မှန်ရှေ့ရောက်ရင် ကိုယ့်မျက်နှာကိုယ် အပြစ်ရှာ၊ နှာခေါင်းပေါ်က အဖုလေးတွေကို လက်ဆော့၊ ဝက်ခြံလေးများရှိရင် ညှစ်လိုက်ရမှ၊ နှာခေါင်းထဲကို လက်ကလေးနဲ့ ကလော်လိုက်ရမှ၊ နှိုက်လိုက်ရမှ ကျေနပ်တဲ့သူတွေ ရှိလား။ ဒီလိုလုပ်ရတာကို အရသာတွေ့နေတဲ့ အကျင့်က အန္တရာယ်ကြီးတယ်ဆိုတာရော သိကြရဲ့လား။
ဘာလို့လဲဆိုတော့ နှာတံထိပ်ကနေ အပေါ်နှုတ်ခမ်း ထောင့်စွန်းနှစ်ဖက်ကို ဆွဲဆက်လိုက်ရင် ရလာမယ့် တြိဂံနယ်မြေဟာ မျက်နှာပေါ်က “အန္တရယ်အရှိဆုံးနေရာ” (Dangerous Triangle of the face) ဖြစ်နေလို့ပါပဲ။
ပုံမှန်ဆိုရင် ခန္ဓာကိုယ်က သွေးပြန်ကြောတွေမှာ သွေးတွေ နောက်ပြန်မစီးဆင်းအောင် တားပေးတဲ့ အဆို့ရှင်တွေရှိပေမယ့် ဒီတြိဂံနယ်မြေထဲက သွေးကြောတွေမှာတော့ အဲဒီအဆို့ရှင်တွေ မပါဘူးဗျ။ ပိုဆိုးတာက ဒီသွေးကြောတွေဟာ ဦးနှောက်အောက်ခြေက cavernous sinus လို့ခေါ်တဲ့ သွေးအိုင်ကြီးနဲ့ တိုက်ရိုက် သွားဆက်နေတာပါ။
ကဲ… ခင်ဗျားက ဝက်ခြံဖုကို အားရပါးရ ညှစ်လိုက်ပြီ ဆိုပါစို့။ ပြည်တွေ အပြင်ထွက်လာရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် ညှစ်လိုက်တဲ့ ဖိအားကြောင့် ဘက်တီးရီးယားတွေက အပြင်မထွက်ဘဲ အတွင်းသွေးကြောထဲ နောက်ပြန်ဝင်သွားပြီဆိုရင်တော့ ဇာတ်လမ်းစပြီ။ အဆို့ရှင်ကလည်း မရှိတော့ အဲဒီပိုးတွေဟာ သွေးပြန်ကြောအတိုင်း ဦးနှောက်ဆီကို တန်းတန်းမတ်မတ် ဝင်သွားတော့တာပဲ။
အဲဒီလို ပိုးတွေ ဦးနှောက်ဘက် တက်သွားပြီဆိုရင် ဘယ်လို အန္တရာယ်ဆိုးတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတော့…
၁။ ဦးနှောက်အောက်ခြေ သွေးကြောပိတ်ဆို့ခြင်း
ပိုးမပျံ့အောင် ခန္ဓာကိုယ်က သွေးခဲဖန်တီးရာကနေ ဦးနှောက်ဆီသွားမယ့် သွေးကြောတွေပါ ပိတ်ဆို့သွားတတ်ပါတယ်။
၂။ အရေးကြီး အာရုံကြောများ ပျက်စီးခြင်း
သွေးအိုင်နေရာမှာ ပိုးဝင်ပြီး ရောင်ရမ်းလာရင် အနီးနားက အာရုံကြောတွေကိုဖိမိပြီး မျက်လုံးက ဘေးဘယ်ညာ ကြည့်မရတာ၊ ပါးပြင်နဲ့ အပေါ်နှုတ်ခမ်းတွေ ထုံကျဥ်တာတွေ ဖြစ်လာပါတယ်။
၃။ မျက်လုံးအမြင်အာရုံ ထိခိုက်ခြင်း
သွေးပြန်ကြော ပိတ်ဆို့မှုကြောင့် မျက်လုံးဆီ ဖိအားများသွားပြီး မျက်လုံးပြူးကျလာတာ၊ ဖောရောင်တာနဲ့ အရာဝတ္ထုတွေကို နှစ်ထပ်မြင်ရတာမျိုး ဖြစ်တတ်ပါတယ်။
၄။ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း
ပိုးတွေဟာ ဦးနှောက်နဲ့ ကျောရိုးဆစ်အမြှေးပါးဆီ ကူးစက်သွားပြီး ပြင်းထန်စွာ ဖျားနာ၊ ခေါင်းကိုက်၊ ဇက်တောင့်တင်းလာပါတယ်။
၅။ ဦးနှောက်အတွင်း ပြည်တည်ခြင်း
အဆိုးရွားဆုံးအနေနဲ့ ဦးနှောက်တစ်ရှူးတွေထဲအထိ ဘက်တီးရီးယားတွေ ဝင်ရောက်အခြေချပြီး ပြည်အိတ်တည်ကာ အသက်အန္တရာယ်ကို တိုက်ရိုက် ခြိမ်းခြောက်လာပါတယ်။
၆။ သွေးဆိပ်တက်ခြင်း
ရောဂါပိုးဟာ တစ်နေရာတည်း မနေဘဲ သွေးလည့်ပတ်မှုမှတစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။
…
…
သေးသေးလေးနဲ့ အလွန်အန္တရာယ်ကြီးတဲ့နေရာမို့ ဒီတြိဂံထဲမှာဆိုရင်…
(၁) လက်မဆော့ပါနဲ့။
ဝက်ခြံပေါက်ရင်၊ အဖုအပိမ့်ထွက်ရင် လုံးဝ (လုံးဝ) မညှစ်ပါနဲ့။ လက်နဲ့ မကလော်ပါနဲ့။ သူ့ဘာသာ ပျောက်ပါစေ။ မဟုတ်ရင် ဆေးလေးသာ သေချာလိမ်းပါ။
(၂) နှာခေါင်းမွေးဆိုတာ နုတ်ဖို့ မဟုတ်ပါ။
နှာခေါင်းမွေးကို ဇွတ်ဆွဲနုတ်ရတဲ့အရာလို့ မထင်ပါနဲ့။ အမြစ်ကနေ ကျွတ်သွားရင် ပိုးဝင်ဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်သွားမယ်။ ရှည်နေရင် တိရုံလေးပဲ တိပေးပါ။
(၃) အလှအပထက် အသက်က အရေးကြီးတယ်။
နှာခေါင်းဖောက်၊ နှုတ်ခမ်းဖောက် လုပ်ထားရင်လည်း ပိုးမဝင်အောင် ဂရုစိုက်ပါ။ ရောင်လာရင်၊ ပြည်တည်လာရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး ပြသပါ။
…
…
လူတွေက ဝက်ခြံလေးတစ်ဖုလောက်နဲ့တော့ သေပါ့မလားလို့ ထင်တတ်ကြပါတယ်။ ဝက်ခြံကြောင့် မသေပေမယ့် ကိုယ့်လက်က အငြိမ်မနေဘဲ သွားကလိရာကနေ ဘက်တီးရီးယားကို ဦးနှောက်ထဲ ကိုယ်တိုင် ပို့ပေးလိုက်သလိုမျိုးတော့ မဖြစ်ပါစေနဲ့။
နောက်တစ်ခါ မှန်ရှေ့ရောက်လို့ လက်က ယားလာရင် မှတ်ထားပါ။ “ဒါ အန္တရာယ်တြိဂံ… သွားမထိနဲ့။ ထိရင် ဒုက္ခလှလှ တွေ့တတ်တယ်” လို့။
(ကဲ… ဖတ်ပြီးရင် ကိုယ့်လိုပဲ မှန်ရှေ့ရောက်ရင် လက်ဆော့တတ်တဲ့ မိတ်ဆွေတွေကိုလည်း Mention ခေါ်ပြီး သတိပေးလိုက်ကြပါဦးဗျာ)
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

