ကိုယ့်လူတို့… ခင်ဗျားတို့ နေ့တိုင်း ဒေါသမထွက်တဲ့နေ့ဆိုတာ မရှိကြဘူး မဟုတ်လား။
ကိုယ့်ကို ကျော်တက်သွားတဲ့ ကားသမားကို ဆဲလိုက်ရမှ၊ အလုပ်မှာ အဆင်မပြေတာလေးကို အိမ်ရောက်တော့ ပေါက်ကွဲလိုက်ရမှ၊ လိုင်းပေါ်မှာ ကိုယ်နဲ့ အမြင်မတူတဲ့သူကို ဝင်ပြီး တိုက်ခိုက်လိုက်ရမှ နေသာထိုင်သာ ရှိသွားတာလား။
တကယ်တော့ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကိုယ် “ငါကွ” လို့ ထင်နေပေမယ့် အမှန်တကယ်က ဒေါသဆိုတဲ့ အကောင်ရဲ့ ခိုင်းဖတ်၊ ဒေါသရဲ့ ကျေးကျွန်တွေ ဖြစ်နေကြတာပါ။
ဒီတော့… ဒီနေ့တော့ ခင်ဗျားတို့ကို ဒေါသရဲ့ ထိန်းချုပ်မှု အောက်ကနေ အညံ့ခံနေရတဲ့ ဘဝကနေ ဒေါသကို ပြန်ပြီး “ဆရာလုပ်” လို့ရမယ့် နည်းလမ်းတွေကို ပြောပြပါဦးမယ်။
…
…
• ဒေါသဆိုတာ ဘာလဲ။
ဒေါသဆိုတာ ဘာလဲလို့ မေးရင် “စိတ်တိုတာပေါ့ဗျာ” လို့ လွယ်လွယ်ဖြေကြလိမ့်မယ်။ သိပ်တော့လည်း မလွယ်ပါဘူး။ သိပ္ပံနည်းကျကျ၊ စိတ်ပညာရှုထောင့်ကနေ နည်းနည်း ဆရာကြီးလုပ်ပြီး ပြောရရင် ဒေါသဆိုတာ ခန္ဓာကိုယ်ရဲ့ “အချက်ပေး စနစ်တစ်ခု” ပဲဗျ။
ကိုယ့်ကို တစ်ယောက်ယောက်က အန္တရာယ်ပြုတော့မယ်၊ ကိုယ့်ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံလိုက်ရပြီ၊ ကိုယ်မျှော်လင့်ထားတာတွေ ဖြစ်မလာတော့ဘူးဆိုရင် ဦးနှောက်ထဲက အချက်ပေးစနစ်က ချက်ချင်း အလုပ်လုပ်သွားတဲ့ သဘာဝ တုံ့ပြန်မှုတစ်ခုပဲ။ ဒါကြောင့် လူမှန်ရင် ဒေါသက ရှိကိုရှိတယ်။
ဒေါသထွက်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ Adrenaline လို ဟော်မုန်းတွေ ထွက်လာကြတယ်။ ပြီးရင် နှလုံးခုန် မြန်လာမယ်။ သွေးပေါင်ချိန် တက်လာမယ်။ ကြွက်သားတွေ တင်းမာလာမယ်။ “တိုက်မလား၊ ပြေးမလား” ဆိုပြီး အသင့်အနေအထား ဖြစ်သွားတာပေါ့။ ဒါကြောင့် ဒေါသဆိုတာ အဆိုးကြီးတော့လည်း မဟုတ်ပါဘူး။ လူသားတွေ ရှင်သန်ရေးအတွက် ပါလာတဲ့ “ကိရိယာ” တစ်ခုပါပဲ။ ပြဿနာက အဲဒီ ကိရိယာကို ခင်ဗျားတို့က ကောင်းကောင်း မသုံးတတ်တာပဲ။
.
• ဒေါသ အမျိုးအစားများ
ဒေါသထွက်တယ်ဆိုတာချည်းပဲ အကုန်လုံး တစ်ပုံစံတည်း မဟုတ်ဘူးဗျ။ လူတွေရဲ့ စရိုက်ကို လိုက်ပြီး ဒေါသထွက်ပုံတွေက ကွဲသေးတယ်။
၁။ ပေါက်ကွဲဒေါသ
ဒါကတော့ ရှင်းပါတယ်။ တွေ့ရာလူ ပတ်ရမ်းတာပဲ။ အသံကျယ်ကျယ် အော်မယ်၊ ပစ္စည်းတွေ ပေါက်ခွဲမယ်၊ မျက်နှာကြီး နီရဲနေမယ်။ ဒီလိုလူတွေက ဒေါသထွက်ရင် အနားကပ်လို့ကို မရဘူး။ ဒါပေမယ့် သူတို့က ပေါက်ကွဲပြီးသွားရင် မြန်မြန် ပုံမှန်ပြန်ဖြစ်သွားတတ်တယ်။ ကိုယ်တိုင်သာ နေသာထိုင်သာ ရှိသွားတာ၊ ပတ်ဝန်းကျင်က လူတွေကတော့ လန့်ဖြန့်ပြီး ကျန်ခဲ့ရော။
.
၂။ အုံပုန်းဒေါသ
ဒီကောင်က ပိုကြောက်ဖို့ ကောင်းတယ်။ ဒေါသထွက်နေမှန်း သိသာနေပေမယ့် သွားမေးရင် “ဘာမှမဖြစ်ပါဘူး” လို့ မျက်နှာသုန်မှုန်ပြီး ဖြေတတ်တဲ့ အမျိုးအစားတွေလေ။ တိုက်ရိုက် မပေါက်ကွဲဘူး။ ခနဲ့တဲ့တဲ့ ပြောမယ်။ အလုပ်ကို တမင်နှောင့်နှေးအောင် လုပ်မယ်။ နောက်ကွယ်ကနေ အတင်းပြောမယ်။ အဲဒီလို နည်းလမ်းတွေနဲ့ ဒေါသကို သွယ်ဝိုက်ပြီး ဖော်ပြတတ်ကြတယ်။
.
၃။ အမြဲတမ်း ပွစိပွစိ ဒေါသ
ဒီအမျိုးအစားကတော့ ဘဝမှာ ဘာလေးတွေ့တွေ့ အဆင်မပြေဘူး။ ရာသီဥတုပူလည်း စိတ်တို၊ ကားပိတ်လည်း စိတ်တို၊ ဟင်းမကောင်းလည်း စိတ်တို။ မျက်နှာက အမြဲတမ်း ရှုံ့မဲ့နေပြီး ဘေးနားက လူတွေကို အမြဲတမ်း အပြစ်တင်ဖို့ အသင့်ဖြစ်နေတဲ့ ဒေါသမျိုးဗျ။
.
၄။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ ဒေါသ
တချို့ကကျတော့ အပြင်လူကို ဒေါသ မထွက်ရဲဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသတွေ ပြန်လှည့်ပြီး “ငါညံ့လို့ပါ၊ ငါမှားတာပါ” ဆိုပြီး ကြိတ်ခံစားနေတတ်တယ်။ ဒါမျိုးက ကြာလာရင် စိတ်ကျရောဂါတွေ ဘာတွေ ဖြစ်လာတတ်တယ်။
…
…
• ဒေါသ လုံးဝမရှိရင် ဘာဖြစ်နိုင်လဲ။
“ဒါဆိုရင်လည်းဗျာ… ဒေါသဆိုတာ အကုသိုလ်ပဲ၊ လုံးဝ မရှိအောင် ဖျောက်ထားလိုက်ရင် အေးရောပေါ့” လို့ ခင်ဗျားတို့ တွေးမိလိမ့်မယ်။ မှားတာပေါ့ဗျာ။
ဒေါသ လုံးဝမရှိတော့ဘူးဆိုရင် ခင်ဗျားဟာ ခြေသုတ်ပဝါစုတ်လောက်တောင် တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ လူတွေက ခင်ဗျားရဲ့ ခေါင်းပေါ်တက်ပြီး အီးပါကြလိမ့်မယ်။ ကိုယ့်ရဲ့ Boundaries တွေကို ကျော်လွန်ပြီး လာစော်ကားနေတာတောင် ဒေါသမှ မထွက်တတ်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး။ တရားမမျှတမှုတွေကို မြင်ရင်လည်း “အေးလေ… သူတို့ အကြောင်းနဲ့သူတို့ နေမှာပေါ့” ဆိုပြီး ခေါင်းငုံ့ခံနေတဲ့ လူပျော့လူညံ့ကြီး ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် သင့်တင့်တဲ့ ဒေါသ၊ မှန်ကန်တဲ့ နေရာမှာ ထွက်တဲ့ ဒေါသဆိုတာ လိုကိုလိုအပ်တယ်။ ဒေါသကမှ တစ်ဆင့် ခင်ဗျားရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မယ်၊ မတရားတာကို တွန်းလှန်နိုင်မယ်။
.
• များလွန်း ကြီးလွန်းရင်ကော ဘာဖြစ်မလဲ။
ဒေါသတွေ ကြီးလွန်း၊ များလွန်းရင် ခင်ဗျားရဲ့ ဘဝတစ်ခုလုံး ပြာကျသွားလိမ့်မယ်။ ပထမဆုံး ထိခိုက်မှာက ခန္ဓာကိုယ်ပဲ။ အမြဲတမ်း ဒေါသထွက်နေတဲ့ လူတစ်ယောက်ရဲ့ သွေးကြောတွေက အမြဲ ကျုံ့နေရတော့ သွေးတိုးရောဂါ အရင်လာမယ်။ နှလုံးက အမြဲ ဒုန်းစိုင်း ခုန်နေရတော့ နှလုံးရောဂါ ရမယ်။ ကြာလာရင် လေဖြတ်ပြီး ပါးစပ်ရွဲ့သွားနိုင်တယ်။ ဖျားနာရက်ရှည်နဲ့ အမြဲတမ်း တရှောင်ရှောင် ဖြစ်နေတတ်တယ်။ ဆေးပညာအရ ပြောရရင်တော့ ခန္ဓာကိုယ်က Cortisol တွေ အမြဲထွက်နေလို့ ကိုယ်ခံစွမ်းအားတွေပါ ကျကုန်တာပဲ။
ဒုတိယအချက်က လူမှုရေးနဲ့ ဆက်ဆံရေးတွေ ပျက်စီးတာပဲ။ အမြဲ ဒေါသပေါက်ကွဲနေတဲ့ လူနားကို ဘယ်သူက ကပ်ချင်မှာလဲ။ အလုပ်ထဲမှာဆိုရင်လည်း ဆက်ဆံရေး မကောင်းလို့ ရာထူးမတက်၊ အိမ်မှာဆိုရင်လည်း ဇနီးမယား သားသမီးတွေက ကြောက်ပြီး ရှောင်ဖယ်ရှောင်ဖယ် လုပ်ကြနဲ့ နောက်ဆုံးတော့ အထီးကျန်ပြီး တစ်ယောက်တည်း နေသွားရတော့မှာပေါ့။
…
…
- ဒေါသကို ဆရာလုပ်နည်း 😎
ကဲ… အခုမှ အဓိကအပိုင်းကို ရောက်ပြီ။ ဒေါသကို ဘယ်လို ဆရာပြန်လုပ်မလဲ။ ဒေါသရဲ့ ကြိုးဆွဲရာ မကရအောင် အောက်ကနည်းလမ်းတွေကို လိုက်လုပ်ကြည့်လိုက်ပါ။
၁။ ပါးစပ်ပိတ်ပြီး အချိန်ဆွဲပါ။
ဒေါသထွက်လာပြီဆိုတာနဲ့ ချက်ချင်း တုံ့ပြန်ဖို့ မကြိုးစားနဲ့။ (၁) ကနေ (၁၀) အထိ စိတ်ထဲက ရေတွက်လိုက်။ ရိုးအီနေတဲ့ နည်းလမ်းလို့ ထင်ရပေမယ့် ဆေးပညာအရ အင်မတန် အလုပ်ဖြစ်တဲ့ နည်းဗျ။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ Amygdala ကနေ အကျိုးအကြောင်း ဆင်ခြင်တဲ့ ဦးနှောက်အရှေ့ပိုင်းဆီကို သတင်းအချက်အလက်တွေ ရောက်သွားဖို့ အချိန် (၆) စက္ကန့်လောက် လိုတယ်။ အဲဒီ အချိန်လေးကို ရအောင် ဆွဲထားလိုက်တာပဲ။
.
၂။ အသက်ကို ဝဝရှူပါ။
ဒေါသထွက်ရင် လူက အသက်ရှူ မြန်လာတယ်။ အဲဒါကို ပြောင်းပြန် ပြန်လုပ်ရမယ်။ ဗိုက်ထဲကနေ လေကို ပြည့်နေအောင် ရှူသွင်း (၄ စက္ကန့်လောက်)။ ပြီးရင် ပါးစပ်ကနေ လေကို ဖြည်းဖြည်းချင်း ပြန်မှုတ်ထုတ် (၆ စက္ကန့်လောက်)။ ဒီလိုလုပ်လိုက်တာနဲ့ နှလုံးခုန်နှုန်း ကျသွားပြီး ခန္ဓာကိုယ်က “အော်… ပြဿနာ မရှိတော့ဘူးပဲ” ဆိုပြီး အလိုလို ငြိမ်ကျသွားလိမ့်မယ်။
.
၃။ နေရာပြောင်းပါ။
ကိုယ့်ကို ဒေါသထွက်စေတဲ့ အာရုံရှိနေသ၍ ဒေါသက ငြိမ်းမှာ မဟုတ်ဘူး။ ရန်ဖြစ်တော့မလို ဖြစ်နေပြီလား။ “နေဦး ငါ အိမ်သာ ခဏသွားလိုက်ဦးမယ်” ဆိုပြီး ထွက်သွားလိုက်။ ရေတစ်ခွက် သောက်လိုက်၊ မျက်နှာသစ်လိုက်။ နေရာပြောင်းသွားတာနဲ့ စိတ်ကပါ ပြောင်းသွားတတ်တယ်။
.
၄။ ပုံစံပြောင်းတွေးကြည့်ပါ။
ဒေါသထွက်လွယ်တဲ့သူတွေက “သူ ငါ့ကို တမင်သက်သက် လုပ်တာ၊ ငါ့ကို အထင်သေးလို့” ဆိုပြီး ကြိုတွေးတတ်ကြတယ်။ အဲဒီ အတွေးကို ပြောင်းရမယ်။ ဥပမာ – ကားတစ်စီးက ရှေ့ကနေ ဖြတ်ဝင်သွားတယ်။ “ဒီကောင် ငါ့ကို ဂရုမစိုက်တာ” လို့ တွေးမယ့်အစား “သူ့အိမ်မှာ လူနာ အရေးပေါ် ဖြစ်နေလို့ အလောတကြီး မောင်းသွားတာ နေမှာပါလေ” လို့ ကိုယ်ချင်းစာတရားလေး ထည့်တွေးလိုက်။ ချက်ချင်း စိတ်အေးသွားလိမ့်မယ်။
.
၅။ ‘ငါ’ ကို သုံးပြီး ပြောပါ။
ဒေါသကို မျိုသိပ်ထားစရာ မလိုဘူး။ ဖော်ထုတ်ရမယ်။ ဒါပေမယ့် ပညာသားပါပါ ဖော်ထုတ်ရမယ်။ “မင်းက အမြဲတမ်း ဒီလိုပဲ၊ မင်းက သောက်သုံးကို မကျတာ” လို့ ပြောမယ့်အစား “ဒီကိစ္စကို ဒီလို လုပ်လိုက်တဲ့အတွက် ‘ငါ’ စိတ်မကောင်း ဖြစ်ရတယ်၊ ‘ငါ’ ဒေါသထွက်ရတယ်” လို့ ပြောကြည့်။ တစ်ဖက်လူကို တိုက်ခိုက်တာ မဟုတ်ဘဲ ကိုယ့်ခံစားချက်ကို တည်တည်ငြိမ်ငြိမ် ပြောပြတာဖြစ်လို့ ပြဿနာ ပိုမကြီးသွားတော့ဘူး။
.
၆။ ကိုယ့်ရဲ့ ထွက်ပေါက်ကို ရှာပါ။
ဒေါသထွက်လာရင် အဲဒီ စွမ်းအင်တွေကို အကျိုးရှိတဲ့ဘက် ပြောင်းပစ်လို့ရတယ်။ လေ့ကျင့်ခန်း လုပ်ပစ်လိုက်တာ၊ ပြေးတာ၊ သီချင်း အော်ဆိုတာ၊ အိမ်သန့်ရှင်းရေး ထလုပ်တာမျိုးတွေဟာ ဒေါသစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲကနေ အန္တရာယ်ကင်းကင်းနဲ့ စွန့်ထုတ်လိုက်တဲ့ နည်းလမ်းတွေပဲ။
…
…
ကဲ… မှတ်ထားကြပါ ကိုယ့်လူတို့။ ဒေါသဆိုတာ ခင်ဗျားတို့ရဲ့ ရန်သူ မဟုတ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းကောင်းလည်း မဟုတ်ပြန်ဘူး။ ဒေါသဟာ အင်မတန် အသုံးဝင်တဲ့ “လက်နက်” တစ်ခုပါ။ သေနတ်တစ်လက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်တဲ့သူက အဲဒီသေနတ်နဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်ပေမယ့် မကိုင်တွယ်တတ်တဲ့သူကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်မိတတ်သလိုပေါ့။
ဒေါသထွက်လာတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ “ငါက ဒေါသကို ခိုင်းနေတာလား၊ ဒေါသက ငါ့ကို ခိုင်းနေတာလား” ဆိုတာကိုပေါ့။ ဉာဏ်ပညာနဲ့ ယှဉ်ပြီး သုံးတတ်ရင် ဒေါသက ခင်ဗျားကို လူရာဝင်အောင် လုပ်ပေးလိမ့်မယ်။ လွတ်ကျသွားရင်တော့ ခင်ဗျားဟာ ဒေါသရဲ့ ဖိနပ်အောက်က အမြဲတမ်း အရှုံးသမားကြီး ဖြစ်နေမှာပါပဲ။
ဒီတော့ ဒီနေ့ကစပြီး ဒေါသရဲ့ ကျေးကျွန်ဘဝကနေ ရုန်းထွက်ပြီး ဒေါသကို ကိုယ်တိုင် ဆရာပြန်လုပ်နိုင်တဲ့ “ဆရာကြီး” တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း…။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

