Masturbation သို့မဟုတ် Self-relaxation and Mental health

ဒီဆောင်းပါးကို စရေးမယ်လို့ စဉ်းစားလိုက်တော့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးက အရင်ဝင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းရဲ့ ရှေးရိုးစွဲအယူတွေ၊ ယဉ်ကျေးမှုတွေ၊ ခေတ်အဆက်ဆက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ လိင်ပညာပေးကဏ္ဍတွေ နည်းပါးခဲ့တဲ့ အတွက်ကြောင့်ပါပဲ။

ဒါပေမယ့်လည်း ဒီအကြောင်းအရာဟာ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ အရေးကြီးတဲ့ အပြုအမူတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

တကယ်တော့ တစ်ကိုယ်ရေ လိင်အာသာဖြေခြင်း (Self-relaxation) “ Masturbation” ဆိုတာဟာ လူတိုင်းနီးပါး ကြုံဖူးလုပ်ဖူးကြတဲ့၊ သဘာဝဖြစ်စဥ်အ‌လျောက်ပေါ်လာတတ်တဲ့ အပြုအမူတစ်ခုပါပဲ။ အထူးသဖြင့် မည်သည့်လိင်မဆို အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိလာပြီး လိင်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ဒီလိုလုပ်တာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။

လူငယ်တွေဆိုရင် ကိုယ့်လိင်စိတ်အကြောင်း စူးစမ်းလေ့လာရင်းနဲ့ ပိုလို့တောင် ဒါမျိုးကို လုပ်ကြည့်တတ်ကြပါတယ်။ သုတေသနတွေအရဆိုရင် အရွယ်ရောက်သူတွေရဲ့ ၉၀% ကျော်ဟာ တစ်သက်တာမှာ ဒါမျိုး အနည်းနဲ့အများ လုပ်ဖူးကြတယ်လို့တောင် ဆိုကြပါတယ်။

ဒါကြောင့် ဒါမျိုးလုပ်မိလို့ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်စရာ၊ အပြစ်ရှိတယ်လို့ ခံစားနေစရာ မလိုပါဘူး။

ဒါပေမယ့်လည်း ဒီအကြောင်း ပြောကြတဲ့အခါ ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ အပြစ်တင်ခြင်းတွေနဲ့ ရောထွေးနေကြတုန်းပါပဲ။

လူအများစုအတွက်တော့ ဒါဟာ တိတ်တဆိတ် လုပ်ဆောင်လေ့ရှိတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ခက်ခဲတတ်ကြပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းတွေနဲ့ ဆက်စပ်ပြီး ပြောဆိုကြတဲ့အခါ ပိုပြီး ဒါကို ဖုံးကွယ်ချင်တာမျိုးတွေ့ရတတ်ပါတယ်။

ဟော်မုန်းပြောင်းလဲမှုတွေနဲ့အတူ လိင်စိတ်တွေ တက်ကြွလာတဲ့အခါ ဒီလိုပြုမူတာဟာ သဘာဝက ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ တချို့သူတွေအတွက်ဆိုရင် ဒါဟာ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် masturbation ကို ဒီဘက်ခေတ်တွေမှာတော့ self relaxation လို့လည်း သုံးနှုန်းကြပါတယ်။

ဟုတ်ပါတယ်။
Masturbate လုပ်ခြင်းဟာ လူတွေအတွက် စိတ်ရောကိုယ်ပါ အကျိုးသက်ရောက်မှု နှစ်မျိုးရှိပါတယ်။

ကောင်းကျိုးတွေကတော့…

☑️ စိတ်ဖိစီးမှု လျော့ကျစေတယ်။

တချို့သူတွေအတွက် ဒါဟာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာတာကြောင့် စိတ်တည်ငြိမ်ပြီး ပေါ့ပါးသွားစေနိုင်တယ်လို့ ဆိုပါတယ်။
.

☑️ အလွယ်တကူ အိပ်ပျော်စေတယ်။

စိတ်ရောကိုယ်ပါ ပြေလျော့သွားတဲ့အခါ အိပ်ပျော်ဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ ဒါကြောင့် အိပ်မပျော်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် တစ်ခါတစ်ရံအထောက်အကူ ဖြစ်စေနိုင်ပါတယ်တဲ့။
.

☑️ ကိုယ်ခန္ဓာနဲ့ ပိုရင်းနှီးလာတယ်။

ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိလာပြီး ကိုယ့်ရဲ့လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နားလည်လက်ခံနိုင်လာခြင်းဟာ တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးစေတဲ့အချက်တွေထဲက တစ်ချက်ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။
.

ဒါပေမယ့်လည်း သတိထားရမယ့်အချက်ကတော့ ဒီလိုလုပ်ရတာကို စွဲလမ်းသွားတာမျိုးလည်း ဖြစ်စေနိုင်တယ် ဆိုတာပါပဲ။

ဘယ်အရာမဆို အတိုင်းအတာတစ်ခုထက် လွန်သွားရင် မကောင်းပါဘူး။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ် လုပ်နေရင်းကနေ အလွန်အကျွံလုပ်မိပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာတာ၊ အစားပျက် အအိပ်ပျက်တဲ့အထိ ဖြစ်လာတာ၊ အလုပ်ပျက်အကိုင်ပျက် ဖြစ်လာတာမျိုး ဒါမှမဟုတ် လူမှုဆက်ဆံရေးတွေပါ ပျက်စီးလာတာမျိုးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်မရဲ့လူနာတွေမှာလည်း ဒါကိုစွဲလမ်း‌တာနဲ့ ပတ်သက်ပြီး စိတ်ဖိစီးနေရတာ စိုးရိမ်ပူပန်နေရတာမျိုး ရှိကြပါတယ်။

အဲဒီအခါ ကျွန်မပြောဖြစ်တာက ဒါဟာရှက်စရာလည်း မဟုတ်သလို ဒါကိုလုပ်မိနေလို့ဆိုပြီး အပြစ်တင်နေဖို့လည်း မလိုကြောင်းကိုပါပဲ။ ပြီးတော့ အခုလို သတ္တိမွေးပြီး ကုသဖို့ ဆွေးနွေးဖို့ ရောက်လာတာကိုလည်း အသိအမှတ်ပြုကြောင်း ကျေးဇူးတင်ကြောင်း အရင်ပြောဖြစ်ပါတယ်။

တချို့က ဒါကို စိတ်ထွက်ပေါက် စိတ်သက်သာရစေတဲ့ နည်းလမ်းတစ်ခုအနေနဲ့ သုံးရာကနေ မလုပ်မဖြစ်တော့တဲ့ အခြေအနေမျိုးကို ရောက်မှန်းမသိရောက်သွားတတ်ကြလို့ပါပဲ။

ကိုယ်တိုင်က ဒီလိုမဖြစ်သင့်မှန်း သိနေပေမယ့်လည်း ဘယ်လိုကိုင်တွယ်‌ဖြေရှင်းရမယ်ဆိုတာ မသိတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲတာတွေအထိ ဖြစ်တတ်ပါတယ်။

တချို့ယဉ်ကျေးမှုတွေ၊ လူ့အသိုင်းအဝိုင်းတွေမှာ ဒါမျိုးကို အပြစ်လို့ သတ်မှတ်ကြတဲ့အတွက် အဲဒီ လူမှုရေးဖိအားတွေကို ခံရမှာစိုးလို့ ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ တစ်ယောက်တည်း စိတ်ဒဏ်ရာရတာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရတာတွေကလည်း စိတ်ကျန်းမာရေးကို ပိုဆိုးစေတဲ့ အချက်တွေပါပဲ။

ဒါကြောင့် လုပ်သင့်တာလေးတွေကတော့ . . .

✅ ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံပါ။

ဒါဟာ ပုံမှန်သဘာဝဖြစ်စဉ်တစ်ခုဖြစ်ကြောင်းကို နားလည်ပြီး အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လက်ခံပေးပါ။
.

✅ သန့်ရှင်းရေး ဂရုစိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်ဖို့ သန့်ရှင်းရေးကို အထူးဂရုပြုပါ။
.

✅ ထိန်းချုပ်ရခက်တဲ့အခါ တစ်ခုခုနဲ့ အာရုံလွှဲပြောင်းဖို့ ကြိုးစားပါ။

အိမ်သန့်ရှင်းရေး ထလုပ်လိုက်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောတာဖြစ်ဖြစ်၊ အပြင်ထွက် မုန့်စားတာဖြစ်ဖြစ် လုပ်ကြည့်ပါ။
.

✅ စိတ်ခံစားချက်တွေကို ထိန်းညှိပါ။

စိတ်ဖိစီးမှုများတဲ့အခါ ဒါမျိုးကို အားကိုးမိတတ်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ အားကစားလုပ်တာ၊ လမ်းလျှောက်တာ၊ စာဖတ်တာ၊ အပင်စိုက်တာ စသဖြင့် အားလပ်ချိန်တွေမှာ ကိုယ်ဝါသနာပါရာလေးတွေ လုပ်တာလိုမျိုး တခြားနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ဖို့ ကြိုးစားပါ။
.

ရှောင်သင့်တာလေးတွေကတော့ . . .

🚫 အလွန်အကျွံ မလုပ်ပါနဲ့။

ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာပြီဆိုရင်တော့ သတိထားရပါမယ်။
.

🚫 အပြစ်ရှိတယ်လို့ မခံစားပါနဲ့။

လူမှုရေးဖိအားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး။ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။
.

🚫 ဒီလိုခံစားနေရလို့ဆိုပြီး တစ်ယောက်တည်း အခန်းအောင်းနေတာမျိုး မလုပ်ပါနဲ့။

✍🏻 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ။

  • အကြိမ်ရေ တအားများလာပြီး ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အခါ
  • ဒီအပြုအမူကြောင့် လူမှုဆက်ဆံရေး၊ အလုပ်အကိုင် သို့မဟုတ် ပညာရေးမှာ ထိခိုက်လာတဲ့အခါ
  • အစားပျက် အအိပ်ပျက်နဲ့ မောပန်းလွယ်ပြီး ကိုယ်ခန္ဓာကျန်းမာရေးပါ ထိခိုက်လာတဲ့အခါ
  • ဘယ်အရာကိုမှ အာရုံစိုက်လို့မရတဲ့အခါ
  • စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်လွန်ကဲတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပါ ခံစားလာရတဲ့အခါ . . . ဒီလိုအခြေအနေမျိုးတွေ ကြုံလာပြီဆိုရင်တော့ ဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ ဆွေးနွေးပါ။ မရှက်ပါနဲ့။ မကြောက်ပါနဲ့။

ဒါဟာ တခြားသော ကျန်းမာရေးပြဿနာတွေလိုပဲ ကုသလို့ရတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။

အလားတူပါပဲ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူမှုအသိုက်အဝန်းတွေမှာလည်း ဒီအကြောင်းနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ အများကြီး လိုအပ်နေသေးတဲ့ အကြောင်းအရာ တစ်ခုဆိုလည်း ဟုတ်ပါတယ်…။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here