ငေးခနဲ ဖြစ်သွားတတ်သော အတက်ရောဂါ (Absence Seizure) အကြောင်း

အတက်ရောဂါ ဒါမှမဟုတ် ဝက်ရူးပြန်ရောဂါလို့ဆိုရင် လူအများစုက မြေကြီးပေါ်လဲကျ၊ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ပါးစပ်မှ အမြှုပ်များထွက်လာတဲ့ ပုံစံမျိုးကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်တုန်ခါခြင်း လုံးဝမရှိဘဲ စက္ကန့်ပိုင်းမျှ ငေးခနဲဖြစ်သွားတဲ့ အတက်ရောဂါတစ်မျိုးလည်း ရှိပါတယ်။ ဆေးပညာအရ Absence Seizure လို့ ခေါ်ပါတယ်တဲ့။ ကျွန်တော်တို့ မြန်မာလူထုကတော့ “အာရုံလွတ်သွားတာ” လို့ သိကြမှာပါ။

ဒီရောဂါက အသက် (၄) နှစ်မှ (၁၄) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး လူကြီးတွေမှာ ဖြစ်ခဲပါတယ်။

▪️ရောဂါလက္ခဏာများကို ဘယ်လိုခွဲခြားသိနိုင်မလဲ။

ဒီအတက်ရောဂါအမျိုးအစားက သိသိသာသာဖြစ်တာမျိုးမရှိလို့ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေက ကလေးကို “အာရုံမစိုက်တာ” ဆိုပြီး အထင်မှားတတ်ကြပါတယ်။ အဓိက လက္ခဏာတွေကတော့ –

  • ရုတ်တရက် ငေးခနဲဖြစ်သွားခြင်း
  • စကားပြောနေရင်း၊ အလုပ်လုပ်နေရင်း ဒါမှမဟုတ် လမ်းလျှောက်နေရင်း ရုတ်တရက် (၅) စက္ကန့်မှ (၂၀) စက္ကန့်ခန့် ငြိမ်ကျသွားတာ။
  • ပတ်ဝန်းကျင်ကို သတိမပြုမိခြင်း
  • အဲဒီလိုငေးနေချိန်မှာ ဘေးကခေါ်လျှင်လည်း မကြား၊ လက်ယမ်းပြလျှင်လည်း မသိတာ။
  • မျက်တောင်ခတ်ခြင်း သို့မဟုတ် နှုတ်ခမ်းလှုပ်ခြင်း
  • အချို့ကလေးတွေမှာ အဲဒီလိုငေးနေရင်းနဲ့ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်တာ၊ နှုတ်ခမ်းကို စုပ်တာ၊ လက်ချောင်းလေးများ အလိုလို လှုပ်ရှားနေတာ။
  • ချက်ချင်း ပြန်ကောင်းသွားခြင်း
  • စက္ကန့်ပိုင်းလောက် အာရုံလွတ်သွားပြီး ဘာမှမဖြစ်ခဲ့သလို လုပ်လက်စအလုပ်ကို ချက်ချင်း ပြန်လုပ်နေတာ၊ ကလေးကလည်း သတိလစ်သွားတာကို ကိုယ်တိုင် သတိမထားမိတာ။

▪️ဘာကြောင့် ဖြစ်ရတာလဲ။

ဦးနှောက်အတွင်းမှာ အာရုံကြောဆဲလ်တွေက တစ်ခုနဲ့တစ်ခု လျှပ်စစ်လှိုင်းအချက်ပြချက်များ (electrical signals) သုံးပြီး ဆက်သွယ်ကြတယ်ပေါ့နော်။ Absence Seizure ဖြစ်တာကတော့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော ကွန်ရက်ထဲမှာ ရုတ်တရက် ပုံမှန်မဟုတ်တဲ့ electrical signals လေးတွေ ပြိုင်တူဖြစ်သွားလို့ ဦးနှောက်ရဲ့ “သတိရှိမှုစနစ်” ခဏပိတ်သွားလို့ပါပဲ။

နေ့စဉ်ဘဝအပေါ် သက်ရောက်မှုများ

ဒီအတက်ရောဂါက တခြားအတက်ရောဂါတွေလို ခန္ဓာကိုယ်နာကျင်တာမျိုး မရှိပါဘူး။ ဒါပေမယ့် တစ်နေ့ကို အကြိမ်ပေါင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ဖြစ်ပွားနိုင်တာကြောင့် တချို့ပြဿနာလေးတွေ တက်နိုင်ပါတယ်။ အထူးသဖြင့်ကတော့ –

  • ပညာရေး ထိခိုက်ခြင်း
    အတန်းထဲမှာစာသင်နေတုန်း ခဏခဏ အာရုံမရလို့ (ဆရာ၊ ဆရာမက နားလည်မှုလွဲတဲ့အခါ) အဆူခံရပြီး ကလေးပညာရေးကို စိတ်မဝင်စားတာ၊ စိတ်ဒဏ်ရာရတာတွေ ဖြစ်နိုင်ပါတယ်။
  • အသက်အန္တရာယ်ရှိခြင်း
    လမ်းကူးချိန်တွေ၊ စက်ဘီးစီးနေတာမျိုး ဒါမှမဟုတ် ရေကူးနေချိန်မျိုးမှာ ရောဂါထဖြစ်လာရင် အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

မိဘများနှင့် ပတ်ဝန်းကျင်က ဘာလုပ်ပေးလို့ ရနိုင်မလဲ။

၁။ ဆရာဝန်နှင့် ပြသပါ။
ကလေးမှာ လက္ခဏာတွေကို မကြာခဏတွေ့တယ်ဆိုရင် ကလေးအထူးကုဆရာဝန် သို့မဟုတ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆရာဝန်နဲ့ ပြသပေးဖို့ လိုပါလိမ့်မယ်။

၂။ ဆေးကို စနစ်တကျတိုက်ပါ။
ဆရာဝန်ညွှန်ကြားတဲ့ အတက်ကျဆေးတွေကို စနစ်တကျတိုက်ရင် ရာနှုန်းပြည့်နီးပါး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အများစုက အသက်ကြီးလာရင် ရောဂါ အလိုလိုပျောက်ကင်းသွားတတ်ကြပါတယ်။

၃။ ကျောင်းကို အသိပေးပါ။
ကလေးရဲ့ ဆရာ၊ ဆရာမများအား အခြေအနေကို သေချာရှင်းပြထားဖို့ လိုပါတယ်။ အဲဒါမှ ကလေးကို နားလည်မှုလွဲပြီး ဆူမိတာတွေ၊ ပြောမိတာတွေကို ကြိုတင်ကာကွယ်နိုင်ပြီး အတန်းထဲမှာ ကူညီစောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။
.

တကယ်တမ်းမှာတော့ Absence Seizure ဟာ စောစောစီးစီး သိရှိပြီး ဆေးကုသမှုခံယူမယ်ဆိုရင် ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကြီးထွားမှုကို လုံးဝ မထိခိုက်စေဘဲ ပုံမှန်အတိုင်း ကြီးပြင်းနိုင်တဲ့ ရောဂါဖြစ်တာကြောင့် အလွန်အမင်း စိတ်ပူပန်တာမျိုးမဖြစ်ဘဲ လိုအပ်တယ်ဆိုရင် တယ်လီကျန်းမာ အခမဲ့ဆေးခန်းကို သတိရဖို့ မမေ့ကြနဲ့နော်…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here