“သွေးကျဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တဲ့အခါ…”

“ကံကောင်းလို့နော်…… တကယ် ကံကောင်းလို့”

ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်မဆီကို ခေါင်းမူး၊ မိုက်ခနဲဖြစ်ပြီး ရောက်လာတဲ့ အသက် ၅၀ ကျော် ဦးလေးတစ်ယောက်ကို စစ်ဆေးပြီးတဲ့နောက် ကျွန်မ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိပါတယ်။

ဦးလေးရဲ့ သွေးပေါင်ချိန်က အပေါ်သွေး ၂၀၀ နားအထိ ထိုးတက်နေလို့ပါ။

ဦးလေးက သွေးတိုးရောဂါရှိလို့ နေ့တိုင်း သွေးကျဆေး ပုံမှန်သောက်နေရသူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ ရက်လောက်က ခြေထောက်ခိုက်မိပြီး ဒဏ်ရာရလို့ အကိုက်အခဲပျောက်ဆေး သောက်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ အဲဒီမှာတင် လူနာတော်တော်များများ တွေးလေ့ရှိတဲ့ အတွေးအမှားလေးတစ်ခု ဦးလေးခေါင်းထဲ ဝင်လာပါတော့တယ်။

“သောက်ရမယ့် ဆေးတွေလည်း များလှပြီ။ ဆေးတွေ အများကြီး တစ်ပြိုင်နက်သောက်ရင် အစာအိမ်အနာ ဖြစ်ကုန်တော့မှာပဲ။ အကိုက်အခဲပျောက်ဆေး သောက်နေတုန်း သွေးကျဆေးကို ခဏ ရပ်ထားလိုက်ဦးမယ်…” ဆိုပြီး သွေးကျဆေးကို ၅ ရက်တိတိ ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ပစ်လိုက်တာပါ။

ရလဒ်ကတော့ သွေးပေါင်တွေ ပရမ်းပတာတက်ပြီး မူးဝေရီဝေနဲ့ လာပြရတဲ့အထိပါပဲ။

ကျွန်မ ဦးလေးကို နားလည်အောင် သေချာရှင်းပြပေးခဲ့ရပါတယ်။ တကယ်တော့ ဦးလေးဟာ တကယ့်ကို ကံကောင်းလွန်းလို့ လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာတွေ မဖြစ်ခဲ့တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို သာဓကထားပြီး အရေးကြီးတဲ့ အချက် (၃) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ သွေးကျဆေးဆိုတာ နေ့စဉ်ပုံမှန်သောက်ရတဲ့ “သွေးပေါင်ထိန်းညှိဆေး” ပါ။

သွေးတိုးရောဂါဆိုတာ ဖျားနာတာလိုမျိုး၊ ပိုးသတ်ဆေး သောက်တာလိုမျိုး အချိန်ခဏ ဆေးပတ်လည်အောင်သောက်ရင် ပျောက်သွားတဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ ဆေးသောက်နေလို့ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေတာမို့ “သွေးပေါင်ကျသွားပြီ၊ ဆေးဖြတ်လို့ရပြီ” လို့ တွေးလို့ လုံးဝ (လုံးဝ) မရပါဘူး။ သွေးပေါင်ချိန် မှန်မှန်ကန်ကန်ရှိနေဖို့ နေ့တိုင်း သောက်ပေးရတဲ့ ထိန်းညှိဆေး ဖြစ်ပါတယ်။
.

၂။ သွေးကျ‌ဆေးအများစုဟာ အကိုက်အခဲပျောက်ဆေးတွေလို အစာအိမ်အနာဖြစ်စေတဲ့ ဆေးမဟုတ်ပါဘူး။

ဆေးတွေအများကြီးသောက်ရင် အစာအိမ်ထိမှာ စိုးရိမ်တာ သဘာဝကျပါတယ်။ ဒါပေမယ့် တကယ်တမ်း အစာအိမ်ကို ထိခိုက်မှု အဖြစ်ဆုံး‌ဆေးတွေက အကိုက်အခဲပျောက်ဆေးအချို့သာ ဖြစ်ပြီး၊ သွေးကျဆေးအများစုက အစာအိမ်ကို ထိခိုက်မှု မရှိစေပါဘူး။

အကိုက်အခဲပျောက်ဆေးတွေဟာ အစာအိမ်ကို ထိခိုက်ရုံတင်မကဘဲ သွေးပေါင်ချိန်ကိုပါ တိုက်ရိုက်တက်စေတဲ့ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။

တကယ်လို့ ဆေးတွေအများကြီးသောက်ရဖို့ လိုအပ်လာခဲ့ရင် မိမိသဘောနဲ့မိမိ ဆေးဖြတ်မယ့်အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်ရမယ့် အချိန် ပမာဏကို ဆွေးနွေးသင့်ပါတယ်။
.

၃။ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်ရင် နောက်ဆက်တွဲ အန္တရာယ်က ကြီးလွန်းပါတယ်။

သွေးကျဆေးကို ရပ်လိုက်ပါက သွေးပေါင်ပြန်မြင့်လာနိုင်ပြီး တချို့ဆေးတွေမှာ ဆေးသောက်ခြင်းကိုရပ်လိုက်ပါက ရုတ်တရက် သွေးပေါင်ချိန် အလွန်မြင့်တက်ခြင်းကို ဖြစ်နိုင်ပါတယ်။

အဲဒီအခါမျိုးမှာ –

🧠 ဦးနှောက်သွေးကြောပိတ်တာ၊ ပေါက်တာ (လေဖြတ်ခြင်း)

🫀 နှလုံးသွေးကြောပိတ်တာ

👁️ မျက်စိသွေးကြောထိခိုက်ပြီး အမြင်အာရုံကျဆင်းခြင်း၊ ပြင်းထန်ပါက အမြင်ဆုံးရှုံးခြင်းနှင့် ကျောက်ကပ်ပျက်စီးတာတွေအထိ ဖြစ်ပွားသွားနိုင်ပါတယ်။

ဒီတစ်ခေါက်တော့ ဦးလေးခမျာ ကံကောင်းလို့ လေဖြတ်တဲ့အဆင့်အထိ မရောက်ဘဲ ဆရာဝန်ဆီ အချိန်မီ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်း၊ အကြိမ်တိုင်း ဒီလို ကံမကောင်းနိုင်ပါဘူး။

မိမိမှာဖြစ်စေ၊ မိဘဘိုးဘွားတွေမှာဖြစ်စေ ရောဂါအခံတစ်ခုခုကြောင့် ပုံမှန်သောက်နေရတဲ့ ဆေးဝါးများရှိရင် အခြားဆေးဝါးသစ်တွေနဲ့ တွဲသောက်လို့ ရ/မရ ကို နီးစပ်ရာ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနဲ့သာ အမြဲတိုင်ပင်ပါလို့ တိုက်တွန်းပါရစေ။

သွေးတိုးရောဂါ၊ ဆီးချိုရောဂါလို နာတာရှည်ရောဂါတွေက ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆေးအတိုးအလျော့ ဆေးထပ်ထည့်သင့်/မထည့်သင့်ဆိုတာ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးပေးတာ အကောင်းဆုံးပါ။

ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်ခြင်းက သက်သာရာမရဘဲ အသက်အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်လို့ပါ။

ကျန်းမာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ……။ 🙏

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here