မီနူး

ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ Peripheral Vascular Disease (February, 2023)

ခြေလက် သွေးကြောများတွင် ဖြစ်သော သွေးလည်ပတ်မှု မကောင်းခြင်း သို့ သွေးကြောဆိုင်ရာ ရောဂါ ( Peripheral Vascular Disease)

နှလုံးနဲ့ ဝေးရာ သွေးကြောများဖြစ်တဲ့ ခြေထောက်၊ လက် တို့မှာ သွေးလည်ပတ်မှု မကောင်းတာဟာ သွေးလွှတ်ကြောမှာ အဆီတွေ စုပုံလာပြီး သွေးကြောပိတ်တာ (ဒါမှမဟုတ်) သွေးကြောတွေ မာကြောလာတာကြောင့်ဖြစ်တတ်ပြီး ဆေးပညာမှာ peripheral vascular disease (PVD) လို့ ခေါ်ပါတယ်။
သက်ကြီးပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေလည်း ပိုများလာပါတယ်။
ဆေးလိပ်သောက်တာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးတာနဲ့ ဆီးချိုမထိန်းနိုင်တာရဲ့နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဖြစ်​လေ့ရှိပါတယ်။ ခြေထောက်က လက် ထက် ပိုပြီး အဖြစ်များပါတယ်။

???? ခံစားရတတ်သော ရောဂါလက္ခဏာများ
(၁) ခြေသလုံး ကြွက်သားနဲ့ တခြားကြွက်သားတွေ နာကျင်လာမှု
ခြေထောက် သွေးလည်ပတ်မှု နည်းလာတဲ့အခါ အများအားဖြင့် ခြေသလုံးကြွက်သားတွေ နာကျင်လာပါတယ်။ တင်ပါးနဲ့ ပေါင်မှာရှိတဲ့ကြွက်သားတွေလည်း နာတတ်ပါတယ်။​​ ကြွက်သားတွေ​ဆီသွားတဲ့ သွေးတွင်း အောက်စီဂျင် ပမာဏနည်းလို့ နာကျင်တာ ဖြစ်ပါတယ်။ ခြေထောက်တွေ လှုပ်ရှားတဲ့အခါ (ဥပမာ – ခရီးရှည်လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ) မှသာ နာကျင်တတ်ပြီး အနားယူလိုက်ရင် ခဏလေးနဲ့ ပြန်သက်သာလာတတ်ပါတယ်။သွေးကြောကျဉ်းလာလေ လျှောက်နိုင်တဲ့ခရီးအကွာအဝေးတိုတိုလာပြီး ကြားထဲ နားရတဲ့အချိန်က ပိုပိုရှည်လာပါတယ်။

(၂) ခြေထောက်နာကျင်မှု
သွေးကြောကျဉ်းတာမှာ အာရုံကြောကို ပေးတဲ့သွေးကြောပါ ကျဉ်းသွားရင်တော့ ခြေသလုံးကြွက်သားနာတာမျိုးမဟုတ်ဘဲ ခြေချောင်းတွေ၊ ခြေထောက်အရှေ့ပိုင်းနဲ့ ​ ​ခြေဖနောင့်တွေ နာကျင်တတ်ပါတယ်။ ထိုအခါမျိုးမှာ အရေပြားမှာနာကျင်တာဖြစ်ပြီး ဘာမှမလုပ်ဘဲ အနားယူနေရင်တောင် နာနေတတ်ပါတယ်တယ်။ အထူးသဖြင့် ညအိပ်ရာဝင်တဲ့အခါမှာ ပိုနာတတ်ပြီး သက်သာဖို့ ပိုခက်ပါတယ်။ အချို့လူနာများမှာ ကိုက်နေတဲ့ ခြေထောက်ကို ကုတင်အစွန်းကနေ အောက်ကို ချထားတဲ့ အခါ သွေးအနည်းငယ်ပြန်စီးဆင်းကာ နာကျင်မှုအနည်းငယ်သက်သာစေပါတယ်။ တစ်ခါတစ်ရံ နာလွန်းလို့ အိပ်မရတာကို ဖြစ်တတ်ပါတယ်။ အချို့လူနာများမှာ ကျွန်တော့် ခြေထောက်ကို ဖြတ်သာပေးပါတော့ ဆရာ လို့ လာတောင်းဆိုတာတောင်ကြုံဖူးပါတယ်…။

(၃) တခြားတွဲလေ့ရှိသော ရောဂါလက္ခဏာများ
–ခြေသလုံးမွှေး ကျွတ်တာ
–အရေပြား ပြောင်ချောတာ
–ခြေသည်းမှာ အပြောင်းအလဲတွေဖြစ်တာ
–ခြေထောက်တွေကို စမ်းကြည့်ရင် အေးနေတာ
–ခြေထောက် အရောင် (အနီ၊ အဖြူ (သို့) အပြာ) ပြောင်းသွားပြီး ဆဲလ်တွေသေလာတာ (gangrene) ဖြစ်တတ်ပါတယ်။

????ဘာတွေက အခြေအနေကို ပိုဆိုးစေလဲ?
–ဆေးလိပ်သောက်တာ
–တချို့ဆေးတွေ (သွေးတိုးမှာသုံးတဲ့ beta blocker)
–ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ကြောင့် သွေးလည်ပတ်မှုနည်းပြီး ရောဂါပိုဆိုးစေပါတယ်။

???? ဘာတွေ ဆက်ဖြစ်နိုင်လဲ?
ခြေထောက်သွေးကြောတွေမှာ သွေးခဲပိတ်တာ၊ ရောဂါပိုးဝင်တာ၊ အနာကျက်ဖို့ကြာတာ၊ ဖက်ခွက်နာ(ulcer) နဲ့ ​ခြေထောက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ခြေထောက် တစိတ်တပိုင်း (ဒါမှမဟုတ်) ခြေထောက်တစ်ခုလုံး ဖြတ်လိုက်ရတာမျိုးလည်း ရှိပါတယ်။

???? ဘယ်လို စမ်းသပ်မှုတွေ လုပ်လို့ရလဲ?
ခြေထောက်သွေးစီးဆင်းတာကို တိုင်းတာတဲ့ အထူး စမ်းသပ်မှု Doppler ultrasound တွေ ရှိပါတယ်။ ခွဲစိတ်ဖို့လိုရင် သွေးလွှတ်ကြောတွေကို ဓာတ်မှန် (Angiogram/Angiography) ရိုက်ရပါတယ်။

???? ဘာတွေ လုပ်လို့ရလဲ?
– အရေးကြီးဆုံးက အခြေအနေပိုမဆိုးအောင် နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။
– ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်သောက်တာ လုံးဝရပ်ဖို့လိုပါတယ်။
– အဝလွန်နေရင် ဝိတ်လျှော့ပါ။
– သွေးတွင်းအဆီများနေရင် ဆေးကုသမှု လိုပါတယ်။
– လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
– ခြေထောက်ကို နွေးထွေးပြီး ခြောက်သွေ့အောင် ထားပါ။
– ခြေထောက်နာနေရင် မလှုပ်ရှားဘဲ ကုတင်ပေါ်ကနေ ခြေထောက်တွေကို တွဲလောင်းချပြီး အိပ်ပါ။ ဆရာဝန်မြန်မြန်ပြပါ။

???? ဘာတွေကို အထူးသတိထားရမလဲ?
– ခြေထောက်ကို (အထူးသဖြင့် ခြေသည်းတွေကို) ဂရုစိုက်ဖို့ လိုပါတယ်။ ခြေသည်းညှပ်တဲ့အခါ အသားမညှပ်မိအောင် သတိထားပါ။ ဒဏ်ရာတွေကနေ ရောဂါပိုးကူးနိုင်ပါတယ်။
ဖြစ်နိုင်ရင် ခြေထောက်ကို သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ ပြပါ။
– ခြေထောက်ဒဏ်ရာမရအောင် ဂရုတစိုက်နေပါ။
-ရိုးရိုးဒဏ်ရာလေးတွေက ဖက်ခွက်နာဖြစ်သွားနိုင်ပြီး အနာကျက်ဖို့ လပေါင်းများစွာ ကြာတတ်ပါတယ်။
-ခြေထောက်အရောင်ပြောင်းလာတာ (ဒါမှမဟုတ်) ရုတ်တရက် နာလာတာမျိုး ပြဿနာတစ်ခုခုဖြစ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

???? ဘယ်လို ကုသမလဲ?
ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းတဲ့လက္ခဏာတွေ ဖြစ်လာရင် ကုသမှု နည်းလမ်းတွေကို ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
ပိတ်နေတဲ့ သွေးလွှတ်ကြောကို သက်သာ စေတယ့် နည်းလမ်းတွေကတော့…
–ပူဖောင်းပုံစံမျိုးနဲ့ သွေးကြောတွေကို ရှင်းပေးတာ (Angioplasty)
–သွေးကြောပိတ်နေတဲ့ နေရာမှာ ပြွန်ပုံစံထည့်ပြီး ရှင်းပေးတာ (Stenting)
–သွေးကြောအသစ်ဖွဲ့ပြီး ကူးဆက်ပေးတာတွေ ဖြစ်ပါတယ်။

ခြေထောက် သွေးလည်ပတ်မှု မကောင်းတာကနေ နောက်ဆက်တွဲရောဂါတွေ အများကြီးဖြစ်လာနိုင်တာမို့ ကိုယ့်ခြေထောက်လေးတွေကိုဂရုစိုက်ပေးကြဖို့ တိုက်တွန်းပါရစေ…..

Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.243

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Peripheral_Vascular_Disease

Ministry of Health,

National Unity Government.

Published on: 14 February 2023
Last Updated: 14 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)

သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ သွေးပေါင်ချိန် (၁၄၀/၉၀) mmHg နှင့်အထက် ရှိပါက သင် သွေးတိုးနေပြီ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization

စိတ်ကျန်းမာရေးနှင့် Stigma

"စိတ်ကျန်းမာရေးနှင့် Stigma" ✅ Stigma ဆိုတာဘာလဲ။ Stigma ဆိုတာ "စိတ်ရောဂါ ဝေဒနာခံစားနေရသူ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို အားနည်းသူ၊ အန္တရာယ်ရှိသူ၊ ပြဿနာရှာသူ" အဖြစ် အထင်မှားပြီး ရှောင်ကြဉ်တာ၊ ကဲ့ရဲ့တာ၊ နှိမ့်ချတာ၊ ခွဲခြားဆက်ဆံတာ စတဲ့ အပြုအမူတွေလုပ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ . . . "စိတ်ဓာတ်ကျတယ်ဆိုတာ...

လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်း Penile Silicone Injection

"အမျိုးသားကျန်းမာရေးအတွက် ညီလေးကြီးဖို့ မလိုပါ" သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေးထိုးထားသူ တစ်ယောက်လား။ သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေး ဒါမှမဟုတ် အခြားဓာတုဆေးဝါးတစ်ခုခု ထိုးထားသူတစ်ယောက်ဆိုရင် ဆေးပညာရှင်များနဲ့ အမြန်ဆုံး တိုင်ပင်ဖို့လိုပါမယ်။ အထူးသဖြင့် လိင်တံပြန်လည်ပြုပြင်ခြင်းနှင့် ဆီလီကွန်ဖယ်ရှားခြင်း အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တိကျတဲ့လမ်းညွန်စောင့်ရှောက်မှုတွေ...

ညီလေး ကြီးဖို့မလို

ကိုရင်မောင်တစ်ယောက် ဆယ့်ရှစ်အပေါင်း ဇာတ်ကားတွေကြည့်ရင်း စုပ်တသပ်သပ် တောက်တစ်ခေါက်ခေါက် ဖြစ်နေရှာသည်။ အကြောင်းကား ဇာတ်ကားထဲက မင်းသားများနှင့် နှိုင်းယှဉ်သော် သူ့ညီလေးမှာ အင်မတန်သိမ်ငယ်ရသည် မဟုတ်ပါလား။ သိမ်သာသိမ်ငယ်တာ ဇာတ်ကားတော့ အကြည့်မပျက်။ နေ့စဥ်ရက်ဆက် ဆယ့်ရှစ်အပေါင်းကားတွေ ကြည့်လိုက်၊ ကိုယ့်ညီလေးကိုယ် စိတ်တိုင်းမကျလိုက်နှင့် ကိုရင်မောင်ခမျာ စိတ်ဓာတ်တွေကျပြီး တမှိုင်မှိုင်တထွေထွေ ဖြစ်လာတော့သည်။ ယင်းအဖြစ်ကို...