ကျွန်မတို့တွေ Minimalism လို့ ပြောလိုက်ရင် အခန်းထဲမှာ ပစ္စည်းတွေ နည်းနည်းပဲထားတာ၊ အဝတ်အစားကို အရောင်အများကြီးမသုံးဘဲ ရိုးရိုးလေးတွေပဲ ဝတ်တာမျိုးကို ပြေးမြင်တတ်ကြပါတယ်။

တကယ်တော့ ပစ္စည်းတွေကို Minimalism လုပ်တာ၊ အသုံးမလိုတာတွေ စွန့်ပစ်တာဟာ အင်မတန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်က ရှင်းလင်းနေတဲ့အခါ မျက်စိအေးရုံတင်မကဘဲ အလုပ်အာရုံစိုက်ရတာ ပိုကောင်းလာတယ်။ ရှာဖွေရတာ လွယ်ကူလာတယ်။ ဘဝက ပိုပြီးစနစ်ကျလာတာ အမှန်ပါပဲ။

ဒါပေမယ့် တစ်ခါတလေ ပစ္စည်းတွေသာ ရှင်းနေရုံနဲ့ စိတ်က လေးလံနေတုန်းပဲဆိုရင်တော့ တစ်ခုခုတော့ လွဲနေပါပြီ။

အဖြေကတော့ ဒီလိုပါ။

ကျွန်မတို့က အခန်းထဲက ပရိဘောဂတွေ အသုံးအဆောင်တွေ မလိုအပ်တာတွေကိုသာ ရှင်းထုတ်နေတာ စိတ်ထဲက အမှိုက်တွေကိုတော့ ရှင်းဖို့မေ့နေလို့ပါပဲ။ စိတ်ပိုင်းဆိုင်ရာ Minimalism (Mental Minimalism) ဆိုတာ စိတ်အိမ်လေးထဲက မလိုအပ်တဲ့ အတွေးဟောင်း၊ စိုးရိမ်စိတ်ဟောင်းတွေကို စွန့်ပစ်တာကို ပြောတာပါ။
—–
—–

စိတ်ကို ပေါ့ပါးသွားစေမယ့် နည်းလမ်း (၅) ခု

ပစ္စည်းတွေရှင်းသလို စိတ်ကိုပါ ရှင်းလင်းဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေ ဝေမျှပေးပါရစေ –

(၁) “၅ နှစ် Rule” ကို သုံးပါ။

စိုးရိမ်စရာတစ်ခုခု ကြုံလာရင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ “ဒီကိစ္စက နောက် ၅ နှစ်နေရင် ငါ့အတွက် တကယ်အရေးပါဦးမှာလား” လို့။

အဖြေက ‘မဟုတ်ဘူး’ ဆိုရင် အဲဒီအရာအတွက် ၅ မိနစ်ထက်ပိုပြီး စိတ်မပူပါနဲ့တော့။ ၅ နှစ်အကြာမှာ အရေးမပါတော့မယ့်အရာကို အခုကတည်းက လွှတ်ချလိုက်ပါ။
.

(၂) “No” လို့ ပြောဖို့ ဝန်မလေးပါနဲ့။

ကိုယ့်ကို စိတ်ပင်ပန်းစေမယ့် အလုပ်တွေ၊ မလိုအပ်တဲ့ တာဝန်တွေကို ယဉ်ကျေးပျူငှာစွာနဲ့ ငြင်းပယ်တတ်ဖို့ လိုပါတယ်။ မလိုအပ်တဲ့အရာတွေကို “No” လို့ ပြောနိုင်မှသာ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာတွေကို “Yes” လို့ အားရပါးရ ပြောနိုင်မှာဖြစ်ပါတယ်။
.

(၃) တစ်ကြိမ်မှာ အတွေးတစ်ခုပဲ ထားပါ။

ဖုန်းထဲမှာ App တွေ အများကြီးဖွင့်ထားရင် ဘက်ထရီ မြန်မြန်ကုန်သလိုပဲ စိတ်ကိုလည်း တစ်ချိန်တည်းမှာ အလုပ်၊ မိသားစု၊ ငွေရေးကြေးရေး အကုန်လျှောက်တွေးနေရင် စွမ်းအင်ကုန်ခမ်းသွားတတ်တယ်။ သတ်သတ်မှတ်မှတ် အချိန်တစ်ခုမှာ အာရုံတစ်ခုတည်းကိုပဲ စိုက်ကြည့်ပါ။
.

(၄) အတိတ်က အမှားတွေကို အိမ်ပြင်ထုတ်ပါ။

အိမ်ထဲမှာ မသုံးတော့ဘဲ ပျက်စီးနေတဲ့ ပစ္စည်းဟောင်းတွေကို နှမြောလို့ သိမ်းထားရင် ဖုန်တက်ပြီး ရှုပ်ပွနေမှာပဲလေ။ စိတ်ထဲမှာလည်း “ငါ အဲဒီတုန်းက မှားခဲ့တာ” ဆိုတဲ့ နောင်တတွေ၊ အတိတ်က ဒဏ်ရာတွေကို သယ်ပိုးထားတာဟာ စိတ်ကို အလကားနေရင်း ဝန်ပိစေပါတယ်။ အမှားဆိုတာ သင်ခန်းစာယူဖို့ပဲ။ သယ်ပိုးထားဖို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပြီး အတိတ်ကအမှိုက်တွေကို နှုတ်ဆက်လိုက်ပါ။
.

(၅) ပြီးပြည့်စုံချင်တဲ့စိတ်ကို လျှော့ချပါ။

အရာရာကို ပြီးပြည့်စုံနေမှဆိုတဲ့ (Perfectionism) ဝန်ထုတ်ဝန်ပိုးကို ချပစ်ဖို့ လိုပါတယ်။ အရာရာကို လိုက်ထိန်းချုပ်ချင်တာ၊ အားလုံးက ကိုယ်ဖြစ်ချင်သလို ကွက်တိဖြစ်နေစေချင်တာက စိတ်ကို အလွန်ပင်ပန်းစေပါတယ်။ တချို့အရာတွေကို ဖြစ်သင့်သလို ဖြစ်နေတာကို လက်ခံလိုက်ပါ။ စိတ်ထဲမှာ “ဒါဆိုရင် လုံလောက်ပါပြီ” လို့ သတ်မှတ်လိုက်တာနဲ့ အများကြီး ပေါ့ပါးသွားတာ ခံစားရပါလိမ့်မယ်။

ပစ္စည်းရော စိတ်ပါ ရှင်းလင်းလိုက်တဲ့အခါ …

• အတွင်းစိတ် ငြိမ်းချမ်းလာမယ်။

အိမ်မှာလည်း အမှိုက်မရှိ၊ စိတ်မှာလည်း အတွေးအမှိုက်မရှိတဲ့အခါ နေရတာ တကယ်ကို သက်သောင့်သက်သာ ဖြစ်လာပါတယ်။

• ဆုံးဖြတ်ချက်ချရတာ မြန်လာမယ်။

ဦးစားပေးရမယ့်အရာကို သေသေချာချာ သိတဲ့အခါ အချိန်ကုန်သက်သာပြီး ပိုထိရောက်လာပါတယ်။

• တကယ်အရေးကြီးတာကို မြင်လာမယ်။

ဆူညံသံတွေ ရှင်းထုတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရတတ်ပါတယ်။
.

ဒီနေ့ညအတွက် အကြံပြုချက်လေးတစ်ခု ပေးရရင် …

အိပ်ရာမဝင်ခင် ဖုန်းကို ဘေးခဏချထားပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကြည့်ပါ။

ဒီနေ့တစ်နေ့လုံးမှာ ကိုယ့်ကို အပိုပင်ပန်းစေခဲ့တဲ့ အတွေးတစ်ခုကို ရွေးပြီး “မင်းကို ငါ ဒီမှာပဲ ထားခဲ့တော့မယ်” လို့ နှုတ်ဆက်ပြီး အိပ်စက်လိုက်ပါ။

Minimalism ဆိုတာ ပစ္စည်းတွေကို လျှော့ချတာတင်မဟုတ်ဘဲ ကိုယ့်ရဲ့ “ရှင်သန်မှု” ကို ပိုပြီးတန်ဖိုးရှိအောင်၊ ပေါ့ပါးအောင် လုပ်ယူတာပါ။ ပစ္စည်းတွေရော စိတ်ထဲက အတွေးတွေကိုရော လိုအပ်တာလေးတွေပဲ သိမ်းထားပြီး၊ ကျန်တာကိုတော့ ကျေးဇူးတင်စကားဆိုရင်း လက်ပြနှုတ်ဆက်လိုက်ရအောင်လားရှင်….။

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “/start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here