MENU

Stroke Prevention” (May 2023)

ကိုယ်တစ်ခြမ်း မလှုပ်နိုင်၊ လမ်းမလျှောက်နိုင်၊ စကားပီပီသသ မပြောနိုင်…အစရှိတဲ့ လေဖြတ်ခံထားရတဲ့ လူနာမျိုးတွေနဲ့ တွေ့ဖူးကြုံဖူးကြမယ်လို့ ထင်ပါတယ်။

ဒီနေ့ ပြောပြချင်တဲ့အကြောင်းကတော့ လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ ဆိုတဲ့အကြောင်းလေး ဖြစ်ပါတယ်။

လေမဖြတ်အောင် အကောင်းဆုံးနေထိုင်နည်းလမ်းတွေကတော့ အာဟာရမျှတတဲ့ အစားအသောက် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီလို နေထိုင်မှု ပုံစံပြောင်းရုံနဲ့…

– သွေးတွင်း အဆီများခြင်း

– သွေးကြာ အဆီပိတ်ခြင်း

– သွေးတိုးခြင်းတို့ကို လျော့နည်းစေတာကြောင့် လေဖြတ်ရောဂါနဲ့ အခြား နှလုံးသွေးကြောကျဉ်းရောဂါတို့ကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

လေဖြတ်ဝေဒနာကို တစ်ကြိမ်ကြုံတွေ့ ဖူးရင် နောက် တစ်ကြိမ် ထပ်ဖြစ်နိုင်ခြေ များတာကြောင့်၊ အခုပြောပြထားတဲ့ နည်းလမ်းတွေအတိုင်း နေထိုင်မှသာ နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ ဆိုရင်တော့….

..

..

(၁) စားသောက်မှု ပုံစံ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ အဆီအအိမ့်နဲ့ အသင့်စား အစားအစာတွေကို စားသုံးခြင်းဟာ သွေးတိုးရောဂါနဲ့ သွေးတွင်းအဆီဓာတ်များခြင်းတို့ကို ဖြစ်စေနိုင်တဲ့အတွက် လေဖြတ်ရောဂါ ပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အဆီနည်းနည်းနဲ့ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အဆန်အစေ့တွေကို နေ့စဉ် စားပေးသင့်ပါတယ်။ တစ်နေ့ အသီးအရွက် 400 gram စားခြင်းအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါအပြင် ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးတာကို တွေ့ရှိရပါတယ်။

နောက်တစ်ချက်ကတော့ သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံ (balanced diet) ဖြစ်ဖို့ လိုပါတယ်။ ဥပမာပြောရရင် ကျန်းမာရေးနဲ့ညီညွှတ်အောင် အသီးစားရမယ်ဆိုပြီး ရာသီပေါ် သရက်သီးချည့်ပဲ ၄-၅ လုံး စားလို့မရပါဘူး။ အသီးအရွက်နဲ့ အသားငါးကို အချိုးညီညီ မျှတအောင်စားရမှာကို ဆိုလိုပါတယ်။

မိမိစားတဲ့ အစားအစာထဲမှာ ဆားသုံးစွဲမှုကိုလည်း လျှော့ချဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဆား ၆ ဂရမ် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) စာထက်ပိုပြီး မစားသင့်ပါဘူး။ ဆားနဲ့အတူ မြန်မာလူမျိုးတွေ အကြိုက်ဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့ အငန်ဓာတ်များတဲ့ အစားအစာတွေကိုလည်း လျှော့စားရမှာ ဖြစ်ပါတယ်။

..

..

(၂) လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း ကျန်းမာအောင် နေထိုင်နည်းထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအဆီဓာတ်ကိုလည်း ကျစေသလို သွေးပေါင်ကိုပါ ထိန်းပြီး ဖြစ်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ အလေးတွေ မမှ၊ တကူးတက လေ့ကျင့်ခန်းလုပ်တဲ့ gym ဆီ သွားပြီးလုပ်မှ လေ့ကျင့်ခန်းလုပ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် လမ်းအမြန်လျှောက်တာကလည်း လေ့ကျင့်ခန်းအနေနဲ့ သတ်မှတ်လို့ ရပါတယ်။ ချွေးထွက်ရုံ မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုး ဥပမာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အေရိုးဗစ် (aerobic) ကစားတာ ဒါတွေကို လုပ်လို့ရပါတယ်။

.

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ လေဖြတ်စေတဲ့ အကြောင်းအရင်းမှာ အဓိကနေရာက ပါဝင်တာကြောင့် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးကြောပိတ်တာတွေ ဖြစ်နိုင်လို့ပါ။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ နဲ့ တစ်ခြားသော ကင်ဆာတွေ၊ နှလုံးသွေးကြောကျဉ်းတာတွေပါ ဖြစ်စေတဲ့အတွက် ဆေးလိပ်သောက်ခြင်းကို လုံးဝ (လုံးဝ) ရှောင်ရှားရပါမယ်။

.

(၄) အရက်သောက်ခြင်း

အရက်အလွန်အကျွံ သောက်ခြင်းကလည်း သွေးတိုးရောဂါနဲ့ အခြားရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။ အရက် အလွန်အကျွံသောက်သုံးသူဟာ သာမာန်လူထက် ၃ ဆ လေဖြတ်နိုင်ခြေ များပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ရပါမယ်။

.

(၅) မိမိရောဂါအခံကို သေချာဂရုစိုက် ကုသခြင်း

လေဖြတ်ခြင်းရဲ့ အဓိကကြောင်းအရင်းဖြစ်တဲ့ သွေးတိုးနဲ့ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များတဲ့ ရောဂါ၊ နှလုံးခုန် စည်းချက်မမှန်တဲ့ရောဂါ ဒါတွေအတွက်ကိုလည်း ဆေးကုသမှု သေချာခံယူရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ရောဂါအခံကိုလည်း စနစ်တကျကုသမှု ခံယူရင်း အပေါ်မှာပြောထားသလို နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲမှသာလျှင် လေဖြတ်ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Ref: nhs.uk/stroke prevention

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...