“ကင်းကိုက်ခြင်း” “Centipedes and Scorpion Bite” (May 2023)

“ကင်းကိုက်ခြင်း”

မိုးတွေရွာ၊ လေမုန်တိုင်း‌တွေတိုက်ပြီး လူတွေ ဘေးလွတ်ရာရှောင်သလို တိရစ္ဆာန်တွေကလည်း ဘေးလွတ်ရာ ရှောင်ရှားကြရတော့ လူနေအိမ်‌ခြံတွေ၊ အပျက်အစီးအပုံတွေထဲမှာ မြွေ၊ ကင်းတွေနဲ့ တိုးမိလို့ အန္တရာယ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒါကြောင့် ကင်းကိုက်ခံရရင် ဘယ်လိုတွေ လုပ်ဆောင်ရမယ်ဆိုတာ ပညာပေးဆောင်းပါးလေး ရေးသားလိုက်ပါတယ်။

..

..

◾ကင်းခြေများ (Centipede)

ကင်းခြေများဟာ အဆိပ်ရှိတဲ့ အသားစားသတ္တဝါပါ။ သားကောင်ဖြစ်တဲ့ အင်းဆက်တွေ၊ တီကောင်တွေကို သူ့အဆိပ်နဲ့ တိုက်ခိုက်စားသောက်တတ်ပါတယ်။ လူကို အန္တရာယ်ပေးလိုတာမဟုတ်ပေမယ့် အခုလို မုန်တိုင်းပြီးလို့ အပျက်အစီးတွေ ရှင်းလင်းရင်း မတော်တဆ ကိုင်မိတာမျိုးဖြစ်‌စေ၊ မသိဘဲ သွားထိမိတာမျိုးဖြစ်စေ ကိုက်ခံရနိုင်ပါတယ်။

ကင်းခြေများတွေမှာ ခြေထောက်လေးတွေက (၁၅) စုံကနေ (၁၇၇) စုံအထိရှိပြီး၊ သူတို့ရဲ့ခြေထောက်တွေက အမြဲ မ ဂဏန်းအရေအတွက်ပဲ အစုံလိုက် ရှိတတ်ပါတယ်။ မှောင်ပြီး စိုစွတ်တဲ့ နေရာတွေကို နှစ်သက်ကြပါတယ်။

ကင်းခြေများ ကိုက်ခံရရင် အပေါက်ရာ (၂) ပေါက် (2 puncture marks) တွေ့ရနိုင်ပါတယ်။ ကိုက်ခံရတဲ့ နေရာမှာ ပူတာ၊ နီတာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်သလို အလွန်နာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပြီး မူးဝေတာ၊ အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ အကောင်ကြီးလေ အဆိပ်ပြင်းလေ ပိုနာလေပါပဲ။

အကိုက်ခံရတာက နာကျင်တတ်ပေမယ့် မြွေကိုက်ခံရသလို နောက်ဆက်တွဲဆိုးကျိုးတွေတော့ မရှိတတ်ပါဘူး။ အသက်အန္တရာယ်လည်း မရှိတတ်ပါဘူး။

အဆိပ်ဟာ ကြွက်သား၊ နှလုံးနဲ့ အာရုံကြော (myotoxic, cardiotoxic and neurotoxic effects) တို့ကို ထိခိုက်နိုင်ပါတယ်။ အချို့ကင်းခြေများတွေရဲ့ အဆိပ်ဟာ ဓာတ်မတည့်မှု (allergy) ကို ဖြစ်စေတဲ့ Histamine, serotonin တွေအပြင် နှလုံးလုပ်ဆောင်မှုကို အားနည်းစေတဲ့ ပရိုတင်းတွေပါဝင်တတ်ပြီး အပြင်းစားဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။

ရှားတော့ ရှားပေမယ့် အဲဒီ့အခါမျိုးကျရင် အနာက နာတာ၊ ကိုက်တာအပြင် ဖြစ်တဲ့ လက်/ခြေ တစ်ချောင်းလုံး ရောင်ရမ်းတာ၊ ချမ်းတုန်ပြီး အဖျားတက်တာ၊ တစ်ကိုယ်လုံးယားတာ၊ အင်ပျဥ်ထတာ၊ ရင်တုန်တာ၊ အကျိတ်တွေ ကြီးလာတာ၊ နှုတ်ခမ်း၊ လျှာနဲ့ လေပြွန်တွေ ရောင်တာ၊ အသက်ရှူကျပ်တာနဲ့ သွေးပေါင်ကျတာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ လူနာက နဂိုကတည်းက ပျား၊ ပိတုန်း၊ နကျယ်စတဲ့ အကောင်တွေရဲ့အဆိပ်နဲ့ ဓာတ်မတည့်မှုတွေရှိခဲ့ဖူးရင် ပိုပြင်းထန်နိုင်ပါတယ်။ နောက်ပြီး ကိုက်ခံရတဲ့နေရာက (လက်/ခြေထောက်တို့ မဟုတ်ဘဲ) လည်ပင်းတို့ မျက်နှာတို့ဆို အသက်ရှူလမ်းကြောင်း ရောင်ရမ်းပြီး အသက်ရှူကျပ်နိုင်လို့ ပိုသတိထားရပါမယ်။

..

..

◾ကင်းမြီးကောက် (Scorpion)

ကင်းမြီးကောက်တွေက ညဘက်မှာ ထွက်တာများကြပြီး မိုးတွင်းမှာ ပိုတွေ့ရတတ်ပါတယ်။ ကင်းမြီးကောက် အမြီးထိပ်က (Stinger) ဆိုတဲ့‌ နေရာက အဆိပ်ရှိတာဖြစ်ပါတယ်။ ကင်းမြီးကောက် အဆိပ်ကလည်း အာရုံကြော၊ နှလုံး၊ ကျောက်ကပ် ထိခိုက်ခြင်းတို့ကို ဖြစ်စေတဲ့ ဓာတ်တွေအပြင်၊ ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ ပရိုတင်းတွေပါ ပါဝင်ပါတယ်။ အများစုက တုပ်ခံရတဲ့နေရာမှာ ထုံတာ၊ နာကျင်တာတွေပဲ ဖြစ်တတ်ပြီး၊ ပိုဆိုးရင်တော့ ကိုက်ခံရတဲ့ လက်တစ်ချောင်းလုံး ထုံကျင်တာ၊ နာတာ၊ မလှုပ်နိုင်တာ၊ မူးဝေတာနဲ့ အပြင်းစား ဓာတ်မတည့်တာတွေလည်း တချို့မှာ ဖြစ်နိုင်ပါတယ်။

..

..

ကင်း ကိုက်ခံရရင် ဘာလုပ်မလဲ ?

????အနာကို ရေ၊ ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ဖုံးအုပ်ထားပါ။ ပိုးသတ်ဆေးလိမ်းဆေး (antibiotic cream) တစ်ခုခု လိမ်းပေးပါ။

(ကင်းခြေများကိုက်ရင် ကိုက်ခံရတဲ့နေရာကို အပူပေးတာ၊ ရေနွေးအိတ်ကပ်တာနဲ့ ခံနိုင်သလောက် ရေနွေးပူထဲကို စိမ်ပေးတာက အဆိပ်ပြယ်တာကို အကူအညီပေးပါတယ်)

???? ရောင်နေတဲ့နေရာကို အရောင်ကျအောင် ရေခဲကပ်ပါ။

????အနာသက်သာ‌အောင် ပါရာစီတမောလိုမျိုး အကိုက်အခဲပျောက်ဆေး၊ ဓာတ်မတည့်မှုကို ပျောက်စေတဲ့ ဘာမီတွန်တို့၊ စီထရာဇင်း (cetirzine) တို့လို Anti-histamines ဆေးတွေနဲ့ အရောင်ကျဆေးတွေ သောက်နိုင်ပါတယ်။

????လွန်ခဲ့တဲ့ (၅) နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး မထိုးထားဖူးရင် ထိုးဖို့လိုပါတယ်။

????ရောင်တာ မသက်သာရင်၊ အနာကနေ ပိုးဝင်တဲ့ လက္ခဏာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ ပိုးသတ်ဆေးသောက်ဖို့ လိုပါမယ်။

????အများအားဖြင့် ဆိုးဆိုးရွားရွား မဖြစ်တတ်ပေမယ့် အနာက (၄၈) နာရီအတွင်းမသက်သာရင် ဆရာဝန်နဲ့ ပြသပါ။

????တကယ်လို့ ကိုက်ပြီးပြီးချင်း အဆိပ်ကြောင့် ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ခံစားရရင်တော့ ကျန်းမာရေးဌာနကို အမြန်ဆုံး သွားသင့်ပါတယ်။

????ကင်းမြီးကောက် တုပ်ခံရပြီးရင် အဆိပ်ပြင်းထန်မှု ရှိ/မရှိ လူနာကို အနည်းဆုံး (၄)နာရီခန့် စောင့်ကြည့်ဖို့ လိုပါတယ်။

..

..

“မုန်တိုင်းအလွန်ကာလမှာရော…

အချိန်တိုင်း အချိန်တိုင်းအတွက်ရော….

ပြည်သူအားလုံး အစစအရာရာ ဘေးကင်းလုံခြုံကြပါစေလို့ ဆုတောင်းလျက် … “

.

အထူးကုဆရာဝန်တစ်ဦး

Telekyanmar

Reference: ????

https://www.ncbi.nlm.nih.gov/books/NBK542312/#:~:text=Centipede%20venom% 20contains%20a%20diverse,wound%20care%2C%20and%20tetanus%20update.

https://www.ncbi.nlm.nih.gov/books/NBK430928/

Ministry of Health,

National Unity Government.

Published on: 17 May 2023

Last updated: 17 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အလာ့ဂျစ် ဒိုင်ယာရီ

အလာ့ဂျစ် ဖြစ်ဖူးကြတယ်ဟုတ်။ အင်ပြင်တွေထ၊ အဖုတွေထွက်လာ၊ တစ်ကိုယ်လုံး ယားယံလာပြီး ရှိန်းတိန်းဖိန်းတိန်း ဖြစ်တာမျိုးလေ။ အဲဒီအခါကျရင် ဘာလုပ်ကြလဲ။ တမာရွက်ပြုတ်ရည် ချိုးဖူးလား၊ ထုံးတို့ဖူးလား၊ စီထရစ်ဇင်း သောက်ဖူးလား၊ ဘာမီတွန်ကို သနပ်ခါးကျောက်ပျဉ်နဲ့ ကြိတ်ပြီး လိမ်းဖူးလား။ အတော်ရင်းနှီးမယ် ထင်တယ်နော်။ ထားပါတော့လေ။ အဲဒီလို အလာ့ဂျစ်ဖြစ်တာကို ဓာတ်မတည့်လို့ဖြစ်တာမှန်း သိကြမှာပဲ။...

အရှိန်လျှော့ခြင်း၏ အလှတရား

တစ်ရက်မှာ (၂၄) နာရီဆိုတဲ့ အချိန်ဟာ ဘယ်တုန်းကစပြီး ကျွန်တော်တို့အတွက် မလောက်မငှ ဖြစ်သွားခဲ့တာလဲ။ ကျွန်တော်တို့ ရှင်သန်နေတဲ့ လက်ရှိခေတ်ကြီးမှာ "Busyness" ဆိုတဲ့ "အမြဲအလုပ်များနေခြင်း" ဆိုတာကို အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုလို ပုံဖော်ထားကြပါတယ်။ အလုပ်တွေကို တစ်ခုပြီးတစ်ခု လက်မလည်နိုင်အောင် လုပ်နေရတာကိုပဲ ညည်းတွားသလိုလိုနဲ့ ဂုဏ်ယူနေကြပါတယ်။ စားသုတ်သုတ်၊...

ကော်ဖီသောက်လို့ အရိုးပွတယ်ဆိုတဲ့ သုတေသနကို မစိုးရိမ်စေဖို့

သတင်းဌာနကြီးတစ်ခုရဲ့ ပြူးတူးပြဲတဲ သတင်းခေါင်းစဥ်နဲ့ ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို တွေ့မိတော့ ဆရာဝန်တစ်ယောက်အနေနဲ့ အံ့သြမှင်တက် ဖြစ်ရပါတယ်။ သတင်းကို အလွယ်ဖတ်သူတွေအနေနဲ့ အထင်မှားစေနိုင်တာမို့ပါ။ ဘာရေးထားတာလည်းဆိုတော့ “ကော်ဖီအသောက်လွန်ပါက အရိုးများအားနည်းစေနိုင်ကြောင်း တွေ့ရှိရ”တဲ့။ ကော်ဖီအသောက်လွန်ဆိုတာ "တစ်နေ့ ၅ ခွက်အထက်သောက်မှ" လို့ ဆိုလိုချင်တာပါဆိုပြီး ဆောင်းပါးထဲရေးထားပါတယ်။ ဒါကြောင့် ကိုယ်က တစ်နေ့ ၅...

စိတ်ဖိစီးမှုကင်းတဲ့ တတိယနေရာရဲ့ အရေးပါမှု The Importance of the ‘Third Place’

လူတစ်ယောက်ရဲ့ ဘဝမှာ ပထမနေရာ (First Place) က ကိုယ်နေထိုင်ရာ 'အိမ်' ဖြစ်ပြီး၊ ဒုတိယနေရာ (Second Place) က 'အလုပ်' (သို့) 'ကျောင်း' ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ စိတ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တာကတော့ တတိယနေရာ (Third Place)...