ညနေစောင်းပြီ။ တောနက်နက်ထဲက ကိုယ်တို့စခန်းဌာနေမှာ သာမန်ရက်တစ်ရက် ကုန်ဆုံးလို့သွားပြန်ပါတယ်။

ညနေစောင်း ညီအစ်ကိုမသိတသိအချိန်ဆိုရင် ဆန်းမင်းတစ်ယောက် ကင်းတဲထောင့်မှာထိုင်ရင်း ဝင်သွားတဲ့နေလုံးကြီးကိုကြည့်ရင်း စိတ်ဓာတ်ကျပြီး ဝမ်းနည်းလာတယ်။ တပ်ကိုရောက်နေတာ ၄ နှစ်ကျော် ကြာလာပြီဆိုတော့ အိမ်ကိုလွမ်းတဲ့စိတ်၊ အနာဂတ်အတွက် စိုးရိမ်စိတ်တွေက မတွေးဘဲနဲ့ မကြာခဏဝင်မိတယ်။ စစ်ပွဲရဲ့ဖိအားတွေကလည်း ဆန်းမင်းကို အမြဲတမ်း တိတ်ဆိတ်လေးလံအောင် ပြုစားနေတယ်။ ရဲဘော်တွေ လာစကားပြောရင်တောင် ခေါင်းတစ်ချက်ညိတ်ပြပြီး အေးစက်စက်ပဲ ပြုံးတုံ့တုံ့ တုံ့ပြန်တတ်သူမို့ ရင်းမှူးကအစ သူ့အတွက် အမြဲစိုးရိမ်နေတာ။ အင်တာနက်တွေပြန်ရတော့ သူ့ကို ရင်းမှူးကပဲ အွန်လိုင်းကနေတစ်ဆင့် စိတ်ကျန်းမာရေးဆရာဝန်လေးနဲ့ ပြပေးခဲ့တာ။

ကိုဇော်ကတော့ ဆန်းမင်းရဲ့ အချစ်ဆုံးသူငယ်ချင်း။ ဆန်းမင်း ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ရင်‌ဖွင့်နေကျက ကိုဇော်ပဲ။ ဆန်းမင်းတစ်ခုခုဖြစ်ပြီထင်ရင် အခြားရဲဘော်တွေက ကိုဇော့်ကိုပဲ မေးရမြန်းရတာပဲ။ ကိုဇော်က တပ်စိတ်ထဲမှာ အလုပ်အများဆုံး ရဲဘော်တစ်ယောက်ပါ။

သူက ဟင်းချက်ရင်လည်း ပါတယ်။ ထင်းခုတ်ရင်လည်း ကူတယ်။ ညဘက် ကင်းလှည့်ရင်လည်း တာဝန်ယူတတ်တယ်။ ရေနွေးကြမ်းအိုး ကျိုပြီးရင်လည်း ဆန်းလင်းအနားကို အရင်ဆုံး လာပို့ပေးလေ့ရှိပါတယ်။ ဆန်းမင်းအပေါ်မှာပဲ ကောင်းတာမဟုတ်ဘဲ တစ်တပ်လုံးအပေါ် အင်မတန်ကောင်းတာ။ ကိုဇော်ရောက်လာရင် ဟာသတွေပြော၊ ဂစ်တာတီးပြီး တပ်စိတ်တစ်ခုလုံး အူမြူးနေရော။

“ရေနွေးလေး သောက်လိုက်ဦး ဆန်းမင်း။ ညဘက် နှင်းကျရင် အေးတယ်။ မင်းနှပ်ချေးတွေ ငါမမြင်ချင်ဘူး၊ မင်းရည်းစားလည်း မမြင်ချင်လောက်ဘူး”

ကိုဇော်က ရေနွေးခွက်ကို ကမ်းပေးရင်း ရည်းစားမရှိတဲ့ ဆန်းမင်းကို စနောက်ပြီး သူ့တာဝန်ရှိတဲ့ ကင်းတဲဘက်ကို ပြန်ထွက်သွားတယ်။ ဒါ ကိုဇော်ရဲ့ ပုံမှန်ပြကွက်ပဲ။ ပြီးရင် ကင်းမစောင့်တဲ့အခါ တဟီးဟီးနဲ့ ရင်းမှူးနားမှာ ဟီလာထနေရော။ သူ့နေ့စဉ်တာဝန်တွေကို အေးအေးလူလူ တာဝန်ကျေတယ်။ ရှေ့တန်းသွားရင်လည်း သူပဲ အမြဲတက်ကြွနေတာ။ မျက်နှာအရိပ်အကဲလည်း ဖတ်တတ်တယ်။ ဆန်းမင်း စိတ်ဓာတ်ကျနေချိန်တွေမှာလည်း အပိုစကားတွေ အများကြီး မပြောဘဲ ပခုံးကို ခပ်သာသာ ပုတ်ပေးတာ၊ သေနတ်ပြောင်းသန့်ရှင်းရေးလုပ်တာမျိုးနဲ့ပဲ အနားမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေတတ်တယ်။

.
———–။ ။————
.

အဲဒီညက မိုးတွေသည်းသည်းထန်ထန် ရွာတယ်။ အကုန်လုံးလည်း အေးတာနဲ့ မိုးလုံရာမှာ ကွေးနေကြတာပေါ့။ သန်းခေါင်ကျော်ကျော်လောက်မှာတော့ တပ်စခန်းရဲ့ တိတ်ဆိတ်မှုကို စခန်းနဲ့ မလှမ်းမကမ်းကနေ ပေါ်လာတဲ့ သေနတ်သံတစ်ချက်က ထိုးခွဲလိုက်တယ်။

အားလုံး သေနတ်ကိုယ်စီဆွဲပြီး အရေးပေါ် တိုက်ခိုက်ခံရပြီလို့ထင်ပြီး ပြင်ဆင်လိုက်ကြပေမယ့် သေနတ်သံထွက်လာတဲ့ စခန်းအပြင်ဘက် သဲအိတ်ကတုတ်ကျင်းဆီ အရောက်မှာတော့ အားလုံး ကြက်သေသေသွားကြတယ်။ အံ့ဩတုန်လှုပ်သွားကြတယ်။

ကိုဇော်တစ်ယောက် သွေးအိုင်ထဲမှာ လဲကျနေခဲ့ပါပြီ။ သူ့ရဲ့ မိုးကာအင်္ကျီအိတ်ထဲမှာတော့ စိုစွတ်နေတဲ့ စာတိုလေးတစ်စောင် ကျန်ရစ်ခဲ့ပါတယ်။

“ငါမောနေပြီ၊ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး။ ရင်းမှူး ကျွန်တော် တောင်းပန်ပါတယ်။ ရဲဘော်တို့ ဆက်လုပ်…” ဒါလေးပါပဲ။

ဆန်းမင်းတစ်ယောက် ကိုဇော်ရဲ့စာကိုကိုင်ရင်း မိုးရေထဲမှာ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ငိုင်ကျသွားခဲ့ရပါတယ်။

အမြဲတမ်း စိတ်ဓာတ်ကျပြီး လူတိုင်းရဲ့ ဂရုစိုက်မှုကို ခံနေရတဲ့သူက ရုန်းကန်ရှင်သန်ကျန်ရစ်ခဲ့ပြီး ဘာပြဿနာမှမရှိဘဲ အဆင်ပြေနေတယ်လို့ အားလုံးထင်ထားခဲ့တဲ့သူကတော့ အတွင်းပိုင်းမှာ တိတ်တဆိတ် ပြိုလဲသွားခဲ့တာပါ။


ဒီအဖြစ်ဟာ မြန်မာပြည်ရဲ့ တစ်နေရာမှာ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ ကိုဇော် (အမည်လွှဲ) ဟာ ကျွန်တော့်ဦးခေါင်းထဲမှာ ခပ်နက်နက်ကလေး အသိပညာပေးသွားခဲ့ပါတယ်။

စိတ်ကျရောဂါ (Depression) နဲ့ သေကြောင်းကြံစည်လိုစိတ် (Suicidal Thoughts) ဆိုတာ အမြဲတမ်း ငိုကြွေးနေသူများထံမှာပဲ ရှိနေတာ မဟုတ်ဘူးဆိုတာပါပဲ။

  • ဘာမှ မဖြစ်သလို ပုံမှန်အတိုင်း အလုပ်လုပ်နေတဲ့သူတွေ၊ အေးဆေးတည်ငြိမ်နေသူတွေရဲ့ နောက်ကွယ်မှာလည်း နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာနက်နက်တွေ ရှိနေတတ်ပါတယ်။
  • “သူကတော့ အဆင်ပြေမှာပါ” လို့ လွယ်လွယ်မတွေးဘဲ မိမိပတ်ဝန်းကျင်ရှိ ရဲဘော်/မိတ်ဆွေများ၏ စိတ်ဓာတ်ကျန်းမာရေးကိုလည်း ဂရုတစိုက် မေးမြန်းပေးကြပါ။ ကိုယ်ချင်းစာပြီး လှပတဲ့ဘဝနဲ့ အနာဂတ်တွေကို ဖန်တီးရအောင်ပါ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

…

…

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here