နေပူလောင်ခြင်း Sunburn (February, 2023)

နေပူလောင်ခြင်း ( Sunburn)

Sunburn ဆိုတာဟာ နေရောင်ခြည်ထဲမှာရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ လွန်ကဲစွာထိတွေ့တာကြောင့် (ဒါမှမဟုတ်) sunlamp လို့ခေါ် တဲ့ ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်တဲ့ မီးအိမ်ကြောင့် ဖြစ်လာတဲ့ အရေပြား​ရောင်ရမ်းခြင်း (သို့) နီမြန်းခြင်း ကိုခေါ်ဆိုပါတယ်။

Sunburnဟာ အသားညိုသူတွေထက် အသားဖြူတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရပါတယ်။

အခုလို နွေရာသီရောက်ချိန်မှာ နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်း များလာပြီး အပူလည်း ပြင်းထန်လာတာ​မို့ နေရောင်ခြည်ကြောင့် အသားအ‌ ရေထိခိုက်မှုဟာ အလှအပဆိုင်ရာထက်ပိုတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါပြီ။
.

????ခံစားရတဲ့ ရောဂါလက္ခဏာတွေ

အသားနီမြန်းရုံ စပ်ရုံလောက်နဲ့ပြီးသွားတာတွေလည်းရှိသလို ဆိုးဆိုးဝါးဝါးခံစားရတာတွေလည်း ဖြစ်နိုင်ပါတယ်။

အသေးစား နေပူလောင်မှုနဲ့ အသင့်အတင့် နေပူလောင်မှုဆိုရင်…

– အရေပြား အနည်းငယ် နီတယ်။

– ပူလောင်ပြီး နာကျင်တယ်။

– နေရောင်ခြည်ထိထားတဲ့နေရာက နာရီပိုင်းအတွင်း အနည်းငယ် စပ်ဖျဥ်းဖျဥ်း ဖြစ်တတ်ပြီး သုံး၊ လေးရက်ကြာမှ သက်သာတတ်ပါတယ်။

အပြင်းအထန် နေပူလောင်မှု ဆိုရင်တော့…

– အရေပြားတွေက အရမ်းကို နီရဲရောင်ရမ်းလာပါမယ်။

– နာကျင်ပူလောင်မှု ဝေဒနာတွေ ပိုပြင်းထန်ပါမယ်။

– ရည်ကြည်ဖုထပြီး အနာ (blister) တွေ ဖြစ်တတ်ပါတယ်။

– ရေဓာတ်ဆုံးရှုံးမှုများတဲ့အတွက် လူကလည်း နုံးတာ ပင်ပန်းနွမ်းနယ်တာတွေ ပိုဖြစ်လာပါမယ်။
.
.

❗️သတိထားရမယ့်အချက်

နေပူလောင်တာဟာ တိမ်ကင်းစင်တဲ့ ကောင်းကင်ကနေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့လို့ ဖြစ်နိုင်သလို နှင်းထူ၊ တိမ်ထူတဲ့အခါမှာလည်း ဖြစ်နိုင်ပါသေးတယ်။ ပါးလွှာတဲ့ တိမ်ထု၊ မီးခိုးမြူ (smog) တွေဟာ ခရမ်းလွန်ရောင်ခြည်ကို အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။

ရေ၊ သဲ၊ နှင်းနဲ့ ကွန်ကရစ်မျက်နှာပြင်တွေကနေ ပြန်ကန်လာတဲ့ အလင်းတန်းတွေကြောင့်လည်း နေပူလောင်နိုင်ပါတယ်။

တချို့ ပိုးသတ်ဆေး၊ ဟော်မုန်းဆေးတွေနဲ့ စိတ်ငြိမ်ဆေးတွေဟာ နေပူလောင်တာကို ပိုဆိုးစေပါတယ်။
..
..

????နေပူလောင်ခြင်းရဲ့ အန္တရာယ်တွေ

အပြင်းအထန် နေပူလောင်ခြင်းက ခန္ဓာကိုယ်ရေဓာတ် ကုန်ခမ်းစေပြီး အရေပြားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါဟာ အနာကျက်ဖို့ ကြန့်ကြာစေပါတယ်။

ထပ်ခါထပ်ခါ နေပူလောင်တာ (သို့) ပုံမှန် နေရောင်ခြည်နဲ့ ထိတွေ့မှုလွန်ကဲနေတာဟာ စောလျင်စွာ အရေပြားကြမ်းတမ်းခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေခြင်း၊ အရေပြားတွန့်ခြင်းတို့ကို ဖြစ်စေပြီး အရေပြားကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။
.
.
အရေပြားရဲ့ ဘယ်နေရာတွေဟာ နေပူလောင်ခံရတဲ့ အန္တရာယ်အများဆုံးလဲ ?

နှာခေါင်း၊ ပါး၊ နားရွက်၊ လည်ပင်းနဲ့ ခြေထောက်ရဲ့ အနောက်ဘက်တွေဟာ အများဆုံး နေပူလောင်တတ်ပါတယ်။

နေရောင်ထဲ ထွက်အလုပ်လုပ်ရတဲ့ တောင်သူလယ်သမားတွေကတော့ နေရောင်နဲ့ ထိတွေ့ခံရတဲ့ နေရာတွေမှာ နေလောင်နိုင်ပါတယ်။
.
.
နေပူမလောင်အောင် ဘယ်လို ကာကွယ်မလဲ ?

– နံနက် ၁ဝ နာရီကနေ မွန်းလွဲ ၃ နာရီ ကြား နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကျဉ်သင့်ပါတယ်။ (နွေရာသီဆို ၁၁ နာရီနဲ့ ၄ နာရီကြား)

– SPF (sun protection factor) ၃၀နဲ့ အထက်ရှိတဲ့ နေပူခံလိမ်းဆေး (sunscreen) ကို အသုံးပြုသင့်ပါတယ်။ နေပူခံလိမ်းဆေး (sunscreen) ကို နေပူထဲမထွက်ခင် မိနစ် ၃၀ ခန့် ကြိုတင် အသုံးပြုသင့်ပြီး၊ ၂ နာရီခြားတစ်ခါ အသုံးပြုသင့်ပါတယ်။

– နေတအားပူရင် အပြင်မထွက်ပါနဲ့။ နွေရာသီမှာ အထက်ပါ အချိန်တွေကို အပြင်မထွက်တာ အကောင်းဆုံးပါ။

– သဲ (သို့) ရေမှ တန်ပြန်လာတဲ့ နေရောင် ၊ ထုနည်းတဲ့ တိမ်ကို ဖြတ်သန်းလာတဲ့ နေရောင်တို့ကို သတိထားပါ။

– အနားကျယ်ပြန့်တဲ့ ဦးထုပ်နဲ့ နေရောင်မှကာကွယ်ပေးနိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

– အရောင်တောက်တဲ့ အဝတ်အစားတွေက နေရောင်ခြည်ကို ပိုမိုစုပ်ယူနိုင်လို့ အရောင်ဖျော့တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
..
..

Sun tanning (နေဆာလှုံ၍ အသားအ​ရောင်ညို​စေခြင်း)

နိုင်ငံခြားဇာတ်ကားတွေမှာ ကမ်းခြေမှာနေပူစာလှုံပြီး အသားညိုအောင် Sun tanning လုပ်တာ တွေ့ဖူးကြမှာပါ။ အမှန်တော့ Sun tanning က ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများပြီး အရေပြားပျက်စီးလို့ ရှောင်ရှားသင့်ပါတယ်။
..
..

နေပူလောင်တာကို ဘယ်လို ကုသမလဲ ?

– အသင့်အတင့်နဲ့ အပြင်းအထန်နေပူလောင်တာမှာ ဆရာဝန်ညွှန်ကြားမှုနဲ့ အရေပြားရောင်ရမ်းတာကို ကုသတဲ့ လိမ်း‌ဆေးတွေ အသုံးပြုရပါမယ်။

– အအေးကပ်တာက ပူလောင်တာနဲ့ နာကျင်တာကို သက်သာစေပါတယ်။ ပိတ်စ(gauze) (ဒါမှမဟုတ်) မျက်နှာသုတ်ပဝါကို ရေအေးထဲနှစ်ပြီး လောင်ထားတဲ့ နေရာပေါ် အုံပေးပါ။ Aloe Vera Gel လို အေးမြစေတဲ့ gel , cream များလည်း အသုံးပြုနိုင်ပါတယ်

– Baby oil (သို့) baking soda ထည့်ထားတဲ့ ရေထဲစိမ်ပါ။ ပြီးရင် အရေပြားကို ဖြေးဖြေးပုတ်ပြီး ခြောက်သွေ့ပါစေ။

– ရေချိုးပြီးချိန် calamine လိမ်းဆေးအဆီ လိမ်းရင် နာကျင်မှုကို သက်သာစေပါတယ်။ (Calamine က zinc oxide ပါတဲ့ ပန်းရောင်အမှုန့်တွေ ဖြစ်ပါတယ်။)

– နာကျင်မှုနဲ့ ဖျားနာမှုအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ အကိုက်ခဲပျောက်ဆေးတွေကို သုံးနိုင်ပါတယ်။

–အထူးသဖြင့် အပြင်းအထန် နေပူလောင်ထားသူတွေ အနေနဲ့ ရေ၊ ဓါတ်ဆားရည် များများသောက်ရပါမယ်။

– နီမြန်းတာနဲ့ နာကျင်တာ သက်သာတဲ့အထိ နေပူထဲသွားတာကို ရှောင်ရှားသင့်ပါတယ်။

???? ဒီလောက်ဆို နေလောင်ခြင်းအကြောင်းကို ထိုက်သင့်သလောက် သိရှိပြီးဖြစ်ကြမယ်လို့ ယူဆပါတယ်။ အခု ပြောပြထားတဲ့ နည်းလမ်းလေးတွေနဲ့ နေလောင်ခြင်းမရှိအောင် နေကြစို့နော်…..

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.333

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#နေပူ‌လောင်ခြင်း#Sunburn

Ministry of Health,

National Unity Government.

Published on: 8 February 2023
Last Updated: 8 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...