🩸သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ။
“ ကားတစ်စီးမှာ ဆီဒိုင်ခွက် လိုသလိုပဲ၊ သင့်ခန္ဓာကိုယ်အတွက် သွေးပေါင်ချိန်စက်ဆိုတာ အရေးကြီးတဲ့ အချက်ပြဒိုင်ခွက်ပါ”
အမေရိကန် နှလုံးအသင်း (American Heart Association) ကတော့ သွေးတိုးရှိသူတိုင်း ဆေးကုသမှုတွေ ထိရောက်မှု ရှိ/မရှိ ဆရာဝန်တွေ သိနိုင်အောင် အိမ်မှာ သွေးပေါင်ချိန်တိုင်းဖို့ အကြံပြုထားပါတယ်။ အိမ်မှာ သွေးပေါင်ချိန်တိုင်းတာကို သွေးတိုး ရှိ/မရှိ အတည်ပြုဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သွေးပေါင် အိမ်မှာတိုင်းရုံနဲ့ ဆရာဝန် ပုံမှန်ပြသတာကို အစားထိုးလို့တော့ မရပါဘူး။ အိမ်မှာ သွေးပေါင်တိုင်းလို့ သွေးပေါင်ချိန်ဂဏန်းတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ သွေးတိုးကျဆေး သောက်တာကို မရပ်လိုက်ပါနဲ့။
…
…
🧐 ဘယ်လို လူတွေက အိမ်မှာ သွေးပေါင်ချိန် တိုင်းသင့်လဲ။
● သွေးတိုးရှိတယ်လို့ အတည်ပြုခံထားရသူတွေ
● သွေးတိုးကျဆေး စသောက်နေသူ ဒါမှမဟုတ် သွေးပေါင်ကျဆေး ပြောင်းသောက်နေလို့ ဆေးထိရောက်မှု ရှိ/မရှိ သိချင်သူတွေ
● သွေးတိုးဖြစ်နိုင်ခြေ များတဲ့သူတွေနဲ့ သွေးတိုးကြောင့် တခြားရောဂါတွေ ဖြစ်နေလို့ အနီးကပ်စောင့်ကြည့်ဖို့ လိုတဲ့သူတွေက အိမ်မှာ သွေးပေါင်တိုင်းသင့်ပါတယ်။
အိမ်သုံး သွေးပေါင်ချိန်တိုင်းစက် ရွေးချယ်တဲ့အခါ အလိုအလျောက် သွေးပေါင်ချိန်တိုင်းစက်၊ လက်မောင်းပတ် (Cuff-style) စက်မျိုးကို သုံးဖို့ အကြံပြုထားပါတယ်။ လက်ကောက်ဝတ် ဒါမှမဟုတ် လက်ချောင်းမှာ တိုင်းတဲ့ စက်တွေကိုတော့ တိကျမှု အားနည်းတာကြောင့် အသုံးမပြုသင့်ပါဘူး။ တိကျမှု အသိအမှတ်ပြုချက် (Validated) ရထားတဲ့ စက်ကိုပဲ ရွေးချယ်ပါ။ မသေချာရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။
လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ ဒါမှမဟုတ် ကလေးတွေအတွက် ဆိုရင်လည်း သူတို့နဲ့ ကိုက်ညီတဲ့ အသိအမှတ်ပြု စက်မျိုးဖြစ်အောင် ဂရုစိုက်ရပါမယ်။ လက်မောင်းပတ် အရွယ်အစား မှန်ဖို့လည်း အရေးကြီးပါတယ်။ စက်နဲ့ပါလာတဲ့ လက်မောင်းပတ်က ကိုယ့်အတွက် အနေတော် ဟုတ်/မဟုတ် စစ်ဆေးပါ။ စက်ဝယ်ပြီးရင် ဆရာဝန်နဲ့ သွားပြတဲ့အခါ တစ်ခါတည်း ယူသွားလိုက်ပါ။ ဆရာဝန်ဆီကစက်နဲ့ ကိုယ့်စက်နဲ့ ရလဒ် တူ/မတူ၊ ကိုယ်တိုင်းတာ မှန်/မမှန် စစ်ခိုင်းလို့ရတာပေါ့။ စက်ရဲ့တိကျမှုကို စစ်ဆေးဖို့ တစ်နှစ်တစ်ခါလောက်တော့ ဆရာဝန်ဆီ ယူသွားပြသင့်ပါတယ်။ အိမ်မှာ သွေးပေါင်ချိန် ဘယ်လိုတိုင်းရမလဲဆိုတာ ဆရာဝန်နဲ့ အသေးစိတ် ဆွေးနွေးပါ။ လက်မောင်းပတ် အရွယ်အစား အရွယ်အစား မှားယွင်းနေရင် သွေးပေါင်ချိန် ရလဒ်လည်း မှားသွားနိုင်ပါတယ်။
…
…
⏳ သွေးပေါင် မတိုင်းခင်မှာ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကတော့ . . .
မတိုင်းခင် မိနစ် ၃၀ အတွင်းမှာ ဆေးလိပ်သောက်တာ၊ ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေ သောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာမျိုး ရှောင်ရပါမယ်။ ဆီးသွားထားပါ။ သွေးပေါင်တိုင်းမယ့် လက်မောင်းက အင်္ကျီစကို ဖယ်ထားပါ။ ဘယ်လက်နဲ့မဆို တိုင်းလို့ ရပါတယ်။ ပုံမှန်အားဖြင့်တော့ နှစ်ဖက်စလုံးက ရလဒ် သိပ်မကွာပါဘူး။ မတိုင်းခင် ၅ မိနစ်လောက် အေးအေးဆေးဆေး ငြိမ်ငြိမ်လေး နားနေပါ။ ဖုန်းပြောတာမျိုး၊ စကားပြောတာမျိုး မလုပ်ပါနဲ့။
…
…
◾️သွေးပေါင်ချိန်ကို တိတိကျကျ တိုင်းတာနိုင်ဖို့ အဆင့် ၁၀ ဆင့် –
(၁) ပထမဆုံး စိတ်အေးအေးထားပြီး စိုးရိမ်ပူပန်မှုတွေ မရှိအောင်နေပါ။
(၂) ထိုင်ခုံနောက်မှီနဲ့ ကျောကပ်ပြီး မတ်မတ်ထိုင်ပါ။ ခြေထောက်ကို ကြမ်းပြင်ပေါ်မှာ ပြားပြားချထားပါ။
(၃) လက်ကို စားပွဲပေါ်တင်ထားပြီး လက်ကို လျှော့ထားပါ။ တိုင်းနေတုန်း လက်သီးဆုပ်တာမျိုး မလုပ်ပါနဲ့။
(၄) လက်မောင်းပတ်ကို လက်မောင်းအလယ် ဒါမှမဟုတ် အနည်းငယ် အပြင်ဘက်ရောက်အောင် ပတ်ပေးပါ။
(၅) လက်မောင်းပတ်ကို တင်းတင်းလေးဖြစ်အောင် ပတ်ပါ။ ဒါပေမယ့် လက်ချောင်း ၂ ချောင်း လျှိုသွင်းလို့ရရပါမယ်။
(၆) စက်ပေါ်က ‘On’ ခလုတ်ကို နှိပ်ပြီးတာနဲ့ ‘Start’ ခလုတ်ကို နှိပ်ပါ။ အဲဒီအချိန်မှာ စကားမပြောဘဲ စိတ်ကို လျှော့ထားလိုက်ပါ။
(၇) လက်မောင်းပတ်ထဲကို လေတွေ အလိုအလျောက် အမြန်ဝင်လာပြီး ပြန်ထွက်သွားတာကို ခံစားရပါလိမ့်မယ်။ နည်းနည်းလေး တင်းကျပ်သလို ခံစားရနိုင်ပေမယ့် ခဏလေးပါပဲ။ တအားသက်တောင့်သက်သာ မရှိဘူးလို့ ခံစားရရင် ‘Stop’ ခလုတ်ကို နှိပ်လိုက်ရုံနဲ့ လေတွေ ချက်ချင်း ပြန်ထွက်သွားပါလိမ့်မယ်။
(၈) အဖြေထွက်လာပြီဆိုရင် မှတ်သားထားလိုက်ပါ။ အချို့စက်တွေမှာ ပရင်တာ (Printer) ပါတာမို့ မှတ်တမ်းစာအုပ်ထဲမှာ ကပ်ထားလို့လည်း ရပါတယ်။
(၉) မိနစ်အနည်းငယ်အကြာမှာ နောက်တစ်ကြိမ် ထပ်တိုင်းကြည့်ပါ။ အဖြေတွေက ဆင်တူပြီး တိကျမှုရှိရဲ့လားဆိုတာ သေချာအောင်လို့ပါ။
(၁၀) တကယ်လို့ သင့်ဆရာဝန်က သွေးပေါင်ချိန်တိုင်းဖို့ ခိုင်းထားတယ်ဆိုရင်တော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ ၂ ကြိမ် တိုင်းပေးပါ။ ပြီးရင်တော့ ရလဒ်တွေကို မှတ်သားပြီး ရက်ချိန်းပြန်ပြလျှင် တစ်ခါတည်း ယူသွားပြီး ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
…
…
ကိုယ့်ရဲ့ သွေးပေါင်ချိန်ဂဏန်းတွေက ဘာကို ဆိုလိုတာလဲဆိုတာလည်း သိထားဖို့ လိုပါတယ်။
● ပုံမှန်အဆင့်ကတော့ အပေါ်သွေး ၁၂၀ အောက် နဲ့ အောက်သွေး ၈၀ အောက် ဖြစ်ပါတယ်။
● သွေးပေါင် အနည်းငယ် တက်နေတဲ့အဆင့်ကတော့ အပေါ်သွေး ၁၂၀ ကနေ ၁၂၉ ကြားနဲ့ အောက်သွေး ၈၀ အောက် ဖြစ်ပါတယ်။
● သွေးတိုး ပထမအဆင့်ကတော့ အပေါ်သွေး ၁၃၀ ကနေ ၁၃၉ ကြား ဒါမှမဟုတ် အောက်သွေး ၈၀ ကနေ ၈၉ ကြား ဖြစ်ပါတယ်။ (နောက်တစ်ကြိမ်ပြန်တိုင်းပြီး ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်)
● သွေးတိုး ဒုတိယအဆင့်ကတော့ အပေါ်သွေး ၁၄၀ နဲ့အထက် ဒါမှမဟုတ် အောက်သွေး ၉၀ နဲ့အထက် ဖြစ်ပါတယ်။ (နောက်တစ်ကြိမ်ပြန်တိုင်းပြီး ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်)
● ပြင်းထန် သွေးတိုးအဆင့်ကတော့ အပေါ်သွေး ၁၈၀ ထက်မြင့်တာ ဒါမှမဟုတ် အောက်သွေး ၁၂၀ ထက် မြင့်တာ ဖြစ်ပါတယ်။ (တကယ်လို့ ဘာအရေးပေါ် လက္ခဏာမှ မရှိရင် ဆရာဝန်ဆီ ချက်ချင်း ဆက်သွယ်ပါ)
● အရေးပေါ် သွေးတိုး အခြေအနေကတော့ အပေါ်သွေး ၁၈၀ ထက် မြင့်တာ ဒါမှမဟုတ် အောက်သွေး ၁၂၀ ထက် မြင့်တာဖြစ်ပြီး အရေးပေါ် လက္ခဏာတွေ ရှိနေရင် အရေးပေါ်ဌာနကို ချက်ချင်း ခေါ်ရပါမယ်။
အရေးပေါ် လက္ခဏာတွေကတော့ ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ၊ ကျောအောင့်တာ၊ ထုံကျင်တာ၊ အားနည်းတာ၊ အမြင်အာရုံ ပြောင်းလဲတာ ဒါမှမဟုတ် စကားပြောရ ခက်ခဲတာတွေ ဖြစ်ပါတယ်။
…
…
ကိုယ့်သွေးပေါ်ချိန်ကို ကိုယ်တိုင်ထိန်းချုပ်ပြီး ကျန်းမာတဲ့ အတိုင်းအတာတွင်းမှာ ရှိနေရဲ့လား သိထားဖို့ လိုပါတယ်။ ဒါကို သိနိုင်မယ့် နည်းကတော့ သွေးပေါင်ချိန် တိုင်းကြည့်တာပါပဲ။
တကယ်လို့ သွေးပေါင်ချိန် ပုံမှန်ရှိသင့်တာထက် မြင့်နေတယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ သွေးပေါင်တက်နေတာက စိုးရိမ်စရာ အရေးပေါ်အခြေအနေလို့တော့ တန်းပြောလို့ မရပါဘူး။ တကယ်လို့ ပုံမှန်ထက် များနေတယ်ဆိုရင် ဒုတိယအကြိမ် ပြန်တိုင်းကြည့်ပါ။
တကယ်လို့ သွေးပေါင်ချိန်က ရုတ်တရက် 180/120 mm Hg ထက် ကျော်သွားတယ်ဆိုရင် အနည်းဆုံး တစ်မိနစ်လောက် စောင့်ပြီးမှ ပြန်တိုင်းကြည့်ပါ။ ပြန်တိုင်းလို့မှ အရမ်းများနေတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်ပါ။ ဒါက ပြင်းထန်တဲ့ သွေးတိုးရောဂါ ခံစားနေရတာ ဖြစ်နိုင်လို့ပါ။
အရေးပေါ် သွေးတိုး အခြေအနေမှာဆိုရင် သွေးပေါင်ချိန်က 180/120 mm Hg ထက် ကျော်နေပြီး အောက်ပါလက္ခဏာတွေ ခံစားနေရရင် အရေးပေါ်ဖုန်းကို ချက်ချင်း ခေါ်ဆိုရမှာ ဖြစ်ပါတယ် – ရင်ဘတ်အောင့်တာ၊ အသက်ရှူကျပ်တာ၊ ကျောအောင့်တာ၊ ထုံကျင်တာ၊ အားအင်ကုန်ခမ်းတာ၊ အမြင်အာရုံ ဝေဝါးတာ၊ စကားပြောရ ခက်ခဲတာ။ ဒါက ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ သွေးပေါင်ချိန် သူ့အလိုလို ပြန်ကျလာမလားဆိုပြီး စောင့်မနေပါနဲ့။ အရေးပေါ်ဖုန်းကိုသာ ချက်ချင်း ခေါ်လိုက်ပါ။
သွေးပေါင်ချိန် မှတ်တမ်းစာအုပ် ထားရှိပါ။ တစ်ကြိမ်တည်း သွေးပေါင်တိုင်းတာက ဓာတ်ပုံတစ်ပုံ ရိုက်လိုက်သလိုပါပဲ။ အဲဒီအချိန်မှာ ရှိနေတဲ့ အခြေအနေကိုပဲ ပြပေးတာပါ။ အချိန်အတိုင်းအတာတစ်ခုအထိ စုထားတဲ့ မှတ်တမ်းတွေကမှ သင့်ရဲ့ သွေးပေါင်ချိန် အခြေအနေကို အပြည့်အစုံ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း သွေးပေါင်ကျအောင် ကုသနေတဲ့ နည်းလမ်းတွေက ထိရောက်မှု ရှိ/မရှိဆိုတာကို ဆရာဝန်နဲ့အတူ သေချာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း အသိပညာပေးမျှဝေရင်း စိတ်နှလုံး ကျန်းမာရွှင်လန်း ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်…။
ဒေါက်ပီ (တယ်လီကျန်းမာ)
Reference: 📚 https://www.heart.org/en/health-topics/high-blood-pressure/understanding-blood-pressure-readings/monitoring-your-blood-pressure-at-home
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.
