မီနူး

“ မွှေးကျွတ်နာ (Folliculitis)”   (March,2023)

“ မွှေးကျွတ်နာ ( Folliculitis)”  

အခုလို အလှအပကို အလေးထားလာကြတဲ့ခေတ်ကြီးမှာ အမွှေးကင်းရှင်းပြီး ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့ အမျိုးမျိုး ကြိုးစားလာကြပါတယ်။ ဒါကြောင့် အမွှေးအမျှင်ရှိတာ မကြိုက်တဲ့သူတွေအတွက် အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းတွေဖြစ်တဲ့ shaving တို့၊ waxing တို့ကလည်း နေရာတိုင်းလိုလိုမှာ ခေတ်စားလာကြပါတယ်။ ဒါပေမယ့် သေချာစနစ်တကျ မလုပ်တဲ့အခါမျိုးတွေမှာ ပိုးဝင်ပြီးဖြစ်စေ၊ ထိခိုက်ရှနာ ဒဏ်ရာရလို့ဖြစ်စေ တစ်နာကနေ နှစ်နာဖြစ်တတ်ပါတယ်။ 

ဒီနေ့မှာတော့ waxing, shaving တို့ လုပ်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ မွှေးကျွတ်နာ (Folliculitis) အကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

..

..

???? မွှေးကျွတ်နာ (Folliculitis) ဆိုတာကတော့ အန္တရာယ်မရှိသလို စိုးရိမ်စရာမလိုတဲ့ အနာလေးတစ်ခုပဲ ဖြစ်ပါတယ်။ အမွှေးအိတ်လေး (follicular sac) ထဲမှာရှိတဲ့ အမွှေးလေးက ကျွတ်ထွက်သွားတဲ့အချိန် အဲ့ဒီအမွှေးအိတ်လေးရောင်ရမ်းတဲ့ အရေပြားရောဂါကို ဆိုလိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် ဘက်တီးရီးယားပိုးဝင်တဲ့အခါ ရောင်ရမ်းတတ်ပါတယ်။ 

အရင်ဦးဆုံး စဖြစ်တဲ့အချိန်မှာဆိုရင်တော့ အမွှေးထွက်တဲ့ အမွှေးအိတ်နေရာလေးမှာ ဝက်ခြံလို အဖုလေး ပေါက်နေတတ်ပါတယ်။ ပြီးရင် ယားယံမယ်။ နာမယ်။ ပိုးဝင်တာက ပျံ့သွားတတ်ပြီးတော့ အမာရွတ်လို ခပ်မာမာအနာ ဖြစ်သွားတတ်ပါတယ်။

သိပ်မဆိုးတဲ့ မွှေးကျွတ်နာတွေကတော့ ကိုယ်တိုင်ဂရုစိုက်ပေးရင် ရက်ပိုင်းအတွင်းမှာ အမာရွတ်တောင် မကျန်ခဲ့ဘဲ ပြန်လည်ကောင်းသွားတတ်ပါတယ်။ အနာက ပြင်းထန်တာ (ဒါမှမဟုတ်) ခဏခဏဖြစ်တဲ့ အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။ 

..

..

???? မွှေးကျွတ်နာ လက္ခဏာတွေကို သတိထားပါ… 

လက္ခဏာတွေအားဖြင့်တော့

– အမွေးအိတ်ပတ်ပတ်လည်မှာ အဖုသေးသေးလေးတွေ အစုလိုက်ပေါက်နေမယ်။

– ပြည်ဖုလေးတွေရှိနေရင် အဲ့ဒီပြည်ဖုတွေ ပေါက်ထွက်သွားတဲ့အခါ အနာဖြစ်ကျန်နေမယ်။

– ယားမယ်။ ပူစပ်ပူလောင် ခံစားရမယ်။ နီနေမယ်။

– မွှေးကျွတ်နာဖြစ်တဲ့ အရေပြားက နာနေမယ်။

– အဖုလေးတွေက ရောင်ရမ်းလာမယ် ….. အစရှိတာတွေ ခံစားရနိုင်ပါတယ်။

..

..

???? မွှေးကျွတ်နာ အမျိုးအစားများ…. 

မွှေးကျွတ်နာကို အဓိကအားဖြင့် အပေါ်ယံလွှာလောက်မှာဖြစ်တဲ့ မွှေးကျွတ်နာနဲ့ အရေပြားအောက်ထဲထိဖြစ်တဲ့ အမွှေးကျွတ်နာဆိုပြီး ခွဲခြားလို့ ရပါတယ်။ 

အပေါ်ယံမွှေးကျွတ်နာမှာတော့ အမွှေးအိတ် တစ်စိတ်တစ်ပိုင်းပဲ ရောင်ရမ်းတာဖြစ်ပေမယ့် အရေပြားထဲထိဖြစ်တဲ့ မွှေးကျွတ်နာဆိုရင်တော့ အမွှေးအိတ်တစ်ခုလုံး ရောင်ရမ်းတာဖြစ်တဲ့အတွက် ပိုပြီးအန္တရာယ်များပါတယ်။

???? ဖြစ်တတ်တဲ့ မွှေးကျွတ်နာ အမျိုးအစားတွေကတော့… 

• ဘက်တီးရီးယားပိုးဝင်လို့ ဖြစ်တဲ့ မွှေးကျွတ်နာ 

ဒါကတော့ အဖြစ်အများဆုံးဖြစ်ပြီး အနီစက်တွေထွက်မယ်။ ယားယံမယ်။ ပြည်ဖုတွေ ထွက်မယ်…  အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဓိကအားဖြင့်တော့ Staphylococcus လို့‌ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်တဲ့အတွက်ကြောင့် ဖြစ်တာပါ။ ခြစ်မိ၊ ရှမိတဲ့အနာတွေဖြစ်တဲ့အခါ ပိုးဝင်တတ်တာကြောင့် သတိထားဖို့ လိုပါမယ်။

.

• Hot tub rash လို့ခေါ်တဲ့ မွှေးကျွတ်နာ

ရေနွေးရေချိုးကန်တွေမှာ တွေ့ရတတ်တဲ့ pseudomonas လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ကူးစက်ခံရတာကြောင့် ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားမှာဆိုရင်တော့ ကလိုရင်းနဲ့ PH level မမှန်ကန်တဲ့ ‌ရေနွေးရေချိုးကန်တွေ၊ ရေလွှာလျှောတွေနဲ့ ရေပူစမ်းကန်တွေမှာ ရေချိုး‌၊ ရေစိမ်တဲ့အခါ​တွေမှာ ဖြစ်တတ်ပါတယ်။ 

.

• Razor bump လို့ခေါ်တဲ့ မွှေးကျွတ်နာ

အရေပြားအောက်ထဲမြုပ်နေတဲ့ မပေါက်သေးတဲ့အမွှေး (ingrown hair) တွေကြောင့် ဖြစ်တတ်တာပါ။ အဓိကအားဖြင့် အမွှေးခဏခဏရိတ်လွန်းတဲ့သူတွေနဲ့ အမွှေးကောက်တဲ့သူတွေမှာ ဖြစ်တတ်ပြီး မျက်နှာတို့၊ လည်ပင်းတို့မှာ အများဆုံးတွေ့ရပါတယ်။ ပေါင်ခြံ waxing လုပ်တတ်တဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ ပေါင်ခြံနေရာတွေမှာ ဖြစ်တတ်ပါတယ်။

.

• မှိုကြောင့်ဖြစ်တဲ့ မွှေးကျွတ်နာ (Pityrosporum folliculitis) 

အများအားဖြင့် ကျောကုန်းနဲ့ ရင်ဘတ်တွေမှာ တွေ့ရတတ်ပါတယ်။

.

• ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မွှေးကျွတ်နာ (Gram negative folliculitis) 

သူကတော့ ပဋိဇီဝပိုးသတ်ဆေးတွေ ကြာရှည်စွဲသောက်နေရတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

.

• HIV/ AIDS ဝေဒနာရှင်တွေမှာ ဖြစ်တတ်တဲ့ Eosinophilic folliculitis

• အရေပြားထဲထိဖြစ်တဲ့ မွှေးကျွတ်နာကြောင့်ဖြစ်တဲ့ အနာပဆုတ် 

• အမွှေးခဏခဏရိတ်တဲ့သူတွေမှာဖြစ်တဲ့ မွှေးကျွတ်နာ (Sycosis barbae) တို့ပဲ ဖြစ်ပါတယ်။

..

..

???? ဘာကြောင့် မွှေးကျွတ်နာ ပေါက်ရသလဲ?

အထက်မှာ ဖော်ပြပြီးခဲ့တဲ့အတိုင်း ဘက်တီးရီးယားပိုးကူးစက်တာကြောင့် အဖြစ်များပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုး၊ မှို၊ ကပ်ပါးကောင်တွေ ကူးစက်ခံရတာကြောင့်ဖြစ်စေ၊ သောက်သုံးနေတဲ့ဆေးတွေကြောင့် ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် ဖြစ်စေ…… စတာတွေကနေလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။ 

..

..

???? ဘယ်လို အခြေအနေတွေမှာ မွှေးကျွတ်နာ အဖြစ်များနိုင်သလဲဆိုရင်…

– ချွေးအောင်း၊ အပူအောင်းနိုင်တဲ့ ဖိနပ်အမြင့်တွေ၊ ရာဘာလက်အိတ်တွေ ဝတ်ဆင်ရတဲ့သူတွေ

– သေချာထိန်းသိမ်းထားခြင်းမရှိတဲ့ အများသုံးရေကူးကန်တွေ၊ ရေချိုးကန်တွေမှာ ရေချိုးတတ်တဲ့သူတွေ

– စတီးရွိုက်ပါတဲ့ ခရင်မ်တွေ လိမ်းနေရသူတွေ 

– ပိုးသတ်ဆေး ကြာရှည်သောက်နေရတဲ့သူတွေ

– အရေပြားရောင်ရမ်းတဲ့ ရောဂါရှိသူတွေ 

– ချွေးအလွန်အကျွံထွက်တတ်တဲ့သူတွေ

– ရောဂါပိုး အလွယ်တကူဝင်ရောက်နိုင်တဲ့ ကိုယ်ခံအားကျနေတဲ့သူတွေ (ဥပမာ – ဆီးချိုရောဂါ ၊ AIDSရောဂါဝေဒနာရှင်တွေ)နဲ့ 

– အမွှေးရိတ်တာ၊ waxing လုပ်တာတို့ကနေ အမွှေးအိတ်လေးတွေကို ထိခိုက်သွားတဲ့အခါမျိုးတွေမှာ မွှေးကျွတ်နာဖြစ်နိုင်ခြေအများဆုံး ဖြစ်ပါတယ်။ 

..

..

???? နောက်ဆက်တွဲဆိုးကျိုးတွေကရော ဘာလဲ?

• ရောဂါပိုးပျံ့သွားတာ

• ထပ်ခါထပ်ခါ ပိုးဝင်တာ

• အမာရွတ်ဖြစ်ကျန်ခဲ့တာ

• အရင်က ပုံမှန်အရေပြားထက် ပိုရင့်တဲ့ (ဒါမှမဟုတ်) ပိုဖျော့တဲ့အရေပြား  ဖြစ်ကျန်ခဲ့တာ

• အမွေးအိတ်ပျက်စီးသွားပြီး လုံးဝအမွှေးပြန်မပေါက်တော့တာ… အစရှိတာတွေ ခံစားရနိုင်ပါတယ်။

..

..

???? ဘယ်လို ကုသနိုင်လဲ?

ပိုးသတ်ဆေးပါဝင်တဲ့ gel တွေ၊ lotion တွေ လိမ်းပေးလို့ ရပါတယ်။ 

မှိုကြောင့်ဖြစ်တဲ့မွှေးကျွတ်နာမှာဆိုရင်တော့ မှိုသတ်ဆေးပါဝင်တဲ့ ခရင်မ်တွေ၊ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေ သုံးပေးဖို့ လိုအပ်ပါတယ်။

ပြင်းထန်တဲ့ မွှေးကျွတ်နာတွေဆိုရင်တာ့ ခွဲစိတ်တာ၊ လေဆာသုံးပြီး ဖယ်ရှားတာတွေအထိ လုပ်ပေးဖို့ လိုအပ်ပါတယ်။ 

.

???? အိမ်မှာအလွယ်တကူ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကတော့… 

– ရေ‌‌နွေးဝတ်အစိုလေးနဲ့ အုပ်ပေးထားလို့ ရပါတယ်။

– ယားယံသက်သာစေတဲ့ lotion လေးတွေ၊ လိမ်းဆေးလေးတွေ လိမ်းပေးပါ။

– အနာဖြစ်တဲ့အရေပြားကို သန့်ရှင်းနေအောင်ထားပါ။ သန့်ရှင်းရေး လုပ်ပေးပါ။

..

..

???? မွှေးကျွတ်နာမဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ?

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ ကိုယ်သုံးတဲ့ သဘက်တွေ၊ ပုဝါတွေကို သူများနဲ့ ဝေမျှပြီး မသုံးပါနဲ့။

အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို အမြဲလျှော်ပြီး သန့်ရှင်းထားပါ။

အတတ်နိုင်ဆုံး အရေပြားနဲ့ ပွတ်တိုက်မှု ကင်းဝေးအောင် ကျောပိုးအိတ် လွယ်တာ၊ တင်းကြပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာတွေ တတ်နိုင်သမျှ ရှောင်ပါ။

ရာဘာလက်အိတ်ဝတ်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ တစ်ခါအသုံးပြုပြီးတိုင်း လက်အိတ်တွေကို ခြောက်သွေ့နေအောင် ထားပါ။

တတ်နိုင်သမျှ အမွှေးရိတ်တာ၊ ချွတ်တာ ရှောင်ပါ။ 

သန့်ရှင်းတဲ့ ရေနွေးကန်၊ ရေချိုးကန်တွေမှာသာ ရေချိုး၊ ရေစိမ်ပါ။

Shaving /waxing လုပ်အပြီး scrub တိုက်ပေးရင်  ingrown hair တွေ အပြင်ကို လွယ်လွယ်ကူကူထွက်လာပြီး မွှေးကျွတ်နာဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ 

.

???? ဒါကြောင့် လူတိုင်းလူတိုင်း မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်း‌ရေးကို ဂရုစိုက်ပြီး အထက်ပါပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာရင်း မွှေးကျွတ်နာမဖြစ်အောင် ကာကွယ်ကြဖို့ တိုက်တွန်းပါရစေ။????

Reference – ???? https://www.mayoclinic.org/diseases-conditions/folliculitis/symptoms-causes/syc-20361634

https://www.mayoclinic.org/diseases-conditions/folliculitis/diagnosis-treatment/drc-20361662

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည ၁၀ နာရီအထိ )

#nugmoh #telehealth #telemedicine

#teleconsultation #တယ်လီကျန်းမာ #folliculitis

Ministry of Health,

National Unity Government.

Published on: 27 March 2023
Last Updated: 27 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ