မီနူး

သားအိမ်အနေအထား နောက်သို့လန်နေခြင်း “ Retroverted Uterus (April 2023)”

“ သားအိမ်အနေအထား နောက်သို့လန်နေခြင်း (Retroverted Uterus)”

Retroverted uterus ဆိုတာ သားအိမ်က ပုံမှန်ရှိသင့်တဲ့အနေအထားအတိုင်း သားအိမ်အဝ (cervix) နားမှာ အရှေ့ဘက်ကို ကွေးနေတာမျိုးမဟုတ်ဘဲ၊ အနောက်ဘက်ကို ပြန်ကွေးနေတာမျိုး ဖြစ်ပါတယ်။

Retroverted uterus လိုပဲ သားအိမ်က အရှေ့ဘက်ကို ပုံမှန်ထက် ပိုကွေးနေတဲ့ Anteverted uterus ဆိုတာလည်း ရှိပါတယ်။ ဒီိနှစ်မျိုးလုံးဟာ “ tilted uterus (စောင်းနေတဲ့သားအိမ်)” ဆိုတဲ့ အမျိုးအစားထဲ ပါပါတယ်။

.

▫️ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ?

Retroverted uterus ရှိတဲ့ တချို့အမျိုးသမီးတွေမှာ ဘာလက္ခဏာမှ မခံစားရတတ်ပါဘူး။

ဒါပေမယ့် တစ်ခါတလေမှာတော့…

* လိင်ဆက်ဆံချိန်မှာ မိန်းမကိုယ်နဲ့ ခါးအောက်ပိုင်းမှာ နာကျင်တာ

* ဓမ္မတာလာချိန် နာကျင်ကိုက်ခဲတာ

* အမျိုးသမီးလစဉ်သုံးပစ္စည်း tampon အလွယ်တကူထည့်မရတာ

* မကြာခဏ ဆီးသွားတာ၊ ဆီးအိမ်တင်းနေသလို ခံစားရတာ

* ဆီးလမ်းကြောင်း ပိုးဝင်တာ

* ဆီးမထိန်းနိုင်တာ

* ဝမ်းဗိုက်အောက်ပိုင်း ပူနေ၊ စူနေတတ်တာ….. စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

..

..

▫️ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ ?

မွေးရာပါလည်းဖြစ်နိုင်သလို အရွယ်ရောက်လာတဲ့အခါမှ ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။

တကယ်တော့ အမျိုးသမီးတွေရဲ့ လေးပုံတစ်ပုံမှာ retroverted uterus ဆိုတာ ဖြစ်နိုင်ပါတယ်။

အဓိကကတော့ မျိုးရိုးလိုက်တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် အောက်ပါရောဂါအခံ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

** Endometriosis (သားအိမ်နံရံအတွင်းရှိ နံရံဆဲလ်များ ပွားနေခြင်း)

သားအိမ်နံရံအမြှေးပါး အမာရွတ်တစ်သျှူးတွေက သားအိမ်ကို အနောက်ဘက်ကိုရောက်အောင် ဆွဲဆန့်ထားသလိုဖြစ်တာကြောင့် Retroverted အနေအထားဖြစ်ရပါတယ်။

.

** Fibroids (သားအိမ်နံရံတွင် အသားလုံးအကျိတ်များ ဖြစ်ပေါ်ခြင်း)

သားအိမ်အလုံးတွေက သားအိမ်အနေအထား ပုံပျက်တာနဲ့ နောက်ဘက်သို့ စောင်းတာမျိုးကို ဖြစ်စေပါတယ်။

.

** Pelvic inflammatory disease or PID (တင်ပဆုံတွင်း ရောင်ရမ်းရောဂါ)

PID ကို မကုသဘဲထားတဲ့အခါ အနာရွတ်တွေဖြစ်လာပြီး endometriosis မှာလိုမျိုး သားအိမ်ကို နောက်ဘက်သို့ဆွဲထားသလို ဖြစ်စေပါတယ်။

.

** တင်ပဆုံခွဲစိတ်ကုသမှု ခံယူဖူးခြင်း

ခွဲစိတ်ဒဏ်ရာကြောင့် အမာရွတ် (scar tissue) တွေဖြစ်လာပြီး သားအိမ်ကို နောက်ဘက်သို့ကွေးလာအောင် ဆွဲထားသလိုဖြစ်စေပါတယ်။

.

** ကိုယ်ဝန်ဆောင်ဖူးခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ကို သူ့နေရာတကျဖြစ်အောင် ထိန်းပေးထားတဲ့ ကြွက်သားနဲ့အရွတ်တွေ အားပျော့ပြီး သေချာမထိန်းထားပေးနိုင်တော့တာကြောင့်ဖြစ်ပါတယ်။

..

..

▫️Retroverted uterus ဖြစ်နေရင် ကလေးမရနိုင်ဘူးလား ?

Retroverted uterus ဖြစ်နေခြင်း တစ်မျိုးတည်းကြောင့်တော့ အမျိုးသမီးတွေရဲ့ ကလေးရနိုင်ခြေအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။

ကိုယ်က Retroverted uterus အပြင် Endometriosis, PID, Fibroids စတဲ့ရောဂါတွေပါ ရှိနေရင်တော့ ကလေးရနိုင်စွမ်းကို အနည်းငယ်သက်ရောက်မှုရှိစေနိုင်ပါတယ်။

ဒီရောဂါတွေဟာလည်း ကုသပြီးပျောက်ကင်းနိုင်တာမို့ စိုးရိမ်စရာမရှိပါဘူး။

???? လိုအပ်လာရင်တော့ ကလေးမရနိုင်ခြင်းအတွက် ကုသမှုတွေဖြစ်တဲ့ သားအိမ်တွင်းသို့ သုတ်ပိုးထည့်ပြီး မျိုးအောင်စေတဲ့နည်း (intrauterine insemination) နဲ့ သားအိမ်ပြင်ပမျိုးပွားခြင်း (in vitro fertilization) စတာတွေ ပြုလုပ်နိုင်ပါတယ်။

..

..

▫️Retroverted uterus က ကိုယ်ဝန်ရှိနေရင်ရော ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ ?

Retroverted uterus ဖြစ်တာဟာ ကိုယ်ဝန်ဆောင်တဲ့အပေါ်မှာလည်း ပုံမှန်အားဖြင့် သက်ရောက်မှုမရှိပါဘူး။

ကိုယ်ဝန်ပထမ (၃) လအတွင်းမှာတော့ ဆီးအိမ်ပေါ်ဖိအားက ပိုများနေနိုင်တာကြောင့် ဆီးမထိန်းနိုင်တာနဲ့ ဆီးသွားဖို့ခက်ခဲတာမျိုးတွေ ကြုံနိုင်ပါတယ်။

အချို့တွေမှာတော့ ခါးနာတာမျိုးတွေ ကြုံနိုင်ပါတယ်။

Retroverted uterus အမျိုးအစားကို တစ်ခါတစ်ရံ သားအိမ်အရွယ်အစား နည်းနည်းကြီးမားလာမှသာ ultrasound မှာ မြင်ရတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ပထမ (၃) လအတွင်းမှာ အခြေအနေကိုသိရဖို့ transvaginal ultrasound ကို သုံးရတတ်ပါတယ်။

ကိုယ်ဝန်ပထမ (၃) လကျော်လာတဲ့အခါ သန္ဓေသားကြီးထွားလာတာနဲ့အမျှ သားအိမ်လည်းကြီးလာပြီး သားအိမ်ကလည်း နောက်ဘက်ကို ဆက်မကွေးတော့ပါဘူး။

တစ်ခါတလေ သားအိမ်ကို ဆွဲထားတာများတဲ့အခါ ကိုယ်ဝန်ရင့်လာပေမယ့် Retroverted ပုံစံအတိုင်း ဆက်ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲ့လိုခါမျိုးမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေများပါတယ်။ ဒီလိုဖြစ်တာမျိုးကို incarcerated uterus လို့ခေါ်ပါတယ်။ အဖြစ်နည်းပြီး စောစောသိရရင် ကုသလို့ရနိုင်ပါတယ်။

???? သင်ဟာကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝဆီးမသွားနိုင်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ ဆီးမထိန်းနိုင်တာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

..

..

▫️လိင်ဆက်ဆံတဲ့အခါရော ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ ?

Retroverted uterus ဖြစ်ခြင်းဟာ လိင်စိတ်ခံစားမှုပေါ်ကိုတော့ သက်ရောက်မှုမရှိပါဘူး။

သားအိမ်က ပုံမှန်အနေအထားမဟုတ်တာကြောင့် လိင်ဆက်ဆံတဲ့အခါမျိုးမှာ နာကျင်တာမျိုးတော့ ရှိတတ်ပါတယ်။

အချို့သော လိင်ဆက်ဆံမှု ပုံစံအနေအထားတွေမှာ နာကျင်မှုကို ပိုခံစားရတတ်ပြီး၊ ပုံစံအနေအထားပြောင်းကြည့်ရင် နာကျင်တာ သက်သာသွားတတ်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတဲ့အခါမျိုးမှာတော့ မိန်းမကိုယ်တွင်း ဒဏ်ရာဖြစ်တတ်တာမျိုးဟာ ပုံမှန်သားအိမ်အနေအထားရှိသူတွေထက် ပိုဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

..

..

▫️ဘယ်လိုစစ်ဆေးကုသမှုတွေ လုပ်ကြမလဲ ?

ဆရာဝန်နဲ့ ပုံမှန်စမ်းသပ်ကုသမှုခံယူရင်း သိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပထမဆုံးကိုယ်ဝန်ရှိလာမှ ultrasound ရိုက်ရင်း သိတာမျိုးလည်း ရှိနိုင်ပါတယ်။ ထူးထူးခြားခြားခံစားရတဲ့ ရောဂါလက္ခဏာမရှိရင် ကုသမှုခံယူစရာ မလိုပါဘူး။

ရောဂါလက္ခဏာတွေကိုသက်သာစေနိုင်တဲ့ ကုသနည်းတွေကတော့ …

(၁) လေ့ကျင့်ခန်းပြုလုပ်ခြင်း

တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီး သားအိမ်ကို ပုံမှန်အနေအထားရောက်အောင် လက်ဖြင့်လည့်တာမျိုးနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတတ်ပါတယ်။

ဒီလိုအခါမျိုးမှာတော့ သားအိမ်ကိုထိန်းထားတဲ့ တစ်သျှူးတွေ၊ အမျှင်တွေ အားကောင်းလာစေတဲ့ Kegels exercise လို လေ့ကျင့်ခန်းတွေ ဆက်လုပ်ရပါမယ်။

.

(၂) သားအိမ်ကို ပြင်ပမှထိန်းပေးသော ကွင်းများသုံးခြင်း (Pessary device)

ဆီလီကွန် (ဒါမှမဟုတ်) ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ သားအိမ်ထိန်းကွင်းတွေသုံးပြီး သားအိမ်ကို ရှေ့ဘက်ကိုမတ်အောင် ထိန်းထားနိုင်ပါတယ်။ ကြာရှည်သုံးတဲ့အခါ ပိုးဝင်နိုင်ခြေတော့ များပါတယ်။

.

(၃) ခွဲစိတ်ကုသခြင်း

Uterine suspension procedure နဲ့ Uplift procedure စတဲ့ ခွဲစိတ်ကုသနည်းတွေက နာကျင်ခံစားရတာတွေကို သက်သာစေပါတယ်။

..

..

*** Retroverted uterus ဖြစ်နေခြင်းကြောင့် မျိုးပွားနိုင်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းကို သက်ရောက်မှု ရှိ/မရှိ ဆိုတာကတော့ အခြားအကြောင်းအရာတွေပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ​ရေးသားရင်း နိဂုံးချုပ်အပ်ပါတယ် ***

Reference : ????

https://www.healthline.com/…/womens-health/tilted-uterus

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#retroverted_uterus

Ministry of Health,

National Unity Government.

Published on: 12 April 2023

Last updated: 12 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️

ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...