မီနူး

သားအိမ် အသားလုံးတည်ခြင်းအကြောင်း Uterine fibroid (March, 2023)

” သားအိမ် အသားလုံးတည်ခြင်းအကြောင်း (Uterine fibroid) “

????သားအိမ်အသားလုံးဆိုတာ ဘာလဲ ? ကင်ဆာလား ? ​

Uterine fibroid လို့ခေါ်တဲ့ အသားလုံးတွေဟာ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်တဲ့ကာလအတွင်း (ရာသီသွေး စပေါ်ချိန်မှ ရာသီသွေး ဆုံးချိန်အထိ) အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့ ကင်ဆာမဟုတ်တဲ့ သားအိမ် အတက်/ အလုံးတွေ ဖြစ်ပါတယ်။ သူတို့ကို leiomyoma (ဒါမှမဟုတ်) myoma လို့လည်း ခေါ်ကြပါသေးတယ်။

သားအိမ် အသားလုံးတွေဟာ သားအိမ်ကင်ဆာရောဂါရဲ့ ရှေ့ပြေးတွေမဟုတ်ကြသလို ၊ သားအိမ်ကင်ဆာအဖြစ် ပြောင်းလဲသွားဖို့လည်း မရှိသလောက်ရှားပါတယ်။
..
..

????သားအိမ်အသားလုံးတွေရဲ့ ထူးခြားဖြစ်စဥ်တွေကဘာတွေလဲ ?

သားအိမ်အသားလုံးတွေဟာ သာမာန်လူမျက်စိနဲ့ မမြင်နိုင်တဲ့ အစေ့လေးတွေ အရွယ်ကနေ သားအိမ်ကို ပုံပျက်အောင်အထိ ကြီးထွားဖောင်းထွက်နေတဲ့ အလုံးကြီးတွေအထိ ရှိတတ်ပါတယ်။

သားအိမ်အသားလုံးဟာ တစ်လုံးထဲပဲ ရှိတတ်သလို ၂ လုံးထက်ပိုပြီးလည်း ရှိတတ်ပါတယ်။

အမျိုးသမီးအတော်များများမှာ ဘာလက္ခဏာမှ မပြတတ်တာကြောင့် သားအိမ်အသားလုံး ရှိနေမှန်းတောင်မသိလိုက်မိတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆရာ၀န် စမ်းသပ်စစ်ဆေးတာ (pelvic examination) နဲ့ ကိုယ်ဝန်ဆောင်ချိန် တယ်လီဗေးရှင်းဓာတ်မှန် အာထရာဆောင်း (prenatal USG ) ရိုက်တာတွေ လုပ်ရင်းမှ အမှတ်မထင် တွေ့ရှိတတ်ကြပါတယ်။
..
..

????သားအိမ်အသားလုံးတွေရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်နိုင်မလဲ ?

သားအိမ်အသားလုံး တော်တော်များများက လက္ခဏာမပြသလို လက္ခဏာပြခဲ့ရင်လည်း အသားလုံးရဲ့ နေရာ၊ အရွယ်အစားနဲ့ အရေအတွက်ပေါ် မူတည်နေပါသေးတယ်။

အဖြစ်များတဲ့ လက္ခဏာတွေကတော့…

(၁) ရာသီသွေးများတာ (heavy menstrual bleeding)

(၂) ရာသီလာချိန် တစ်ပတ်ထက် ပိုကြာလာတာ/ အရင်ကထက် ၂ ဆလောက် အချိန်ပိုကြာလာတာ

(၃) ၀မ်းဗိုက်အောက်ပိုင်း ပြည့်တင်းသလိုခံစားရတာ/ နာကျင်ကိုက်ခဲတာ

(၄) မကြာခဏ ဆီးသွားတတ်တာနဲ့ ဆီးသွားအပြီး ဆီးကျန်သလို ခံစားရတာ

(၅) ၀မ်းချုပ်တာ

(၆) ခါးအောက်ပိုင်း နာကျင်တာ/ ခြေထောက်ပိုင်း နာကျင်တာ

တစ်ခါတစ်ရံ (ထူးထူးခြားခြား) အသားလုံးကြီးထွားလာတဲ့အခါ အသားလုံးကိုထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပြန်ဖိမိပြီးတော့ သွေးလျှောက်နည်းပြီး သားအိမ်အလုံးသွေးငတ်တဲ့အခါ အလွန်အမင်းနာကျင်တာကို ရုတ်တရက် ခံစားရတတ်ပါတယ်။
..
..

????ဘယ်အချိန် သားဖွားမီးယပ်ဆရာဝန်ဆီ ပြသသင့်သလဲ ?

(၁) ခါးအောက်ပိုင်း နာကျင်ကိုက်ခဲမှု မသက်သာဘဲ အချိန်ကြာလာတဲ့အခါ

(၂) သွေးဆင်းတဲ့ပမာဏ အလွန်များတာ (ပုံမှန်ထက် ၂ ဆနီးပါး)၊ ရက်ကြာတာ/ ရာသီလာစဥ် အလွန်နာကျင်ကိုက်ခဲတာတွေ ဖြစ်တဲ့အခါ

(၃) ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတဲ့အခါ

(၄) ဆီးကို ဆီးအိမ်ထဲမှ ကုန်အောင်သွားရန် ခက်ခဲတဲ့အခါ/ ဆီးသွားအပြီး ဆီးကျန်သလို ခံစားရတဲ့အခါ

(၅) အကြောင်းအရာ မယ်မယ်ရရ မရှိဘဲ သွေးဆင်းများတာနဲ့အတူ သွေးအားနည်းရောဂါပါ ခံစားရတဲ့အခါ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(၆) ဒီလို လက္ခဏာတွေအပြင် ရုတ်တရက် ဗိုက်ထဲ ထိုးအောင့်တဲ့အခါ သားဖွားမီးယပ်ဆရာဝန်များနဲ့ အရေးပေါ် ပြသဖို့ လိုပါတယ်။
..
..

????သားအိမ်အသားလုံး ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေ

မျိုးရိုးလိုက်တာကြောင့် ဖြစ်တတ်ပါတယ်။
(ဥပမာ။ အမေ ၊အဘွား ၊ အဒေါ်တို့မှာ အသားလုံးတည်ဖူးရင် မိမိမှာ ဖြစ်နိုင်ခြေပိုများလာပါတယ်)

တခြား ဖြစ်စေတဲ့အကြောင်းရင်းတွေ ရှိသေးပေမယ့် အဓိကကတော့ ဟော်မုန်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပါတယ်။

သွေးဆုံးပြီးရင် ပြန်ကျုံ့သွားတတ်တဲ့ အသားလုံးတွေလည်း ရှိသလို၊ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်နဲ့အတူရှိတတ်ပြီး ကလေးမွေးပြီးရင် သားအိမ်နဲ့အတူ ပြန်ကျုံ့ပြီး သေးသွားတာတွေလည်း ရှိပါတယ်။
..
..

????သားအိမ်အသားလုံး ဖြစ်စေဖို့ အားပေးတဲ့ အကြောင်းအရာတွေကတော့

(၁) လူမည်း အမျိုးသမီး ဖြစ်တာ

(၂) မျိုးရိုးလိုက်တာ (အမေ/ ညီအစ်မတွေမှာ အသားလုံး ဖြစ်ဖူးတာ)

(၃) အသက်အရွယ်စောပြီး (ငယ်ရွယ်ချိန်/ ၁၀နှစ်အောက်) ရာသီစလာတာ၊ အဝလွန်တာ၊ Vit D ချို့တဲ့တာ၊ အနီရောင်အသား အစားများတာ၊ အသီးအရွက် နဲ့ နို့ထွက်ပစ္စည်းတွေ အစားနည်းတာ၊ ဘီယာနဲ့ အရက် သောက်သုံးတာတို့ ဖြစ်ပါတယ်။

(၄) အချို့ တိုင်းရင်းဆေးတွေမှာ ဟော်မုန်းနဲ့ ဟော်မုန်းအာနိသင်ရှိတဲ့ ဓာတုပစ္စည်းတွေ အချိုးအဆ များပြားစွာ ဖော်စပ်ထားတတ်ပါတယ်။ ဒီလိုဆေးဝါးတွေကို ရာသီသွေး ကောင်းစေတယ်ဆိုတဲ့ အယူအဆနဲ့ ရေရှည် စွဲသောက်တာကြောင့်လည်း သားအိမ်အလုံးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
..
..

❗️အယူအဆအမှားတွေ

ရာသီသွေးများရင် ကျန်းမာရေးကောင်းတယ်လို့ အစွဲရှိတတ်ကြပါတယ်…

ရာသီသွေးဆိုတာ သားအိမ်နံရံထူနေတာတွေ ကွာကျတာကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး သွေးပုပ်တွေ ကိုယ်တွင်းအပုပ်တွေ မဟုတ်ပါဘူး….

ဆယ်ကျော်သက်နဲ့ ငယ်ရွယ်စဉ်တုန်းမှာ ဟော်မုန်းတွေများတာကြောင့် ရာသီလာရင် သွေးဆင်းများပါတယ်။. အသက်အရွယ် တဖြေးဖြေးကြီးလာလေလေ ဟော်မုန်းလည်း နည်းလာလေလေ ဖြစ်တာကြောင့် ရာသီသွေးနည်းလာပါတယ်။ ငယ်ငယ်ကလောက် ရာသီသွေးမများတာဟာ ပုံမှန်အခြေအနေသာဖြစ်ပြီးစိတ်ပူဖို့မလိုပါဘူး။ သွေးဆေးတွေ ထပ်ဆောင်းသောက်ဖို့လည်း လုံးဝ မလိုအပ်ပါဘူး။
..
..

????နောက်ဆက်တွဲ ဆိုးကျိုးတွေ

သားအိမ်အသားလုံး အများစုက ဘေးဒုက္ခ မပေးတတ်ပေမယ့် အချို့မှာတော့ တစ်ခါတလေ ၀မ်းဗိုက်အောက်ပိုင်း နေမထိထိုင်မသာ ဖြစ်တတ်တာမျိုးနဲ့ သွေးဆင်းများတတ်တဲ့အချိန်တွေမှာ သွေးအားနည်းပြီး မောပန်းနွမ်းနယ်နေတတ်ပါတယ်။ သွေးဆင်းများတာကြောင့် တစ်ခါတလေ သွေးသွင်းရတဲ့အထိ ကုသမှုခံယူရတတ်ပါတယ်။
..
..

????ကိုယ်၀န်ဆောင်နဲ့ သားအိမ်အသားလုံး

သားအိမ်အသားလုံးတွေကြောင့် သန္ဓေတည်ခြင်းဖြစ်စဥ်ကို အနှောင့်အယှက်ပေးတာမျိုး မတွေ့သလောက်ရှားပါတယ်။

ရှားရှားပါးပါး သားအိမ်အတွင်းနံရံနားကပ်ပြီး ဖြစ်တည်နေတဲ့ အသားလုံးတွေကြောင့် သန္ဓေမြုံတာ/ သန္ဓေတည်ပြီးမှ ဆုံးရှုံးပျက်ကျတာမျိုးတွေတော့ ကြုံတွေ့ရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဥ် အချင်းကွာတာ/ အချင်းနဲ့ သားအိမ်ကြား သွေးခဲတည်တာ၊ သန္ဓေသား ဖွံ့ဖြိုးမှု အားနည်းတာနဲ့ နေ့မစေ့ လမစေ့ဘဲ ကလေး စောမွေးတာတွေဟာလည်း သားအိမ်အသားလုံး ရှိနေတာကြောင့် ပိုပြီး ဖြစ်တတ်ပါတယ်။
..
..

????ကုသမှု နည်းလမ်းတွေ

ခွဲစိတ်ကုသတာ၊ သွေးဆင်းများလို့ ဖြစ်လာတဲ့ သွေးအားနည်းရောဂါကို ကုသတာနဲ့ ဟော်မုန်းဆေးတွေပေးပြီး ကုသတာတို့ ပါဝင်နိုင်ပါတယ်။
..
..

????သားအိမ် အသားလုံး မဖြစ်ပေါ်အောင် ဘယ်လို ကာကွယ်ကြမလဲ ?

သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေအရ လက်ရှိအချိန်ထိ သားအိမ်အသားလုံးရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်း မရှိသေးပေမယ့်၊ အသားလုံးတချို့တလေကပဲ ကုသမှုလိုအပ်တဲ့ အဆင့်အထိ ဒုက္ခပေးတတ်ကြပါတယ်။

ဒါပေမယ့် အဝ မလွန်စေဖို့ ကိုယ်အလေးချိန် ထိန်းထားတာနဲ့ အသီးအရွက်တွေကို အလေးပေး စားသောက်တာတွေဟာ သားအိမ်အသားလုံးဖြစ်ပေါ်တာကို လျော့ကျစေပါတယ်။

တချို့သော လေ့လာတွေ့ရှိမှုတွေအရ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေကလည်း သားအိမ်အသားလုံးရောဂါ ဖြစ်ပွားနှုန်းလျော့ကျတာနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။

သွေးဆေးတွေကတော့ မသောက်သင့်ပါဘူး။

Reference : ????
https: //www. mayoclinic. org/diseases-conditions/uterine-fibroids/symptoms-causes/syc-20354288

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#fibroid#leiomyoma#သားအိမ်အသားလုံး

Ministry of Health,

National Unity Government.

Published on: 5 March 2023
Last Updated: 5 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...