MENU

လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ “Raynaud’s Phenomenon” (April, 2023)

“Raynaud’s Phenomenon” (ရေးနော့ဒ် ဖြစ်စဉ်)

Raynaud’s phenomenon ဆိုတာ လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ချောင်းခြေချောင်းတွေမှာရှိတဲ့ သွေးလွှတ်ကြောလေးတွေဟာ အပူချိန်လျော့နည်းလာတဲ့အခါ ရုတ်တရက်ကျုံ့သွားပြီး သွေးလည်ပတ်မှု နည်းသွားတာပါ။

ပထမပိုင်းမှာ ခေတ္တခဏသာ ကျုံ့တာဖြစ်ပြီး အနွေးဓာတ်ရရင် သက်သာပေမယ့် နောက်ဆုံးမှာတော့ မသက်သာတော့ဘဲ အမြဲတမ်း ဖြစ်နေတတ်ပါတယ်။

သွေးလည်ပတ်မှု မကောင်းတဲ့အတွက် အောက်စီဂျင်ရတာနည်းပြီး လက်ချောင်းခြေချောင်းတွေ ဖြူဖပ်ဖြူရော် ဖြစ်နေတတ်ပါတယ်။ တစ်ခါတလေမှာ ပြာနှမ်းနေတတ်ပါတယ်။

သွေးကြောကျုံ့တာသက်သာပြီး အောက်စီဂျင်ပါတဲ့သွေးပြန်ရောက်မှ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ လက်ချောင်းခြေချောင်းတွေ ပြန်လည် နီမြန်းလာတာ ဖြစ်ပါတယ်။
..
..

◾ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ရတတ်လဲ?

အဓိကတွေ့ရတဲ့ ရောဂါလက္ခဏာတစ်ခုက လက်ချောင်းတွေနဲ့ တခြားထိခိုက်တဲ့ အစိတ်အပိုင်းတွေက အေးလာရင် နဂိုအသားရောင်ကနေ အရောင်ပြောင်းခြင်း ဖြစ်ပါတယ်။

အစပိုင်းမှာ အအေးဓာတ် ဒါမှမဟုတ် ဖိအားတစ်စုံတရာကို ခံစားရတဲ့အခါ ဖြူဖပ်ဖြူရော် (အဖြူရောင်) ဖြစ်နေတတ်ပါတယ်။ ဒီ့နောက် အပြာရောင်သန်းပါတယ်။ နောက်ဆုံးမှ ပြန်လည်နီမြန်းလာတာ ဖြစ်ပါတယ်။

အရောင်ပြောင်းလဲတာနဲ့အတူ တစ်ခါတစ်ရံ နာကျင်တာ၊ ဆူးနဲ့ထိုးသလို ခံစားရတာ၊ ထုံတာကျင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လက်ချောင်းအများစုမှာ ဖြစ်လေ့ရှိပေမယ့် လက်မကိုတော့ ထိခိုက်လေ့ မရှိပါဘူး။

ရောဂါပြင်းထန်မှုကတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ လူအများစုမှာ ရောဂါမပြင်းထန်တဲ့အတွက် ဆေးကုသဖို့ မလိုပါဘူး။ တချို့မှာတော့လည်း ရှားရှားပါးပါး နားရွက်၊ နှာခေါင်း (ဒါမှမဟုတ်) နို့သီးခေါင်းတို့လို ခန္ဓာကိုယ်ကနေ အပြင်ဆုံးကို ထွက်နေတဲ့ အစိတ်အပိုင်းတွေမှာ ဖြစ်နိုင်တာပါ။ သွေးကြော ပြဿနာဖြစ်တာကြောင့် ခန္ဓာကိုယ်က အ၀ေးဆုံး၊ အပြင်ဘက်ဆုံးအပိုင်းတွေမှာ Raynoud’s phenomenon ဖြစ်ပွားနိုင်ခြင်း ဖြစ်ပါတယ်။
..
..

◾Raynaud’s Phenomenon ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?

အဖြစ်အများဆုံးကတော့ အအေးနဲ့ လွန်စွာထိတွေ့ရခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လုပ်ငန်းခွင်မှာ တုန်ခါတဲ့ စက်ကိရိယာတွေ ကိုင်တွယ်အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

Raynaud’s phenomenon နဲ့ ရောဂါတွေ ဆက်စပ်တာမျိုးလည်း ရှိတတ်ပါတယ်။ အရေပြားထူလေးဘက်နာ (Scleroderma) ၊ အရေပြားလေးဘက်နာ (SLE) ၊ သွေးလေးဘက်နာ (RA) နဲ့ အလားတူရောဂါများနဲ့ သွေးရောဂါအချို့မှာ Raynaud’s phenomenon ကို ခံစားရနိုင်ပါတယ်။

အချို့သော သွေးပေါင်ကျဆေးတွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါမှာ သောက်ရတဲ့ဆေးအချို့နဲ့ နှာခေါင်းထဲ အစက်ချဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး (side effect) အနေနဲ့လည်း Raynaud’s phenomenon ဖြစ်နိုင်ပါသေးတယ်။

သင့်ရဲ့ ဆရာဝန်က ဒီအကြောင်းရင်းတွေအတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။
..
..

◾Raynaud’s phenomenon ကို ဘာနဲ့ မှားတတ်လဲ?

Raynaud’s phenomenon က အအေးနဲ့ ထိတွေ့ရင် ပေါ်လာတတ်ပါတယ်။

ဒါပေမယ့် အချို့လူတွေမှာ အလွန်အေးတဲ့ရာသီဥတုရောက်ရင်ဖြစ်ဖြစ်၊ အခန်းအပူချိန် အရမ်းအေးရင် ဖြစ်ဖြစ် အရေပြားမှာ အကွက်တွေ ဖြစ်လာတာ (Mottled hands) ၊ အသားယားလာတာ (Chilblains) တွေ ဖြစ်တတ်ပါတယ်။ အဲ့တာတွေကတော့ Raynaud’s phenomenon နဲ့ မတူပါဘူး။
.

◾Industrial White Finger ဆိုတာ ဘာလဲ?

Industrial white finger ဆိုတာ လွှ (chainsaw) နဲ့ ဖောက်စက် (drill) တွေလို ပြင်းထန်စွာ တုန်ခါပြီး လေးလံတဲ့ စက်ကိရိယာတွေကို အချိန်ကြာ ကိုင်တွယ်အသုံးပြုရတဲ့သူတွေမှာဖြစ်တဲ့ Raynaud’s phenomenon ပုံစံတစ်မျိုး ဖြစ်ပါတယ်။

တချို့ အလုပ်သမားတွေမှာ ဒီအခြေအနေ ဖြစ်နိုင်ခြေရှိပေမယ့် အများစုမှာတော့ ထိခိုက်မှုမရှိပါဘူး။

ဒီအခြေအနေဟာ အချိန်အတော်ကြာတဲ့အထိ ဖြစ်နေနိုင်ပါတယ်။
..
..

◾Raynaud’s disease ဆိုတာရော ဘာလဲ?

Raynaud’s phenomenon ဖြစ်ရတဲ့ အကြောင်းရင်းကို မသိတဲ့အခါမှာ Raynaud’s disease လို့ ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်ပေမယ့် ကလေးတွေမှာတော့ ရောဂါပြင်းထန်လေ့ မရှိပါဘူး။
.

Raynaud’s disease အဖြစ်များလား?

Raynaud’s disease က အဖြစ်များပါတယ်။ အမျိုးသားရော အမျိုးသမီးရောမှာ ဖြစ်နိုင်ပေမယ့် ထိခိုက်သူ (၁၀) ယောက်မှ (၉) ယောက်က အမျိုးသမီးတွေ ဖြစ်နေတတ်ပါတယ်။

လူငယ်လေးတွေ (ဆယ်ကျော်သက်နောက်ပိုင်း) မှာ ပထမဆုံး စဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက် ပြန်ကောင်းသွားလေ့ရှိပါတယ်။
..
..

◾ ဘယ်အကြောင်းအချက်တွေက Raynaud’s disease ဖြစ်နိုင်ခြေ ပိုများစေလဲ?

–ဆေးလိပ်သောက်ခြင်း (ခြေဖျားလက်ဖျားတွေမှာ သွေးလည်ပတ်မှု လျော့နည်းစေပါတယ်)

–အေးမြသော ရာသီဥတု

–လေးလံပြီး တုန်ခါတဲ့ စက်ကိရိယာများကို အသုံးပြုခြင်း

–စိတ်ဖိစီးမှု

–သွေးလွှတ်ကြောတွေကို ကျဥ်းစေတဲ့ ဆေးဝါးများ
(ခေါင်းကိုက်တာအတွက် သောက်တဲ့ဆေးနဲ့ beta-blocker လို သွေးပေါင်ကျဆေးတွေ သောက်ရင် သတိထားသင့်ပါတယ်)
..
..

◾Raynaud’s disease ကို ဘယ်လို ကုသမလဲ?

– မိမိကိုယ်တိုင် ကြိုတင်ကာကွယ်ပါ။

ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသမှု ဖြစ်ပါတယ်။ Raynaud’s disease ဖြစ်စေတဲ့ အကြောင်းအချက်တွေကို သတိထားပါ။ လက်ဖျားခြေဖျားတွေကို ဖြည်းဖြည်းလေး အနွေးဓာတ်ပေးရင် သက်သာပါတယ်။

လုပ်ငန်းခွင်ကြောင့် ဖြစ်တယ်ဆိုရင် အလုပ်နေရာပြောင်းတာ (ဒါမှမဟုတ်) ကိုယ်လုပ်နိုင်သလို ပြုပြင်တာမျိုး လုပ်ရပါမယ်။ ဥပမာ – ရေခဲကိုင်တွယ်ရတဲ့ အလုပ်မျိုးဆို အလုပ်လုပ်ရင် အအေးဓာတ်ခံနိုင်တဲ့ လက်အိတ်အထူတွေ ဝတ်တာမျိုး၊ ကိုင်ပြီးပြီးချင်း အနွေးဓာတ်ရအောင် လက်အိတ်အနွေးတွေ ဝတ်တာမျိုး လုပ်နိုင်ပါတယ်။

–နွေးနွေးထွေးထွေး နေပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို အအေးဒဏ်မှ ကာကွယ်ပါ။ ခန္ဓာကိုယ်မှ အပူမဆုံးရှုံးအောင် အဝတ်အစားထူထူ ဝတ်ပါ။ ဖြစ်နိုင်ရင် ရာသီဥတု နွေးထွေးတဲ့နေရာမှာ နေထိုင်ပါ။ လိုအပ်ရင် လက်အိတ်ခြေအိတ် ဝတ်ပါ။

–ဆေးလိပ်မသောက်ပါနဲ့။ တ​ခြားလူသောက်တဲ့ ဆေးလိပ်အငွေ့ကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။

–အခြေအနေ ပိုဆိုးစေတဲ့ အလုပ်တွေ လျှော့လုပ်ပါ။

စာရိုက်တာ၊ စန္ဒယားတီးတာ၊ စားစရာတွေ လှီးတာနဲ့ တုန်ခါတဲ့ စက်ကိရိယာတွေ အသုံးပြုတာလိုမျိုး လက်ချောင်းတွေကို ဖိအားပေးတဲ့အလုပ်တွေ လုပ်တဲ့အခါ သတိထားဖို့ လိုပါတယ်။
..
..

◾ဆေးဝါးအကူအညီ

လူအများစုက Raynaud’s phenomenon (ဒါမှမဟုတ်) Raynaud’s disease ကို သတိထားပြီး လိုက်လျောညီထွေစွာ နေထိုင်နိုင်ကြပါတယ်။ အချို့က သောက်ဆေးလိုတတ်ပါတယ်။

ဆေးဝါးတွေက Raynaud’s phenomenon ကို အရှင်းမကုနိုင်ပေမယ့် အခြေအနေ သက်သာစေနိုင်ပါတယ်။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.321

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#Telekyanmar#telemedicine#teleconsultation#တယ်လီကျန်းမာ#Raynaud’s_phenomenon #Raynaud’s_disease

Ministry of Health,

National Unity Government.

Published on: 24 April 2023

Last updated: 24 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...