သွေးအကျိတ်ကင်ဆာ (ခေါ်) ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma)

သွေးအကျိတ်ကင်ဆာ (ခေါ်) ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma)

???? သွေးအကျိတ်ကင်ဆာကို ပြန်ရည်ကျိတ်ကင်ဆာလို့လည်းခေါ်ပြီး ဆေးပညာအခေါ်အဝေါ်အရတော့ Lymphoma လို့ ခေါ်ပါတယ်။ သွေးကင်ဆာရောဂါအားလုံးမှာ အဖြစ်အများဆုံးလို့ ဆိုလို့ရပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ခဲ့ရင် သွေးဖြူဥတစ်မျိုးဖြစ်တဲ့ lymphocyte တွေဟာ အထိန်းအချုပ်မရှိ ပွားများလာပြီး ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ကြီးထွားရောင်ရမ်းလာကြပါတယ်။

ပြန်ရည်ကြောစနစ် (Lymphatic system) ရဲ့ အဓိကအလုပ်က ကိုယ်ခံအားကို ဖြည့်တင်းပေးပြီး ရောဂါတွေမှ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ရင်တော့ ကိုယ်ခံအားကျတတ်ပါတယ်။ ဒီပုံမှန်မဟုတ်တဲ့ သွေးဖြူဥ lymphocyte တွေဟာ ပြန်ရည်ကြောကနေတစ်ဆင့် သရက်ရွက်နဲ့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ များစွာသောပြန်ရည်ကျိတ်တွေဆီ ​ပျံ့နှံ့သွားပါတယ်။

.

.

????သွေးကျိတ်ကင်ဆာ အမျိုးအစားများ

သွေးကျိတ်ကင်ဆာ (Lymphoma) ကို

* ကင်ဆာဆဲလ်ရဲ့ ပုံစံပေါ်မူတည်၍ (၂) မျိုးခွဲလို့ရပါတယ်။

Hodgkin’s lymphoma (HL)နဲ့

Non-Hodgkin’s lymphoma (NHL) တို့ဖြစ်ပါတယ်

.

* Lymphoma စဖြစ်တဲ့ ဆဲလ်အမျိုးအစား ပေါ်မူတည်ပြီး လည်း ၂ မျိုးခွဲလို့ရပါတယ်

Thymus မှာစဖြစ်တဲ့ T Lymphocyte ကြောင့် ဆိုရင် ” T-cell lymphoma” နဲ့

ပြန်ရည်ကျိတ် (Lymph Node) မှာ စဖြစ်တဲ့ B Lymphocyte ကြောင့်ဆိုရင် ” B-cell lymphoma” လို့ ခေါ်ပါတယ်။

.

.

???? Lymphoma ဘာ့ကြောင့် ဖြစ်လဲ ?

Lymphoma ဖြစ်နိုင်စေတဲ့ အကြောင်းရင်းတစ်ချို့ကတော့…

– မျိုးဗီဇပြောင်းလဲတာ

– ဓာတ်ရောင်ခြည်ကို ထိတွေ့မှုများတာ

– တစ်ချို့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ

– ကိုယ်ခံအားကျနေသူတွေမှာ အကျိတ်ရောင်အဖျား (glandular fever) လိုမျိုးကို ဖြစ်စေတဲ့ virus တွေနဲ့ တခြားဗိုင်းရပ်တွေ (ဥပမာ- အသည်းရောင်အသားဝါ C ပိုး) ကြောင့်ဖြစ်တာ

– ခုခံအားစနစ်မှားယွင်းသောရောဂါ (Autoimmune disease) တွေကြောင့် ဖြစ်တာတွေ ဖြစ်ပါတယ်။

တစ်ချို့တွေမှာတော့ ဘာ့ကြောင့် သွေးကျိတ်ကင်ဆာဖြစ်လဲဆိုတာ သေချာမသိရသေးပါဘူး။ အကြောင်းရင်း တစ်ခုထဲကြောင့် မဖြစ်နိုင်ဘူးလို့လည်း ထင်ရပါတယ်။

.

.

????ဘယ်သူတွေမှာ lymphoma ဖြစ်တတ်လဲ ?

ဘယ်သူမဆို lymphoma ဖြစ်နိုင်ပါတယ်။ Hodgkin’s lymphoma အများစုဟာ အသက် ၂၀ နဲ့ ၂၅ နှစ်ကြား လူငယ်တွေနဲ့ အသက် ၇၀ ကျော်တွေမှာ တွေ့ရပါတယ်။

.

.

????Lymphoma ရဲ့ ရောဂါလက္ခဏာများ

လည်ပင်းက ပြန်ရည်ကျိတ်တွေက အများဆုံး ရောင်ရမ်းတတ်ပါတယ်။ ဂျိုင်းနဲ့ ပေါင်ခြံမှ ပြန်ရည်ကျိတ်တွေလည်း ရောင်တတ်ပါတယ်။ ဝမ်းဗိုက်နဲ့ရင်ဘက်ထဲမှာရှိတဲ့ ပြန်ရည်ကျိတ်တွေကြီးရင်တော့ ရောဂါလက္ခဏာ စောစီးစွာမပြတာမျိုးလည်းရှိပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့…

• နုံးချည့်ပြီး နေမကောင်းဖြစ်သလို ခံစားရတာ

• စားချင်စိတ်မရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် လျော့နည်းလာတာ

• အဖျားတက်လိုက်ကျလိုက်ဖြစ်ပြီး ညအခါ ချွေးပြန်တတ်တာ

• ရက်ရှည်ဖျားတာ

• တစ်ချို့မှာ အရေပြား ယားတာတွေပါဖြစ်လာတာ

• အာသီးရောင်တာ နဲ့

• သရက်ရွက် ကြီးလာလို့ ဗိုက်ထဲမှာလေးသလို ဖြစ်နေတာတွေ ဖြစ်တတ်ပါတယ်။

.

.

????ပြန်ရည်ကျိတ်ကင်ဆာ ဟုတ်မဟုတ် သေချာသိဖို့ ရောဂါရှာဖွေစမ်းသပ်တာ (Investigation) တွေကတော့…

– အသားစယူ စစ်ဆေးခြင်း

ပြန်ရည်ကျိတ်တစ်ခုကနေ အသားစ ( biopsy) ကို ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်း(microscope) နဲ့ စစ်ဆေးကြည့်ရပါတယ်။

အသားစယူပုံ (၂) မျိုး ရှိပါတယ်။

(၁) အကျိတ်ထဲကို ဆေးထိုးအပ်နဲ့ထိုးယူတာ ( Needle Biopsy) နဲ့

(၂) ခွဲစိတ်ပြီး အကျိတ်တစ်ခုလုံးယူတာ ( Lymph Node Biopsy) တို့ဖြစ်ပါတယ်။

*** အသားစယူပြီးစမ်းသပ်တာကမှသာ သွေးကျိတ်ကင်ဆာ ဟုတ်မဟုတ် ကို အတည်ပြုပေးနိုင်တာပါ ***

(အဖြေထွက်လာရင် တိကျသေချာအောင် Immunohistochemistry (IHC) ဆိုတဲ့ ဆိုးဆေးဆိုးပြီး ထပ်မံ စစ်ဆေးလို့ရပါတယ်)

တခြား စမ်းသပ်မှုတွေကတော့ ရောဂါအဆင့်သတ်မှတ်တာနဲ့ ကုထုံးရွေးချယ်ဖို့ ခံနိုင်ရည်ရှိမရှိ စစ်ဆေးတဲ့နေရာတွေမှာလိုအပ်ပါတယ်။

– ရိုးတွင်းချဥ်ဆီကို စစ်ဆေးကြည့်တာ (bone marrow biopsy)

– ရင်ဘတ်ဓာတ်မှန် (chest X-ray)ရိုက်တာ

– ဝမ်းဗိုက်အာထရာဆောင်း ( Abdominal Ultrasound) ရိုက်တာ

– သွေးစစ်တာ (blood cell examination)

– ကွန်ပျူတာဓာတ်မှန် (CT scan) နဲ့

– PET scan (Positron Emission Tomography) ရိုက်ကြည့်လို့ ရပါတယ်။

.

.

????ရောဂါ အဆင့်သတ်မှတ်ခြင်း ( Staging)

ဖြစ်တဲ့နေရာနဲ့ ပြန်ရည်ကျိတ်တွေဆီ ပျံ့နှံ့မှုပေါ် မူတည်ပြီး သွေးကျိတ်ကင်ဆာကို အဆင့် ၁ ကနေ အဆင့် ၄ ထိ သတ်မှတ်ထားပါတယ်။

အဆင့် ၁ – ပြန်ရည်ကျိတ် တစ်နေရာထဲကြီးတာ

အဆင့် ၂ – ဝမ်းတွင်းမှေးရဲ့ တစ်ဘက်တည်းမှာ ပြန်ရည်ကျိတ် နှစ်နေရာနဲ့ အထက်ကြီးတာ

အဆင့် ၃ – ဝမ်းတွင်းမှေးရဲ့ နှစ်ဖက်လုံး ( ရင်ခေါင်းရော ၊ ဝမ်းဗိုက်ရော ) မှာ ပြန်ရည်ကျိတ်တွေကြီးတာ

အဆင့် ၄ – တခြားကလီစာတွေဖြစ်တဲ့ အသည်းကို သွေးကျိတ်ကင်ဆာ ပြန့်သွားတာနဲ့ ရိုးတွင်းခြင်ဆီထိ ကင်ဆာဆဲလ်တွေရောက်သွားတာတို့ ဖြစ်ပါတယ်။

.

.

????သွေးကျိတ်ကင်ဆာကို ဘယ်လို ကုသမလဲ?

ပြန်ရည်ကျိတ်ကင်ဆာ ကုသရာမှာ အမျိုးအစားနဲ့ ဘယ်လောက်ပြန့်နေလဲပေါ် မူတည်ပြီး ကုသမှုအမျိုးမျိုး ရှိပါတယ်။

– တဖြည်းဖြည်းနဲ့ကြီးလာတတ်တဲ့ တစ်ချို့သော သွေးကျိတ်ကင်ဆာ တွေကို ဆရာဝန်ရဲ့လမ်းညွှန်မှုနဲ့ ဆေးမပေးသေးပဲ သေချာစောင့်ကြည့်တာ

– ဓာတုဆေးပြားတွေသောက်ရတာ (သို့မဟုတ်) ထိုးဆေးတွေသွင်းပြီး ကင်ဆာဆေးသွင်းကုသတာ (Chemotherapy)

– တချို့နေရာမှာရှိတဲ့ ဆဲလ်တွေကို ဓာတ်ရောင်ခြည် ခေါ် X-ray သုံးပြီး ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဓာတ်ကင် ကုသတာ (Radiotherapy)

– ကင်ဆာဆဲလ်ကို တိုက်ရိုက်သက်ရောက်စေတဲ့ ဆေးနဲ့ ခုခံအားသုံးကုသတာ (biological therapy or immunotherapy)

( ကင်ဆာဓာတုဆေးဝါးတွေနဲ့အတူ သင့်တော်တဲ့ ခုခံအား ( Antibody) တွေကို အသုံးပြုပြီးကုသတာမျိုးဖြစ်ပါတယ်။)

– ရိုးတွင်းချဥ်ဆီ အစားထိုးကုသတာ ( stem cell or bone marrow transplantation)

.

.

သွေးကျိတ်ကင်ဆာ ၂ မျိုးအတွက် ကုသမှုဟာ နည်းနည်း ကွာပါတယ်။ တစ်ချို့လူတွေမှာ ကုသမှုတစ်မျိုးထဲ လိုအပ်ပေမယ့် တစ်ချို့မှာတော့ ပေါင်းစပ်ကုသဖို့ လိုပါတယ်။

Hodgkin’s lymphoma ကို ကုတဲ့အခါမှာ အောင်မြင်တာများပြီး ​ရောဂါပျောက်ကင်းနိုင်ပါတယ်။ ကုသလို့အရဆုံး cancer တွေထဲက တစ်ခုဖြစ်ပါတယ်။ လူငယ်တွေမှာ ရောဂါပျောက်ကင်းနှုန်း ပိုများပါတယ်။

Non-Hodgkin’s lymphoma ကလည်း ပျောက်ကင်းနိုင်ပေမယ့် သူကတော့ ကုသရတာ ပိုခက်ခဲပါတယ်။

( ကုသမှုနည်းလမ်းအသစ်တွေကို ရှာဖွေကြံဆနေကြပြီး ရောဂါပျောက်ကင်းနှုန်းဟာလည်း တဖြည်းဖြည်း တိုးတက်လာနေပါတယ်။)

.

.

????အရေးကြီးတဲ့အချက်ကတော့

ကင်ဆာကုသနေတဲ့အချိန်မှာ ခုခံအားကျပြီး ရောဂါပိုးဝင်လွယ်တာတွေ ဖြစ်တတ်တာမို့ သူများထက်ပိုပြီး အစားအသောက်၊ အနေအထိုင် ဂရုစိုက်ဖို့လိုပါတယ်။

ခုခံအားတက်စေမယ့် အစားအသောက်တွေကို စားသောက်ရပါမယ်။

*** သွေးကျိတ်ကင်ဆာ (ခေါ် ) ပြန်ရည်ကျိတ်ကင်ဆာ ဟာ ကုသပျောက်ကင်းနိုင်တဲ့ရောဂါမို့ သိလျှင်သိချင်း ကုသမှုခံယူဖို့ တိုက်တွန်းပါရစေ ***

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.303

https://www.nhs.uk/conditions/non-hodgkin-lymphoma/

https://www.nhs.uk/conditions/hodgkin-lymphoma/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#lymphoma#ပြန်ရည်ကျိတ်ကင်ဆာ

#သွေးအကျိတ်ကင်ဆာ

Ministry of Health,

National Unity Government.

Published on: 6 January 2023
Last Updated: 6 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး)

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် - အပိုင်း (၃)(မုန်တိုင်းအလွန်က မျှော်လင့်ချက်ရောင်ခြည်လေး) ဘယ်လောက်ကြာကြာ ကျွန်တော် ဟန်ဆောင်နေနိုင်မှာလဲဆိုတာကို ကျွန်တော် မသိဘူး။ လူတွေရှေ့မှာ သန်မာဟန်ဆောင်ရင်း အတွင်းစိတ်မှာတော့ နေ့စဉ်နဲ့အမျှ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရတဲ့ ဘဝဟာ တစ်နေ့မှာတော့ ရပ်တည်နိုင်စွမ်း အကန့်အသတ်ကို ရောက်လာခဲ့ပါတယ်။ နေ့တိုင်း ရင်ဆိုင်ရလွန်းတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ဟာ...

ရာသီဥတု ပူပြင်းနေချိန်တွင် အရက်သောက်ပါက(မေလ၊ ၂၀၂၆ ခုနှစ်)

▪️ ရေဓာတ်ခန်းခြောက်ပြီး အရေးပေါ် အပူလျှပ်ခြင်း (Heat stroke) ကို ပိုမို ဖြစ်စေနိုင်သည်။▪️ အရက်ကို အလွန်အကျွံ မသောက်ပါနှင့်။▪️ အရက်ကို လုံးဝရှောင်ကြဉ်ပါ သိုမဟုတ် လျှော့သောက်ပါ။▪️ ရေများများ သောက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ

"တဖြည်းဖြည်းနဲ့ ပလတ်စတစ်ဖြစ်လာသော လူသားများ" ပလတ်စတစ်ကို ရှာဖွေတွေ့ရှိပြီး အသုံးပြုလာကြတာတော့ (၂၀) ရာစု အစပိုင်းမှာပါ။ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်စွာ နေ့စဥ်ဘ၀ထဲ ရောက်ရှိလာတာတော့ ဒုတိယကမ္ဘာစစ်အတွင်း လိုအပ်ချက်တွေကြောင့်လို့ပြောရမှာပဲ။ အသုံး၀င်တယ်။ သုံးလို့လည်း ကောင်းတာကိုး။ ဒီလိုနဲ့ ပလတ်စတစ်တွေ သုံးလာလိုက်ကြတာ ပလတ်စတစ်အမှိုက်တွေ စုပြုံပြီး ဘယ်လိုစွန့်ပစ်ရမလဲလို့ အခက်တွေ့ကြတဲ့အထိပါပဲ။ မယုံမရှိပါနဲ့။...

စိုးရိမ်စိတ်တွေနှင့် နေခဲ့ဖူးသူတစ်ယောက် – အပိုင်း (၂)(ဟန်ဆောင်မျက်နှာဖုံးအောက်က မမြင်ရသော စစ်ပွဲများ)

လူတွေက Anxiety ကို စိတ်ထားမတတ်လို့ ဖြစ်တာလို့ ထင်တတ်ကြတယ်။ တကယ်တော့ Anxiety ဆိုတာ စိတ်ကနေ စတင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တဲ့ မမြင်ရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ။ အပြင်ပန်းက ကြည့်ရင် အကောင်းပကတိလို ဖြစ်နေပေမယ့် ဝေဒနာရှင်ရဲ့ အတွင်းစိတ်နဲ့...