Bruxism (သွားကြိတ်တတ်တဲ့သူများအတွက် သိကောင်းစရာ) (October, 2022)

အိပ်နေတုန်း ဒါမှမဟုတ် နိုးနေတဲ့အချိန် သွားကြိတ်တတ်တဲ့အကျင့်ရှိကြလား? ကိုယ်ကိုယ်တိုင် မကြိတ်ရင်တောင်မှ သူများကြိတ်တဲ့ အသံကိုနားထောင်ဖူးရင်တောင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား။ ခုတောင် နားထဲ ကြားနေကြပြီ ဟုတ်?

Bruxismဆိုတာကတော့ အိပ်နေတဲ့အချိန်ဖြစ်စေ နိုးနေတဲ့အချိန်ဖြစ်စေ သွားကြိတ်တတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ (အများအားဖြင့်‌တော့ အိပ်နေတဲ့အချိန်မှာ သွားပိုကြိတ်တတ်ကြတာကို တွေ့ရပါတယ်။)

Bruxismက ဘယ်လောက်ထိ အဖြစ်များလေ့ရှိကြလဲ?

  • တော်တော့်ကို အဖြစ်များပါတယ်။ ခန့်မှန်းခြေအရတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက်က သွားကြိတ်လေ့ရှိကြပြီး အဲ့ဒီထဲက ၅%လောက်ကတော့ ညတိုင်း ပုံမှန်သွားကြိတ်လေ့ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။ ညအိပ်ချိန် သွားကြိတ်တတ်တဲ့သူအများစုမှာဆိုရင်တော့ ‌အိပ်နေတုန်း‌ဟောက်တတ်တာအပြင် ခဏအသက်ရှူရပ်တဲ့ ရောဂါတွေပါ တွဲပြီးခံစားရနိုင်တာ တွေ့ရပါတယ်။

အဲ့ဒီလို သွားကြိတ်တတ်တာကြောင့်…

  • ဘေးလူကို တော်တော် အနှောင့်အယှက်ဖြစ်စေပါတယ်။ ကာယကံရှင်ကတော့ သတိမပြုမိပေမယ့် အိမ်ကမိသားစုတွေအတွက်တော့ အဲ့ဒီသွားကြိတ်တဲ့အသံက နားမခံနိုင်အောင် ဖြစ်ရပါတယ်။
  • ညက အိပ်နေတဲ့အချိန် သွားကြိတ်ထားတဲ့ဒဏ်ကြောင့် မနက်မိုးလင်း မနက်စာစားတဲ့အချိန်မှာ သွားနာတာ၊ မျက်နှာကကြွက်သားတွေ၊ မေးရိုးတွေ တောင့်တင်းပြီး နာကျင်ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
  • နေ့လည်အချိန်တွေမှာဆိုရင် ခေါင်းကိုက်တာ၊ နားကိုက်တာတွေလည်း ခံစားရနိုင်ပါသေးတယ်။
  • ဒါ့အပြင် သွားကြွေလွှာတွေ ပျက်စီးတာ၊ မေးရိုးအဆစ်တွေ နာကျင်တာ၊ ကောင်းကောင်းမလှုပ်ရှားနိုင်တာ
  • ပါးကိုပါ ကြိတ်မိခြင်းကြောင့် ပါးကအသားစတွေရောင်ရမ်းပြီး ကြွတက်နေတာ
  • သွားအံပုံတွေ ရောင်ရမ်းတာ အစရှိတာတွေထိ ခံစားရနိုင်ပါတယ်။

ဘာကြောင့် လူတွေ သွားကြိတ်ကြသလဲ?

  • သွားကြိတ်တတ်တာက ကိုယ့်ရဲ့ကိုယ်ပိုင်အကျင့်ဖြစ်ပြီးတော့ အသက်ငယ်စဥ်ကတည်းက သွားကြိတ်တတ်လေ့ရှိကြပါတယ်။ ဒါဟာ မေးရိုးပိတ်လိုက်တဲ့အချိန် အပေါ်သွားနဲ့အောက်သွား မညီညီအောင်လိုက်စေ့ရင်း ဖြစ်လာနိုင်တဲ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။
  • stressနဲ့ စိတ်လှုပ်ရှားတဲ့အခါတွေမှာလည်း သွားကြိတ်လေ့ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုများပြားတဲ့အခါတွေမှာဆို ပိုဆိုးတာ တွေ့ရပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။
  • ဒါ့အပြင် စိတ်တိုလွယ်တာ၊ စိတ်လှုပ်ရှားလွယ်တာ၊ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေမှာလည်း တွေ့ရနိုင်ပါသေးတယ်။
  • နောက်တစ်ချက်အနေနဲ့ သွားကြိတ်တတ်တာက မျိုးရိုးလိုက်တတ်ပါတယ်။

သွားကြိတ်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ?

  • သွားတွေ ပျက်စီးလွယ်နိုင်ပါတယ်။ အဓိကအားဖြင့် သွားတွေပွန်းတာ၊ စားတာ၊ ယိုင်နဲ့လာတာ၊ ကျိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။ သွားဖုံးစွပ်တွေနဲ့ အရိုးတွေ ထိခိုက်နိုင်ပြီး သွားဖုံးရောင်တာ၊ မေးရိုးကြွက်သားတွေကြီးလာတာ၊ မေးရိုးအဆစ်တွေ ဒဏ်ရာရတာအထိ ဖြစ်နိုင်ပါတယ်။

သွားကြိတ်တတ်တာကို ဘယ်လို ကုသကြမလဲ?

  • ကာယကံရှင်ကိုယ်တိုင်က သွားကြိတ်တတ်တဲ့အကျင့်ကို ကြိုးစားပြီး ဖျောက်နိုင်ဖို့က အရေးကြီးလှပါတယ်။
  • သွားကြိတ်တယ်လို့ သတိပြုလိုက်မိတဲ့အချိန်တိုင်းမှာ မေးရိုးတွေကို မစေ့ဘဲ ပါးစပ်ကို မပိတ်ဘဲ ခဏဖွင့်ထားပါ။
  • အနားမယူခင်အချိန်မှာ ပန်းသီးတစ်လုံးလောက် ဝါးနေပါ။
  • မျက်နှာသုတ်ပုဝါ နွေးနွေးလေးကို မေးရိုးတစ်ဖက်စီမှာ ကပ်ထားပေးခြင်းဟာလည်း မေးရိုးကို အထောက်အကူပြုပေးနေတဲ့ မျက်နှာကကြွက်သားတွေ ဖြေလျှော့ရာမှာ ကူညီနိုင်ပါတယ်။
  • stressလျှော့ဖို့ လိုအပ်ပါတယ်။ တရားထိုင်ခြင်းဖြစ်စေ၊ တတ်သိနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာဖြစ်စေ၊ စိတ်ဖိစီးမှုတွေကို ‌‌ဖြေလျှော့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။

– ‌ အိပ်နေတုန်းဟောက်တတ်တာ၊ OSA အစရှိတဲ့ ရောဂါတွေနဲ့ တွဲနေခဲ့တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။

  • အိပ်တဲ့အချိန်သွားကြိတ်တာကို ကာကွယ်ဖို့အတွက်ကတော့ သွားဆရာဝန်နဲ့ တိုင်ပင်တွေးနွေးပြီး သွားကိုကာကွယ်ပေးတဲ့ အစွပ်(mouthpiece)တွေ တပ်ပေးလို့ ရပါတယ်။ အဲ့လို အစွပ်ကလေးတွေက အင်မတန်မှ ရိုးရှင်းပြီး တပ်ရ၊ဖြုတ်ရလည်း လွယ်ကူလှပါတယ်။
  • အရက်အလွန်အကျွံ သောက်သုံးတာကို ‌ရှောင်ရှားရမှာကလွဲရင် တခြားထွေထွေထူးထူး သတိထားရမယ့်အချက်ရယ်လို့ မရှိလှပါဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ (၆)လကနေ (၁)နှစ်အတွင်း သွားကြိတ်တတ်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်ဆို သွားကြိတ်တာနဲ့ပတ်သက်ပြီး ဗဟုသုတတွေ စုံလင်စွာ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းလေးတွေ လိုက်နာရင်း သွားကြိတ်တတ်တဲ့ ပြဿနာကင်းဝေးနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 335

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

 Published on: 22 October 2022
Last Updated: 22 October 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေသော နေ့စဉ်အလေ့အထများ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါဘာလို့ ပင်ပန်းနေတာလဲ" လို့ မေးမိတယ်။ အိပ်လည်း အိပ်တယ်။ စားလည်း စားတယ်။ ဒါပေမယ့် စိတ်က နားလိုက်တယ်လို့ မခံစားရဘူး။ အဖြေကတော့ ကြီးမားတဲ့ အကြောင်းရင်းကြီးတွေ မဟုတ်ပါဘူး။ နေ့စဉ် သတိမထားမိတဲ့ ကိုယ့်ရဲ့ အလေ့အထအချို့တွေကြောင့်ပဲ ဖြစ်ပါတယ်။... ၁။ အိပ်ရာဝင်ပြီး ဖုန်းကြည့်ခြင်း ည...

ရင်သားကင်ဆာ ကာကွယ်ရေး

မနေ့က (အောက်တိုဘာ ၁၃ ရက်နေ့) ဟာ ရင်သားကင်ဆာ အသိပညာပေးနေ့လေး ဖြစ်ပါတယ်။ ဒီအတွက် ဟိုတစ်နေ့က ရင်သားကင်ဆာကို သတိပြုမိဖို့ ဆောင်းပါးလေးတစ်ပုဒ် တင်ဆက်ပြီးပြီဖြစ်ပါတယ်။ ဒီနေ့ကတော့ ရင်သားကင်ဆာအကြောင်းလေး နည်းနည်းပိုပြီး ပြောပြချင်လို့ ထပ်လောင်းရေးကြည့်လိုက်ပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်ခု ဖြစ်ပါတယ်။...

စတီးရွိက် (Steroids) စပ်ဆေးများအကြောင်း

"ဆရာဝန်ပေးတဲ့ဆေးက မပျောက်ဘူး။ လမ်းထိပ်က ၅၀၀ တန် စပ်ဆေးထုပ်လေး သောက်လိုက်မှ ချက်ချင်း သက်သာတာ" ဆိုတဲ့ စကားမျိုး သင့်ပတ်ဝန်းကျင်မှာ ကြားဖူးပါသလား။ ဆရာဝန်တွေ မပေးရဲတဲ့ ဆေးစွမ်းထက်မှုကို ကွမ်းယာဆိုင်က ဘယ်လိုလုပ် ပေးနိုင်နေတာလဲဆိုတဲ့ ကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို အခုပဲ ပြောပြပေးပါမယ်။ "ကွမ်းယာဆိုင်က...

အယူအဆလွဲ (၄၃)

❌ အယူအဆလွဲ >>> ဆားခါး (Epsom Salt) သို့မဟုတ် ခြေစိမ်စက်/ရေနွေးထဲ ခြေထောက်စိမ်ထားရင် အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ထုတ်ပေးနိုင်တယ်။ (Spa တွေ ဒါမှမဟုတ် ခြေစိမ်စက်အချို့မှာ စိမ်ထားရင်း ရေတွေ မည်းနက်သွားတာ၊ ရေအရောင် ပြောင်းသွားတာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ...