မီနူး

အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ “ Nyctophobia” (April 2023)

“အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ (Nyctophobia)”

လူတွေဟာ အတော်များများကို ကြောက်တတ်ကြပါတယ်။ အချို့ကြောက်စိတ်တွေက ကျိုးကြောင်းလက်ခံနိုင်လောက်တာတွေဆိုပေမယ့် အချို့ဟာတွေကတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ခုကို မထိန်းချုပ်နိုင်လောက်အောင် ကြောက်တာမျိုးကို Phobia လို့ခေါ်ပါတယ်။

အဲ့ထဲမှာမှ အဖြစ်များတာကတော့ အမှောင်ကိုကြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အမှောင်ကိုကြောက်ခြင်းက သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အချို့က အမှောင်ထဲမှာ ကိုယ့်အနီးအနားမှာ ဘာရှိနေလဲဆိုတာ မမြင်ရတာ၊ ဘာအန္တရာယ်တွေရှိနေနိုင်လဲဆိုတာ မမြင်ရတာကြောင့် အမှောင်ကိုကြောက်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်အမှောင်ကို အလွန်အမင်းကြောက်လန့်တာကိုတော့ Nyctophobia လို့ခေါ်ပါတယ်။ နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အထိ အမှောင်ကိုကြောက်ရွံ့ကြခြင်း ဖြစ်ပါတယ်။

..

..

▪️ Nyctophobia က ဘာကြောင့်ဖြစ်လာတာလဲ ?

အမှောင်ကိုကြောက်ရွံ့ခြင်းဟာ ဆင့်ကဲဖြစ်စဉ်ဖြစ်တယ်လို့ ပညာရှင်အချို့က ယုံကြည်ကြပါတယ်။ ဒီလိုအမှောင်ကြောက်တာဟာ ဘိုးဘေးဘီဘင်တွေကနေတစ်ဆင့် မျိုးရိုးဆက်ခံလာတာမျိုး ဖြစ်နိုင်သလို ကိုယ်ရေးကိုယ်တာအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အမှောင်ကိုကြောက်တတ်တဲ့သူတစ်ယောက်ကို မြင်တွေ့ဖူးတဲ့ ကလေးငယ်တွေဟာလည်း သူတို့ကိုယ်တိုင် အမှောင်ကို ကြောက်သွားတတ်ပါတယ်။ စိတ်ထိခိုက်စရာအဖြစ်အပျက်တွေကလည်း ကြောက်စိတ် phobia ကို ဖြစ်စေနိုင်ပါတယ်။

..

..

▪️ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ?

အခြား phobia တွေလိုပဲ တစ်ယောက်နဲ့တစ်ယောက်ခံစားရတာတွေတော့ ကွာခြားနိုင်ပါတယ်။ အမှောင်ကြောက်သူအများစုဟာ အမှောင်ထဲရောက်နေတဲ့အခါမှာ ပိုပြီးစိုးရိမ်ပူပန်စိတ်တွေ များလာတတ်ပါတယ်။

အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့ ..

* လက်ဖဝါးများချွေးထွက်ခြင်း

* မူးဝေခြင်း

* အသက်ရှူမြန်လာခြင်းနဲ့

* နှလုံးခုန်မြန်လာခြင်းတို့ ဖြစ်ပါတယ်။

အချို့သူတွေမှာတော့ မအီမသာဖြစ်ခြင်းနဲ့ ရုတ်တရက် ပူခြင်း၊ အေးခြင်းတွေ ဖြစ်တတ်ပါတယ်။

အကြောက်တအားလွန်သူများကတော့ ညဘက်တွေအပြင်သွားဖို့နဲ့ အမှောင်ထဲသွားဖို့ကိုပါ ရှောင်တတ်ကြပါတယ်။ ညဘက်အိပ်တဲ့အခါမှာလည်း မီးဖွင့်ပြီးအိပ်စက်ရပါတယ်။

အခြားသောလက္ခဏာတွေကတော့ အားမရှိခြင်း၊ ရူးကြောင်ကြောင်ဖြစ်ခြင်းနဲ့ လွန်စွာကြောက်လန့်ခြင်းတို့ ဖြစ်ပါတယ်။ အချို့သူတွေက မှောင်နေတဲ့အခန်းထဲမဝင်ခင် အလွန်အမင်းစိတ်လှုပ်ရှားမှုတွေ ဖြစ်တတ်ပါတယ်။

..

..

▪️ ဘယ်လိုကုသနည်းတွေနဲ့ ကုသကြမလဲ ?

1️⃣ အပြုအမူဆိုင်ရာကုထုံး (Cognitive Behavioural Therapy) — အမှောင်ကြောက်ရောဂါကို ကုသဖို့က ခက်ခဲပါတယ်။ ဒါအတွက် သီးသန့်ဆေးတွေလည်း မရှိပါဘူး။ အချို့သောစိတ်ကုထုံးတွေကတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ အပြုအမူဆိုင်ရာကုထုံးကတော့ အကြောက်လွန်ရောဂါရှိသူတွေအတွက် အတော်အကျိုးကျေးဇူးများတယ်လို့ ဆိုပါတယ်။

ကုထုံးခံယူနေချိန်မှာ လူနာက သူတို့ကြောက်စိတ်တွေကိုပြောပြရာက ကြောက်စိတ်ဖြစ်ပေါ်ရတဲ့အရင်းအမြစ်ကို နားလည်လာတဲ့အခါ ကြောက်စိတ်နဲ့ စိတ်လှုပ်ရှားမှုကို လျှော့ချဖို့နည်းလမ်းတွေ သိလာနိုင်ပါတယ်။

တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ကုထုံးအပါအဝင် CBT ကုထုံးများစွာရှိပါတယ်။ အခြားနည်းလမ်းကတော့ Dialectical Behavioral Therapy ဖြစ်ပါတယ်။ ဒီကုထုံးက လူနာတွေရဲ့ယုတ္တိမတန်တဲ့ယုံကြည်မှုတွေကို ခွဲခြားစိစစ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်များဆီသို့ ဦးတည်စေနိုင်ပါတယ်။

.

2️⃣တရားမှတ်စိတ်ကုထုံး (Mindfulness therapy) — ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ကိုတည်ငြိမ်စေနိုင်အောင်ကူညီပေးတဲ့ ကုထုံးပဲဖြစ်ပါတယ်။ အသက်ရှူနည်းစနစ်တွေ၊ တရားထိုင်ခြင်း စတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။ တရားထိုင်ခြင်းက ကြောက်ရွံ့မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ယောဂကျင့်ခြင်းဟာလည်း စိတ်ဖိစီးစေတဲ့အတွေးတွေကို ပျောက်သွားစေပါတယ်။

.

3️⃣အမှောင်နဲ့ တိုက်ရိုက်ထိတွေ့မှု ပြုလုပ်ပေးသောကုထုံး (Exposure therapy) — လူနာကို ဘေးကင်းမှုရှိတဲ့ ပတ်ဝန်းကျင်မှာနေစေပြီး သူတို့ရဲ့ကြောက်စိတ်တွေဖြစ်ပေါ်စေတဲ့ အမှောင်နဲ့ထိတွေ့စေတာမျိုး ဖြစ်ပါတယ်။ မှောင်နေတဲ့နေရာဖြစ်ပေမယ့် လူနာကို ဘာအန္တရာယ်မှ မဖြစ်နိုင်တဲ့နေရာတွေမှာ ထားရပါမယ်။

ဒီကုထုံးက ကျွမ်းကျင်မှုရှိတဲ့ကုထုံးပညာရှင်နဲ့ပြဖို့တော့ လိုအပ်ပါတယ်။ တစ်ခါတလေ ကြောက်လန့်စိတ်ကို ပိုဆိုးလာစေတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ ဒီကုသမှုမှာ လူတိုင်းတော့ မအောင်မြင်နိုင်ပါဘူး။

..

..

ကြောက်ရွံ့စိတ်ဆိုတာ ဘဝရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမှောင်ကိုကြောက်ခြင်းဟာ ကလေးတွေမှာ ပုံမှန်ဖြစ်လေ့ရှိတာမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်​ရောက်ပြီးသူတွေမှာလည်း nyctophobia ရှိနိုင်ပါတယ်။

အကြောက်တရားက သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ဆောင်ရွက်တာတွေမှာပါ နှောင့်ယှက်နေပြီဆိုရင်တော့ ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီရယူသင့်ပါတယ်။

Reference: ????

https ://www. healthdigest. com/486483/the-real-reason-youre-afraid-of-the-dark/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#Telekyanmar#telemedicine#teleconsultation#တယ်လီကျန်းမာ#nyctophobia#အမှောင်ကိုကြောက်ခြင်း

Ministry of Health,

National Unity Government.

Published on: 23 April 2023

Last updated: 23 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...