါလက္ခဏာတွေက ၃ ပတ်ကျော်အထိ ရှိနေတဲ့အခါ

– နှာစေးပြီး ဖျားလာတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
..

စမ်းသပ်မှုများ

ဆရာဝန်မှ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းကို စမ်းသပ်ကြည့်ပါလိမ့်မယ်။

တခြားစစ်ဆေးမှုတွေအနေနဲ့ကတော့

– Allergy skin test (ဓာတ်မတည့်မှုကို ရှာဖွေခြင်း)

– Blood test (သွေးစစ်ခြင်း)

– Sputum culture and throat culture (သလိပ်စစ်ဆေးခြင်း)

– X-ray of the sinuses (ဦးခေါင်းဓာတ်မှန်)

– Chest X-ray (ရင်ဘတ် ဓာတ်မှန်)…စတာတွေစစ်ဆေးဖို့ လိုကောင်းလိုနိုင်ပါလိမ့်မယ်။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.308

https://www.mountsinai.org/…/stuffy-or-runny-nose-adult

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#rhinitis#နှာစေး#နှာပိတ်

Ministry of Health,

National Unity Government.

Published on: 24 December 2022
Last Updated: 24 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)

အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန်...

အယူအဆအလွဲ (၁၅)

အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို...

အယူအဆအလွဲ (၁၄)

အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis)...

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ

လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊...