‌Amphetamine (ice)(စိတ်ကြွဆေး) (December, 2022)

Amphetamine (ice)

Amphetamine သည် ဦးနှောက်လုပ်ငန်းဆောင်တာများကို မြန်စေသော၊ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ( သဘာဝ မဟုတ်သော ) စိတ်ကြွဆေး ဖြစ်ပါသည်။ တရားဝင်အသုံးပြုမှုများရှိသလို တရားမဝင် အသုံးပြုမှုများလည်း ရှိပါသည်။ ဆေးပညာလောကတွင် Narcolepsy ( အအိပ်လွန်ရောဂါ ) နှင့် Attention Deficit Hyperactivity Disorder ( ADHD ) ( အာရုံစိုက်ရန် ခက်ခဲသော ရောဂါတစ်မျိုး ) ကို ကုသရာတွင်အသုံးပြုရန် ဆေးဝါးကုမ္ပဏီများက တရားဝင် ထုတ်လုပ်လျက်ရှိပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲများတွင် စစ်သားများအား နိုးနိုးကြားကြား တက်တက်ကြွကြွရှိစေရန် amphetamine များကို ပုံမှန်ဆိုသလို အသုံးပြုခဲ့ကြပါသည်။ Adolf Hitler အား ဆရာဝန်များက methamphetamine ဆေးများ ထိုးသွင်းပေးခဲ့ကြသည်ဟုလည်း ဆိုကြပါသည်။

တရားမဝင် amphetamine များကို professional training မရှိသော ဓာတ်ခွဲခန်းများမှ ထုတ်လုပ် ရောင်းချပြီး အရည်အသွေး ကောင်းမကောင်း စိတ်မချရပါ။ Pseudoephedrine နှင့် ephedrine ကဲ့သို့သော ဆေးများကို amphetamine ထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။

” တရားမဝင် amphetamineများ “

Methamphetamine သည် အတွေ့ရတတ်ဆုံးဖြစ်ပြီး ပုံစံ ၃ မျိုး ရှိပါသည်။

– speed ( ပေါင်ဒါမှုန့် ပုံစံဖြစ်ပြီး အတွေ့ရဆုံး ဖြစ်သည်။)

– base ( အဆီပုံစံ သို့ ကော်ပုံစံ )

– ice ( crystal amphephetamine / ပုံဆောင်ခဲ )

Ecstasy ( MDMA ) သည် ဆေးပြား (tablet)အနေနှင့်ထုတ်လုပ်သော amphetamine တစ်မျိုးဖြစ်သည်။

ဗန်းစကားအနေနှင့် Roses, speed hearts, pep pills, crystal M, crank, ice, meth, poor man’s cocaine ဟု ခေါ်ကြသည်။

Amphetamine ကို ဘယ်လို အသုံးပြုကြလဲ?

Amphetamine များကို ရှူခြင်း၊ အကြောထဲ ထိုးသွင်းခြင်း၊ နှာခေါင်းနှင့် ရှိုက်ခြင်း၊ ပါးစပ်နှင့် မျိုချခြင်းများ ပြုလုပ်ကြပါသည်။

” Amphetamine သုံးစွဲခြင်း၏ အကျိုးဆက်များ “

အကျိုးဆက်များသည် amphetamine ၏ ပြင်းအား၊ ပါဝင်သော ဓာတုပစ္စည်းများနှင့် သုံးစွဲသူ၏ ကျန်းမာရေးအခြေအနေ ပေါ်မူတည်ပြီး တစ်ယောက်နှင့် တစ်ယောက် ကွဲပြားပါသည်။

တစ်ချို့သော ချက်ချင်းဆိုသလို ဖြစ်တတ်သော အကျိုးဆက်များမှာ

– အားရှိလာပြီး ဂနာမငြိမ် ဖြစ်ခြင်း၊ စကားများလာခြင်း

– ရန်လိုခြင်း၊ သာမန်ထက် ပိုတက်ကြွနေခြင်း

– တခစ်ခစ် ရယ်မောခြင်း၊ မိုက်မဲခြင်း

– စိတ်ရှုတ်ထွေးခြင်း၊ ဆုံးဖြတ်ချက် မချနိုင်ခြင်း

– လိင်ဆန္ဒ ပြင်းပျခြင်း

– အံကြိတ်ခြင်း

– ရေငတ်ခြင်း

– ယုံမှားသံသယလွန်ကဲခြင်း၊ အာရုံချောက်ချားခြင်း ကဲ့သို့သော စိတ်ဝေဒနာများ ခံစားရခြင်း

– သွေးခုန်နှုန်း မြန်ခြင်း၊ သွေးတိုးခြင်း

– အလွန် မောပန်းနွမ်းနယ်ခြင်း

– သူငယ်အိမ်များ ကျယ်လာခြင်း

Amphetamine ကို ဆေးပမာဏအနည်းငယ်သာ အသုံးပြုခြင်းသည် မောပန်းခြင်းကို သက်သာစေပြီး သုံးစွဲသူအား တက်ကြွလန်းဆန်းစေပါသည်။ ထို့ကြောင့် pep pills ဟု ခေါ်သည်။ သို့သော်လည်း ဆေးအရှိန် ရုတ်တရက်ကျ​ပြီး သုံးစွဲသူသည် ပျို့အန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ အမြဲတမ်း ခံစားရတတ်ပါသည်။ အကြမ်းဖျင်းအားဖြင့် methamphetamine များသည် သုံးစွဲပြီး ၄ နာရီမှ ၈ နာရီကြာ သွေးထဲတွင် ရှိတတ်ပြီး ၃ ရက်မှ ၄ ရက်ကြာ ဆီးထဲတွင် ရှိတတ်ပါသည်။

” Amphetamine ၏ အန္တရာယ်များ “

Amphetamine အလွန်အကျွံ သုံးခြင်းသည် သွေးတိုး​စေပါသည်။ နှလုံးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးစေနိုင်ပါသည်။

Overdoseကြောင့်…

– ရူးကြောင်ကြောင်ဖြစ်ခြင်း ( အာရုံချောက်ချားခြင်း၊ ယုံမှားသံသယလွန်ကဲခြင်း )

– စိတ်ကစဥ့်ကလျားရောဂါ (schizophrenia) ကဲ့သို့ ရောဂါလက္ခဏာများကို ခံစားရခြင်း

– စိတ်မမှန်ခြင်း (mood swings)

– စိတ်ဓာတ်ကျခြင်း (depression)

– ရုတ်တရက် ထိန်းမရ​​အောင် အလန့်တကြားဖြစ်ခြင်း (panic attack)

– ဆုံးဖြတ်ချက် မချနိုင်ခြင်း

– ယာဉ်တိုက်မှု ဖြစ်​စေနိုင်ခြင်း

Amphetamine အသုံးပြုခြင်းကို ရုတ်တရက် ရပ်ဆိုင်းလိုက်သူများတွင် ရန်လိုသောအပြုအမူများ ရှိလာ တတ်ပြီး ရာဇဝတ်ကျူးလွန်မှုလည်း ဖြစ်တတ်ပါသည်။

Overdosage ၏ သတိထားရမည့် လက္ခဏာများ

– အလွန်စိတ်လှုပ်ရှားခြင်း

– စိုးရိန်ပူပန်လွန်းခြင်း

– ရင်ဘတ်အောင့်ခြင်း

– ဖျားခြင်း

– ယုံမှားသံသယ လွန်ကဲ​ခြင်း

– အာရုံ ချောက်ချားခြင်း

– ကြွက်တက်ခြင်း၊ ဝက်ရူးပြန်ခြင်း

Amphetamine ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်း၏ အကျိုးဆက်များ

– မောပန်းနွမ်းနယ်ခြင်း

– အာရုံနောက်နေပြီး စိတ်တိုလွယ်ခြင်း

– ရုတ်တရက် ထိန်းမရအောင် အလန့်တကြားဖြစ်ခြင်း

– ဆာလောင်ငတ်မွတ်ခြင်း

– စိတ်ဓာတ်ကျခြင်း

– အိပ်မက်ဆိုး မက်ခြင်း

Amphetamine ရေရှည်သုံးစွဲခြင်း၏ နောက်ဆက်တွဲ ပြသနာများ

– စားချင်စိတ် လျော့နည်းလာခြင်းကြောင့် အာဟာရ ချို့တဲ့ခြင်း

– ကိုယ်ခံအား ကျဆင်းလာခြင်း

– ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း

– စိုးရိမ်ပူပန်ခြင်း၊ မထိန်းနိုင်မသိမ်းနိုင် အလန့်တကြားဖြစ်ခြင်း

– အရေပြားအောက်တွင် ကြမ်းပိုးများ တွားသွားနေသကဲ့သို့ ခံစားရပြီး ထိုစိတ်ကူးယဥ်ကြမ်းပိုးများကို ဆွဲထုတ်ရာမှ အနာများ ဖြစ်ခြင်း
( meth bites)

– စိတ်ကစဥ့်ကလျားရောဂါနှင့်ဆင်သော လက္ခဏာများ

– စိတ်မမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း

– သွားများပျက်စီးလာခြင်း ( dental cavities)၊ သွားဖုံးရောင်ခြင်း
( meth mouth)

– အိပ်ဆေးကဲ့သို့သော တခြားဆေးများ အသုံးပြုလာရခြင်း

– ဖော်ရွေမှုမရှိခြင်း၊ ရန်လိုခြင်း

– ပုဂ္ဂိုလ်ရေးနှင့် မိသားစု ပြသနာများ

– relationship ပြသနာများ
(အငြင်းပွားခြင်း၊ လက်တွဲဖြုတ်ခြင်း )

– လုပ်ငန်းနှင့် သင်ယူလေ့လာမှုဆိုင်ရာ ပြသာနာများ ( အာရုံစိုက်ရာတွင် ခက်ခဲခြင်းကြောင့် လုပ်ရည်ကိုင်ရည် ကျလာခြင်း)

– ဥပဒေနှင့် ဆန့်ကျင်ခြင်း ( မူးယစ်ဆေးဝါး ပိုင်ဆိုင်ခြင်းနှင့် သုံးစွဲခြင်းကြောင့် အဖမ်းခံရခြင်း၊ အသုံးပြုမှုကို ထောက်ခံသောကြောင့် ကျူးလွန်သော အကြမ်းဖက်မှုများ သို့မဟုတ် ရာဇဝတ်မှုများ)

– ငွေရေးကြေးရေးဆိုင်ရာ ပြသနာများ

( အလုပ်ပြုတ်ပြီး အကြွေးတင်ခြင်း၊ မူးယစ်ဆေးဝါးဝယ်ရန် သုံးစွဲရသော ငွေကြေး)

” Amphetamine နှင့်ပတ်သက်၍ သိထားသင့်သော အချက်များ “

– Amphetamine သည် ဦးနှောက်နှင့်ခန္ဓာကိုယ်၏ အလုပ်လုပ်ပုံကို သဘာဝအတိုင်းမဟုတ်သော နည်းလမ်းဖြင့် အရှိန်မြှင့်တင်ပေးသော စိတ်ကြွဆေးဖြစ်ပါသည်။

– ရေရှည်အသုံးပြုခြင်းသည် ဦးနှောက်ကို ပျက်စီးစေပြီး ရူကြောင်ကြောင်ဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ရန်လိုသော အပြုအမူများကို ဖြစ်စေပါသည်။

– Amphetamine ထုတ်လုပ်ရောင်းချခြင်းနှင့် ပိုင်ဆိုင် ထားခြင်းသည် တရားမဝင်ပါ။

– အကူအညီ လိုအပ်ပါက ( overdose အပါအဝင်) ဆေးကုသမှု ခံယူသင့်ပါသည်။

Reference:

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.216

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#amphetamine

Ministry of Health,

National Unity Government.

Published on: 16 December 2022
Last Updated: 16 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဖောက်ပြန်ခံရတဲ့အခါ ….

ပတ်ဝန်းကျင်မှာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ ခဏခဏ မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ အိမ်ထောင်ဖက် ဒါမှမဟုတ် ချစ်သူက ဖောက်ပြန်သွားတဲ့အခါ.... ဖောက်ပြန်ခံရတဲ့သူကပဲ "ငါ ဘာတွေ လိုအပ်သွားလို့လဲ"၊ "ငါ့မှာ ဘာအားနည်းချက်ရှိလို့လဲ"၊ "ငါ့အပြစ်တွေပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာ၊ လက်ညှိုးထိုးတတ်ကြပါတယ်။ တကယ်တော့ အမှားလုပ်တာက တစ်ဖက်လူဖြစ်ပြီး နာကျင်ရတာက...

ဒိုပါမင်း အလွန်အကျွံလှုံ့ဆော်မှုကို ခဏတာဖြတ်တောက်ခြင်း Dopamine Fasting

ဖုန်းသုံးနေရင်း social media ပေါ်က short videos တွေကို တစ်ခုပြီးတစ်ခု ပွတ်နေရင်း အချိန်တွေကုန်မှန်းမသိ ကုန်သွားတာမျိုး ကြုံဖူးပါသလား။ ဒီလိုဖြစ်ရတဲ့ အဓိကတရားခံကတော့ ဦးနှောက်ထဲက ဒိုပါမင်း (Dopamine) ဓာတ်တွေ အလွန်အကျွံ လှုံ့ဆော်ခံနေရလို့ပဲ ဖြစ်ပါတယ်။ ဒိုပါမင်း (Dopamine) ဆိုတာ အလွယ်ပြောရရင် ကျွန်မတို့...

သွေးစစ်ဖို့ နောက်မကျပါစေနဲ့

ဆေးခန်းရှေ့ရောက်မှ ရင်တွေတအားခုန်လာပြီး နောက်ပြန်လှည့်ပြေးချင်စိတ် ပေါက်ဖူးလား။ "အဖြေတစ်ခုခု ထွက်လာရင် ငါဘယ်လို ရှေ့ဆက်ရမလဲ" ဆိုတဲ့ အတွေးက လူကို အတော်လေး မွန်းကျပ်စေတာ အမှန်ပဲ။ HIV လို၊ ကာလသားရောဂါလို ကိစ္စတွေမှာ သွေးသွားစစ်ဖို့ ကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းလိုလို ဒီခံစားချက်ကို ဖြတ်သန်းဖူးကြတာချည်းပဲ။ ဒါပေမယ့်...

အယူအဆလွဲများ (၃၇)

❌ အယူအဆလွဲ >>> နှာခေါင်းသွေးယိုတဲ့အခါ သွေးတွေ အပြင်ကို ထပ်မထွက်လာစေဖို့ ခေါင်းကို အနောက်ဘက်ကို မော့ပစ်လိုက်တာ ဒါမှမဟုတ် ပက်လက်လှန်အိပ်ခိုင်းလိုက်တာ။ ☑️ အမှန် >>> ခေါင်းကို အနောက်ကို မော့လိုက်တဲ့အခါ နှာခေါင်းထဲက သွေးတွေဟာ အပြင်ကို မစီးတော့တာ မှန်ပေမယ့် အဲဒီသွေးတွေဟာ လည်ချောင်းထဲမှတစ်ဆင့်...