အစောကြီး ပန်းဝင်နေတာလား (အမျိုးသား ကျန်းမာရေး ပြဿနာ)

အရင်တစ်ခေါက်က အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး အင်ဂျင်နှိုးရခက်တဲ့ ပြဿနာကို ပြောခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက် ညိုကီတို့ အများဆုံး ခေါင်းကိုက်ရတဲ့၊ ဖွင့်ပြောဖို့ အခက်ဆုံးဖြစ်နေတဲ့ နောက်ထပ်ပြဿနာတစ်ခုကို ဆက်ပြောကြရအောင်ဗျာ။

အဲဒါကတော့ “ဆရာရေ… အင်ဂျင်ကတော့ နှိုးလို့ရပါရဲ့။ ဒါပေမယ့် ဂီယာထည့်ပြီး လီဗာလေး နည်းနည်းနင်းလိုက်တာနဲ့ ပန်းတိုင်ကို ချက်ချင်းရောက်သွားလို့ ဒုက္ခရောက်နေတယ်” ဆိုတဲ့ ကိစ္စပါပဲ။ ဆေးပညာအရတော့ Premature Ejaculation (PE) သုက်လွှတ်မြန်ခြင်းလို့ ခေါ်ပါတယ်။

ဒီကိစ္စက တကယ်တော့ ရယ်စရာမဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ ယုံကြည်မှုကို အထိခိုက်စေဆုံးနဲ့ ပါတနာ နှစ်ယောက်ကြားက ဆက်ဆံရေးကို အသံတိတ် ဖျက်ဆီးပစ်နိုင်တဲ့ တရားခံတစ်ကောင်ပါ။ လိင်မှုကိစ္စဆိုတာ ပထမဆုံးပန်းဝင်တဲ့သူ ဆုရမယ့် ပြိုင်ပွဲမှ မဟုတ်တာဗျာ။ အစောကြီး ပြီးမြောက်သွားတော့ ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်၊ အဖော်ဖြစ်သူကလည်း လစ်ဟာမှုတစ်ခု ခံစားရပြီး ကျန်ခဲ့တတ်ပါတယ်။

ကဲ… ဒီတော့ သုက်လွှတ်မြန်တယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လို ပြုပြင်ယူလို့ ရသလဲ၊ ဘယ်အချိန်တိုင်းတာချက်က ပုံမှန်လဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ အေးအေးဆေးဆေး ပြောပြမယ်။ သေချာလေး ဖတ်ကြည့်ကြပါ ညိုကီတို့ရေ။

၁။ ဘယ်လောက်ကြာရင် ပုံမှန်လဲ (လက်တွေ့နဲ့ စိတ်ကူးယဉ် ကွာဟချက်)

ပထမဆုံး သိထားရမှာက ရုပ်ရှင်တွေထဲကလို၊ လူမှုကွန်ရက်က သတင်းမှားတွေထဲကလို နာရီဝက်လောက်၊ တစ်နာရီလောက်ကြီးကြာနေမှ ပုံမှန်ဆိုတဲ့ အထင်အမှားကြီးကို ခေါင်းထဲက အရင်ထုတ်ပစ်လိုက်ပါ။ ဆေးပညာမှာ Intravaginal Ejaculation Latency Time (IELT) ဆိုတဲ့ အချိန်တိုင်းတာချက် ရှိပါတယ်။ အတူနေဆက်ဆံချိန် စတင်တာကနေ ပြီးမြောက်တဲ့အချိန်အထိ ကြာချိန်ပေါ့။

နိုင်ငံတကာက စုံတွဲပေါင်း (၅၀၀) ကျော်ကို သုတေသနလုပ်ကြည့်တဲ့အခါ ပျမ်းမျှကြာချိန်က (၅.၄) မိနစ် ပါပဲ။

လုံလောက်တဲ့ အချိန် – (၃) မိနစ်ကနေ (၇) မိနစ် (ဒါက သာမန် အမျိုးသားအများစုရဲ့ အချိန်ပါ)။

စံပြအချိန် – (၇) မိနစ်ကနေ (၁၃) မိနစ် (စုံတွဲအများစု အကြိုက်ဆုံးနဲ့ နှစ်ဦးစလုံး အဆင်ပြေဆုံးအချိန်လို့ ဆိုကြပါတယ်)။
.

ကြာတိုင်းလည်း မကောင်းဘူး ညိုကီတို့ရေ။

တချို့ကိုယ်တော်ချောတွေက ထင်ကြတယ်… အကြာကြီးနေနိုင်လေ ဆရာကျလေ၊ အဖော်ဖြစ်သူက ပိုသဘောကျလေ ဆိုပြီးတော့လေ။ မှားယွင်းတဲ့ အယူအဆတွေကြောင့် အထင်မှားနေကြတာဗျ။ တကယ့် လက်တွေ့ ဘဝမှာကျတော့ လိုတာထက်ပိုပြီး ကြာလွန်းနေတာ (ဆေးပညာအရ Delayed Ejaculation) ဟာလည်း နှစ်ယောက်စလုံးအတွက် ဒုက္ခတစ်ခုပါပဲ။

စဉ်းစားကြည့်ဗျာ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားကိုသုံးရတဲ့ကိစ္စမှာ မိနစ် (၂၀)၊ နာရီဝက်လောက်ကြီး ကြာနေရင် နှစ်ယောက်စလုံး အရုပ်ကြိုးပြတ် ပင်ပန်းသွားမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာအရကြည့်ရင် အကြာကြီး ပွတ်တိုက်မှု ဖြစ်နေတဲ့အတွက် နှစ်ဦးစလုံးမှာ ပွန်းပဲ့ပြီး နာကျင်လာလိမ့်မယ်။ အထူးသဖြင့် အချိန်ကြာလာတာနဲ့အမျှ သဘာဝအရည်ကြည် ခမ်းခြောက်သွားတတ်လို့ နောက်ပိုင်းကျရင် သာယာမှုထက် နာကျင်မှုကိုပဲ အလူးအလဲ ခံစားရတော့မယ်။ အမျိုးသားတွေဘက်ကလည်း အကြာကြီး အားယူထားရလွန်းလို့ ပင်ပန်းပြီး ပန်းတိုင်မရောက်လိုက်ဘဲ ထောင်မတ်နိုင်စွမ်း ကျဆင်းသွားတတ်တယ်။

စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတက်တာပဲဗျ။ အဖော်ဖြစ်သူဘက်က “သူ ပြီးကို မပြီးနိုင်ဘူး… ငါ့မှာ ဆွဲဆောင်မှု မရှိတော့လို့လား၊ သူ ငါ့ကို စိတ်မဝင်စားတော့ဘူးလား” ဆိုပြီး သိမ်ငယ်စိတ်တွေ၊ သံသယတွေ ဝင်လာတတ်တယ်။ ကိုယ်တိုင်လည်း “ငါ ဘာဖြစ်နေတာလဲ၊ ဘာလို့ မပြီးနိုင်ရတာလဲ” ဆိုပြီး စိတ်ဖိစီးလာမယ်။

နောက်ဆုံးကျတော့ အတူနေခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖလှယ်တဲ့ သာယာကြည်နူးစရာကိစ္စ မဟုတ်တော့ဘဲ မပြီးမချင်း မရရအောင် အတင်းလုပ်ရမယ့် တာဝန်ကြီးတစ်ခုလို ဖြစ်သွားပါလေရော။ ဒါကြောင့် “တန်ဆေး လွန်ဘေး” ဆိုသလိုပါပဲ။ သိပ်မြန်လွန်းရင်လည်း ဟာတာတာ ဖြစ်ကျန်ခဲ့သလို၊ သိပ်ကြာလွန်းရင်လည်း နှစ်ယောက်စလုံး နာကျင်ပင်ပန်းပြီး ဒုက္ခရောက်ပါတယ်။ အချိန်တစ်ခု၊ အတိုင်းအတာတစ်ခုအတွင်းမှာ နှစ်ယောက်စလုံး အထွတ်အထိပ်ရောက်ပြီး သာသာယာယာ အနားယူလိုက်နိုင်တာကမှ တကယ့်အကောင်းဆုံး စွမ်းဆောင်ရည်ပါပဲဗျာ။
.

၂။ အချိန်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါ။

ဒါဆို “သုက်လွှတ်မြန်တယ်” ဆိုတာ ဘယ်လိုလဲ။ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ ဆေးပညာအဖွဲ့အစည်း (ISSM) ရဲ့ သတ်မှတ်ချက်အရ ဆရာဝန်တွေက အောက်ပါ အချက် ၃ ချက်နဲ့ ချိန်ထိုးပါတယ်။

၁။ အချိန် – အတူနေချိန် (၁) မိနစ်ကနေ (၂) မိနစ်အတွင်း အမြဲတမ်းလိုလို ပြီးမြောက်သွားတာ။

၂။ ထိန်းချုပ်နိုင်စွမ်း မရှိခြင်း – မိမိက ဆက်ပြီး အချိန်ယူချင်သေးတယ်။ ဒါပေမယ့် လုံးဝ ထိန်းထားလို့ မရဘဲ ပြီးမြောက်သွားတာ။

၃။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာခြင်း – ဒီကိစ္စကြောင့် ကိုယ်တိုင်လည်း စိတ်ပျက်အားငယ်လာတယ်၊ ပါတနာနဲ့လည်း အဆင်မပြေဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုကို ရှောင်လွှဲချင်လာတဲ့အထိ စိတ်ဒုက္ခရောက်လာတာ။

(မှတ်ချက် – မိမိက (၂) မိနစ်လောက်နဲ့ ပြီးမြောက်ပေမယ့် ကိုယ်ရော ကိုယ့်အဖော်ရောက သာယာကျေနပ်တယ်၊ ဘာပြဿနာမှ မရှိဘူးဆိုရင် ဒါဟာ ရောဂါမဟုတ်ပါဘူး။)
.

၃။ မွေးရာပါလား၊ နောက်မှ ဖြစ်တာလား။

PE မှာ အဓိက အမျိုးအစား (၂) မျိုး ရှိပါတယ်။

  • Primary PE (စပြီးတွေ့ကြုံဖူးကတည်းက ဖြစ်နေတာ)

အတွေ့အကြုံ စရှိကတည်းက ဘယ်အချိန်ပဲဖြစ်ဖြစ် ခဏလေးနဲ့ ပြီးသွားတတ်တာ။ ဒါက မျိုးရိုးဗီဇ၊ အာရုံကြောတုံ့ပြန်မှု တအားမြန်တာတွေနဲ့ ဆိုင်တတ်ပါတယ်။

  • Secondary PE (နောက်မှ ဖြစ်လာတာ)

အရင်တုန်းကတော့ ပုံမှန်ပဲ။ ဒါပေမယ့် နောက်ပိုင်းမှ ဖိစီးမှုတွေ၊ ရောဂါအခံတွေ (ဆီးကျိတ်ရောင်တာ၊ သွေးတိုး၊ ဆီးချို စတာတွေ) ကြောင့် ရုတ်တရက် အချိန်တိုသွားတာ။ အများစုက ဒီအမျိုးအစားထဲမှာ ပါကြပါတယ်။
.

၄။ စိုးရိမ်စိတ်နဲ့ ပန်းဝင်ခြင်း

ဒါက စိတ်ပညာရှုထောင့်ကနေကြည့်ရင် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အချိန်တိုအတွင်း ပြီးမြောက်ရတဲ့ အဓိကတရားခံက “ငါ မြန်မြန်ပြီးသွားမှာလား” ဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပါပဲ။

ဒီနေ့တော့ အတူနေမယ်ဆိုတာနဲ့ ခေါင်းထဲမှာ “အရင်တစ်ခေါက်ကလို မြန်မြန်ပြီးသွားရင် ရှက်စရာကြီး၊ ဒီတစ်ခေါက်တော့ ထိန်းထားမှပဲ” ဆိုပြီး တွေးပူလာတယ်။ အဲဒီလို စိုးရိမ်စိတ် ဝင်လာတာနဲ့ ခန္ဓာကိုယ်က Sympathetic Nervous System ကို သွားနှိုးလိုက်တယ်။ အဲဒီစနစ်က ပွင့်သွားတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေ တင်းလာတဲ့အတွက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး ပိုတောင် မြန်မြန်ပြီးသွားပါလေရော။ အဲဒီသံသရာထဲကနေ ရုန်းမထွက်နိုင်သရွေ့ အမြဲတမ်း အစောကြီး ပန်းဝင်နေဦးမှာပါပဲ။
.

၅။ နှစ်ယောက်ကြားက အေးစက်သွားတဲ့ ဆက်ဆံရေး

PE က အိပ်ရာပေါ်မှာတင် ပြီးသွားတဲ့ ပြဿနာမဟုတ်ဘူးဗျ။ အပြင်ဘက် ဆက်ဆံရေးအထိ ပါလာတယ်။ လိင်မှုကိစ္စဆိုတာ နှစ်ဦးသဘောတူ သာယာမှုကို ရှာဖွေတာဖြစ်ပေမယ့် ဒီလိုပြဿနာ ရှိလာရင် အမျိုးသားဘက်က ယုံကြည်မှု ကင်းမဲ့လာတယ်။ အတူနေခြင်းဟာ စိတ်ဖိစီးစရာ အလုပ်တစ်ခုလို ဖြစ်လာတယ်။

အဖော်ဖြစ်သူဘက်ကလည်း နားလည်ပေးနိုင်ပေမယ့် ကြာလာရင် စိတ်ပိုင်းဆိုင်ရာ အချိတ်အဆက် ပြတ်တောက်သွားသလို ခံစားရတတ်တယ်။ အဆိုးဆုံးကတော့ ဒါဟာ နှစ်ယောက်ကြားမှာ ဖွင့်မပြောရဲတဲ့ ကိစ္စကြီး ဖြစ်လာတာပါပဲ။ ကိုယ်ကလည်း မစွမ်းဆောင်နိုင်မှာကြောက်လို့၊ အဖော်ကလည်း ဖိအားမပေးချင်လို့ အချင်းချင်း နွေးထွေးတဲ့ အထိအတွေ့တွေ ရှောင်လာကြတယ်။ ဖက်တာ၊ နမ်းတာလေးတွေကစပြီး ရှောင်ဖယ်လာတာဟာ ဆက်ဆံရေးတစ်ခုအတွက် အန္တရာယ် အရမ်းများပါတယ်။
.

၆။ အစားအသောက်နဲ့ရော ဆိုင်သလား

အိပ်ရာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ဆိုရင် ဆေးတွေချည်းပဲ အားကိုးနေလို့ မရပါဘူး ညိုကီတို့ရေ။ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကလည်း စိတ်အခြေအနေနဲ့ အာရုံကြောစနစ်ကို အများကြီး လွှမ်းမိုးနေပါတယ်။

  • အပူအစပ်များနဲ့ စိုးရိမ်စိတ်

ညဘက် အတူမနေခင် မာလာရှမ်းကောတို့၊ အထောင်းတို့လို အပူအစပ်တွေ အများကြီးစားထားမိပြီ ဆိုပါစို့။ အစပ်စားလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန် တက်လာတယ်၊ ချွေးထွက်လာတယ်၊ နှလုံးခုန် တအားမြန်လာတယ်။ ဒီရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက စိတ်လှုပ်ရှား စိုးရိမ်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေနဲ့ တစ်ထပ်တည်း သွားကျနေတယ်။ အဲဒီအခါ ဦးနှောက်က “ဪ… ငါ စိုးရိမ်စိတ်တွေ ဝင်နေပြီပဲ” ဆိုပြီး အထင်မှားကာ အာရုံကြောစနစ်ကို သွားနှိုးလိုက်သလို ဖြစ်သွားပြီး အစောကြီး ပန်းဝင်သွားတတ်ပါတယ်။

  • ဘီယာ၊ အရက်နဲ့ အထင်အမှားခြင်း

တချို့က ထင်ကြတယ်… အတူမနေခင် ဘီယာလေး တစ်ခွက် နှစ်ခွက်လောက် သောက်လိုက်ရင် စိတ်ရဲသွားမယ်၊ ကြာကြာနေနိုင်မယ် ဆိုပြီးတော့လေ။ နည်းနည်းပါးပါး သောက်တာက စိတ်ကို ဖြေလျှော့ပေးနိုင်ပေမယ့် များသွားရင်တော့ ဆိုးကျိုးက ပိုများပါတယ်။ အရက်နဲ့ ဘီယာဟာ အာရုံကြောစနစ်ကို ထုံထိုင်းစေတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို လွဲချော်စေပါတယ်။ ဒါ့အပြင် အများကြီး သောက်ထားရင် ထောင်မတ်နိုင်စွမ်းကိုပါ သိသိသာသာ ကျဆင်းသွားစေလို့ အိပ်ရာမဝင်ခင် အလွန်အကျွံ သောက်သုံးတာကို ရှောင်တာ အကောင်းဆုံးပါပဲ။

  • စိတ်ကိုပြေလျော့စေမယ့်အစားအစာများ

ငှက်ပျောသီး (ကြွက်သားတွေကို ပြေလျော့စေတယ်)၊ Dark Chocolate (ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်စေတယ်)၊ ဖရုံစေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆံများ (အာရုံကြောကို ငြိမ်စေတယ်) နဲ့ Green Tea (စိတ်ဖိစီးမှုကို လျှော့ချပေးတယ်) တို့ကို ပုံမှန် စားသုံးပေးရင် စိုးရိမ်စိတ်တွေကို လျှော့ချနိုင်ပါတယ်။
.

၇။ အထိရောက်ဆုံး ဘရိတ်အုပ်နည်းများ

ဆေးတွေချည်း အားကိုးနေမယ့်အစား ကိုယ်တိုင်လေ့ကျင့်ယူလို့ရတဲ့ သဘာဝနည်းလမ်းတွေ ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုပဲ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ လုပ်ရပါမယ်။

  • တစ်ကိုယ်တော် လေ့ကျင့်ခြင်း

ဆေးပညာရှင်တွေနဲ့ Sex Therapist တွေက PE ကို ကုသတဲ့နေရာမှာ မိမိဘာသာ အာသာဖြေခြင်းကို အပြစ်တစ်ခုလိုမမြင်ဘဲ လေ့ကျင့်ရေးကွင်းတစ်ခုလို အသုံးချဖို့ အကြံပေးလေ့ရှိပါတယ်။ ပါတနာနဲ့ အတူရှိနေချိန်မှာ စိုးရိမ်စိတ်တွေ ပါလာတတ်လို့ တစ်ယောက်တည်း အရင်ဆုံး လေ့ကျင့်တာက အကောင်းဆုံးပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ကိုယ်တိုင် သေချာလေ့လာပြီး အဆုံးစွန်ထိ မရောက်ခင် ထိန်းထားနိုင်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

  • ရပ်လိုက်၊ ပြန်စလိုက် နည်းလမ်း

ဒါက ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုကို အလွန်အကျွံမတက်အောင် လေ့ကျင့်ပေးတာပါ။ အတူနေစဉ်မှာဖြစ်စေ၊ ကိုယ်တိုင်လေ့ကျင့်နေစဉ်မှာဖြစ်စေ ပြီးမြောက်တော့မယ့် အခြေအနေကို ရောက်လာပြီ (အာရုံခံစားမှု အမှတ် (၁၀) မှာ (၈) လောက်ကို ရောက်လာပြီ) ဆိုရင် လှုပ်ရှားမှု အားလုံးကို “ချက်ချင်း” ရပ်လိုက်ပါ။ စိတ်အာရုံ ငြိမ်ကျသွားတဲ့အထိ စက္ကန့် (၃၀) ကနေ (၆၀) လောက်အထိ စောင့်ပါ။ အဲဒီလို ငြိမ်သွားပြီဆိုမှ ပြန်စပါ။ (၃-၄) ကြိမ်လောက် လုပ်ပြီးမှသာ နောက်ဆုံး အပြီးသတ်ပါ။

  • ညှစ်ပေးခြင်း နည်းလမ်း

ပြီးမြောက်တော့မယ့်အချိန်မှာ ရပ်လိုက်ပြီး အမျိုးသားအင်္ဂါရဲ့ ထိပ်ပိုင်းကို လက်မနဲ့ လက်ညှိုး၊ လက်ခလယ် သုံးပြီး ခပ်နာနာလေး (၁၀) စက္ကန့်ကနေ (၂၀) စက္ကန့်လောက် ညှစ်ထားလိုက်ပါ။ အဲဒီလို ဖိညှစ်လိုက်တဲ့အခါ တုံ့ပြန်မှုကို ချက်ချင်း ရပ်တန့်သွားစေပါတယ်။ ပန်းဝင်ချင်စိတ် ပျောက်သွားမှ ပြန်စပါ။

  • Kegel Exercise

ဆီးသွားနေတုန်း ဆီးကိုရပ်သွားအောင် အောင့်ထားတဲ့အခါသုံးတဲ့ ကြွက်သားကို လေ့ကျင့်ပေးတာပါ။ အဲဒီကြွက်သားကို တစ်နေ့ကို အကြိမ် (၁၀) ကနေ (၁၅) ကြိမ်အထိ၊ တစ်ခါလုပ်ရင် (၃) စက္ကန့် ကနေ (၅) စက္ကန့်လောက် တင်းထားလိုက်၊ ပြန်လျှော့လိုက်နဲ့ ပုံမှန်လုပ်ပေးပါ။ ဒီကြွက်သား သန်မာလာပြီဆိုရင် ပြီးတော့မယ့်အချိန်မှာ ကိုယ့်ဘာသာကိုယ် အသိစိတ်နဲ့ “ဘရိတ်အုပ်” လို့ ရလာပါလိမ့်မယ်။
.

၈။ စိတ်ကို ဖြေလျှော့ပါ၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။

အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ပါပဲ။ “ကိုယ်တို့ အတူတူ ကြိုးစားကြည့်ရအောင်၊ စိတ်ဖိစီးလို့ ဖြစ်တာပါ” ဆိုပြီး နားလည်မှု ယူပါ။ ကြင်နာတတ်တဲ့ အဖော်တစ်ယောက်ရဲ့ အားပေးမှုက ဘယ်ဆေးထက်မဆို ပိုစွမ်းပါတယ်။ (ရှိကြမယ်လို့လည်း ယုံကြည်ပါတယ်)

တကယ်လို့ ဒီနည်းလမ်းတွေနဲ့မှ မရဘူးဆိုရင်တော့ ရှက်မနေပါနဲ့။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်နဲ့သင့်တော်တဲ့ ဆေးတွေကို သုံးစွဲလို့ရပါတယ်။

ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ညိုကီတို့အနေနဲ့ စိတ်ဓာတ်မကျဘဲ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အချိန်ယူ ပြုပြင်သွားမယ်ဆိုရင် ဒီအခက်အခဲကို သေချာပေါက် ကျော်လွှားနိုင်မှာပါ။ လိုအပ်တဲ့ ဆေးဝါး အကြံဉာဏ်တွေ၊ ကုသမှုတွေ ခံယူချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာမှာ အခုပဲ booking ယူပြီး ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါလို့ တိုက်တွန်းပါရစေ…။

စေတနာဖြင့်
အဓိပတိ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here