‎အသက် ၄၀ ဆိုတာ ဘဝရဲ့ တစ်ဆစ်ချိုးအချိန်လို့ ပြောကြတယ်မလား။ အတွေ့အကြုံတွေလည်း ပြည့်စုံနေသလို တာဝန်ဝတ္တရားတွေကလည်း အမြင့်ဆုံး၊ အကောင်းဆုံးဆိုတဲ့ အချိန်ပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ဘဝအတတ်ပညာတွေ ရင့်ကျက်လာချိန်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေက စတင်လာတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။

ဒီအရွယ်မှာ လူအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးစိုးရိမ်စိတ် (Health Anxiety) ပါပဲ။ ခန္ဓာကိုယ်မှာ အနည်းငယ်ပြောင်းလဲမှုရှိတာနဲ့ ရောဂါကြီးတစ်ခုခုဖြစ်မှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကို‌ယ်ရော သတိထားမိကြရဲ့လား။

‎” အရင်ကလို ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်းဆန်း ထဖို့ဆိုတာ မလွယ်တော့ဘူး။ လှေကားတက်ရင် မောလာမယ်။ အစားမှားရင် ဗိုက်အောင့်မယ်။ စိတ်သွားတိုင်း ကိုယ်ပါဖို့က နည်းနည်းခက်လာတာ” ဆိုပြီး ဖြစ်လာတာ‌တွေကိုပေါ့။
‎…
‎…

‎ဒီနေရာမှာ ကျွန်မတို့ မေ့နေတတ်တာတစ်ခုက “ ခန္ဓာကိုယ်က ပင်ပန်းနေရင် စိတ်ကလည်း လိုက်ညှိုးနွမ်းတတ်တယ်” ဆိုတာပါပဲ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တစ်ခုနဲ့တစ်ခု ခွဲထုတ်လို့မရအောင်ပဲ ဆက်စပ်မှုရှိနေပါတယ်။

‎ဒါဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဘယ်လိုလုပ်ရမလဲ။

‎၁။ အိပ်စက်ခြင်းက အကောင်းဆုံး ဆေးတစ်ခွက်ပါ။

‎ငယ်ငယ်ကတော့ အိပ်ချိန်မမှန်လည်း ကျွန်မတို့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိခဲ့ပေမယ့် အသက် ၄၀ ကျော်မှာတော့ အိပ်ရေးပျက်တာဟာ “ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်းနဲ့ စိုးရိမ်စိတ်တွေ မြင့်တက်ခြင်း” စတာတွေရဲ့ အဓိကတရားခံ ဖြစ်လာပါတယ်။ အိပ်စက်ခြင်းဟာ ကျွန်မတို့ ဦးနှောက်ထဲက အညစ်အကြေးတွေကို ဆေးကြောပေးတဲ့အချိန်လည်း ဖြစ်ပါတယ်။

‎ကျွန်မတို့ လက်တွေ့လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကတော့ ညတိုင်း အချိန်မှန်အိပ်ဖို့ ကြိုးစားတာပါပဲ။

‎အိပ်ခါနီး ဖုန်းကြည့်မယ့်အစား စာအုပ်ဖတ်တာ ဒါမှမဟုတ် တရားမှတ်တာမျိုးက ဦးနှောက်ကို အနားရဖို့ အ‌ထောက်အကူပြုပါတယ်။ ညစာကို အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီခွာပြီး အပြီးစားထားတာကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ အိပ်ရာဝင်ခါနီး ရေနွေးနွေးလေးချိုးတာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာမျိုးတွေကို လုပ်ပေးလို့ ရပါတယ်။
‎.

‎၂။ အစာအိမ်ကျန်းမာမှ စိတ်ချမ်းသာမယ်။

‎ကျွန်မတို့ရဲ့ အစာအိမ်ကို “ ဒုတိယဦးနှောက်” လို့တောင် တင်စားကြတာမျိုး ရှိပါတယ်။ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရိုတိုနင်ဓာတ် (Serotonin) ၉၀ ရာခိုင်နှုန်းကျော်ဟာ အစာအိမ်ထဲမှာပဲ ထုတ်လုပ်တာပါ။ ဒါကြောင့် ကျွန်မတို့ အစာအိမ်ထဲကို အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဒိန်ချဉ်လိုမျိုး အကျိုးပြုဘက်တီးရီးယား ပါတာတွေကို စားပေးရင် ထွက်လာတဲ့ ဆီရိုတိုနင်ကြောင့် စိတ်ကြည်လင်မှုကို သိသိသာသာ ခံစားရမှာပါ။
‎.

‎၃။ အချိုဓာတ်နဲ့ စိတ်အတက်အကျ

‎အသက် ၄၀ ကျော်မှာ သကြားဓာတ်ဟာ ကျွန်မတို့ရဲ့ ရန်သူတော်ကြီးပါပဲ။ အချိုတွေ အလွန်အကျွံစားလိုက်ရင် သွေးတွင်းသကြားဓာတ်က ရုတ်တရက်တက်ပြီး စိတ်တက်ကြွလာပေမယ့် ခဏနေရင် ပြန်ကျသွားတဲ့အခါ စိတ်တိုလွယ်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ စိုးရိမ်စိတ်များတာတွေကို ဖြစ်စေပါတယ်။

‎ဒါကြောင့် ကျွန်မတို့ဟာ သကြားအစား သဘာဝအသီးအနှံတွေကရတဲ့အချိုကို ပြောင်းစားလို့ရပါတယ်။ ‎ဥပမာ – ကော်ဖီကို သကြားလျှော့‌ဖျော်တာမျိုးကနေ စပြီး အကျင့်လုပ်တာမျိုးပေါ့။
‎.

‎၄။ စိတ်ကြည်လင်စေဖို့ အာဟာရရွေးချယ်မှု

‎ဒီအရွယ်မှာ ဦးနှောက်နဲ့ စိတ်ခံစားမှုကောင်းမွန်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကျွန်မတို့က အလေးပေးပြီး စားသုံးသင့်ပါတယ်။ ငါး၊ သစ်ကြားသီး၊ အစေ့အဆန်တွေမှာပါတဲ့ အိုမီဂါ-၃ က စိတ်ဓာတ်ကျမှုကို လျှော့ချပေးနိုင်ပါတယ်။ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ဗာဒံစေ့တွေမှာပါတဲ့ မဂ္ဂနီဆီယမ်က စိတ်ကို တည်ငြိမ်စေပြီး အိပ်ပျော်စေပါတယ်။ ဥအမျိုးမျိုး၊ အသား၊ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ဗီတာမင် ဘီ၁၂ က မှတ်ဉာဏ်ကောင်းစေပြီး စိတ်ကြည်လင်စေပါတယ်။

‎ပြီး‌တော့ ရေများများသောက်ပါ။ ရေဓာတ်ခန်းခြောက်တာက ပင်ပန်းနွမ်းနယ်မှုနဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေပြီး စိတ်ခံစားချက်ကိုပါ ထိခိုက်စေပါတယ်။
‎.

‎၅။ သတိနဲ့ စားသောက်ခြင်း

‎အသက် ၄၀ ကျော်လာရင် တချို့က တအားအလုပ်များလွန်းလို့ ဖုန်းကြည့်ရင်း၊ အလုပ်လုပ်ရင်း အစားကို စားတတ်ကြပါတယ်။ ဒါဟာ အစာခြေစနစ်ကို ပျက်စီးစေရုံတင်မကဘဲ စိတ်ဖိစီးမှုကိုလည်း တိုးစေပါတယ်။

‎ထမင်းစားတဲ့အခါ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် တခြားအာရုံတွေကို ဖယ်ထားပြီး အစားအသောက်ရဲ့အရသာကို အေးအေးဆေးဆေး ခံစားကြည့်ပါ။ ဒါဟာ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ “ သတိကပ်တရားမှတ်ခြင်း” တစ်မျိုးပါပဲ။
‎.

‎၆။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အချက်ပေးသံတွေကို နားထောင်ပါ။


‎ခေါင်းခဏခဏကိုက်နေတာ၊ ဇက်ကြောတက်တာ၊ ရင်ဘတ်အောင့်တာတွေဟာ တစ်ခါတလေ ရောဂါကြောင့်မဟုတ်ဘဲ “ စိတ်ဖိစီးမှုတွေ များနေပြီနော်” လို့ ခန္ဓာကိုယ်က လှမ်းသတိပေးနေတာလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်လာရင် အလုပ်တွေကို ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

‎” ငါ့မှာ ဘာတွေ ပူပန်စရာရှိ‌နေပြီလဲ၊ အနားယူဖို့ လိုပြီလား” ဆိုတာမျိုးပေါ့။
‎…
‎…

‎အနှစ်ချုပ်ရရင်

‎ကျွန်မတို့စားလိုက်တဲ့ အစားအစာတိုင်း၊ ကျွန်မတို့အိပ်စက်တဲ့ နာရီတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်အတွက် အရေးပါပါတယ်။ အသက် ၄၀ ကျော်အရွယ်မှာ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တာဟာ အလှအပအတွက်တင် မဟုတ်ပါဘူး။ စိတ်ကျန်းမာဖို့နဲ့ ကိုယ်ပျော်ရွှင်ဖို့အတွက်လည်း ဖြစ်ပါတယ်။ “ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း” ဆိုတာဟာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လျစ်လျူမရှုဘဲ ဖြည့်ဆည်းပေးတာကနေ စတင်တာ ဖြစ်ပါတယ်။

ဒါကြောင့် စိတ်သွားတိုင်း ကိုယ်ပါရလေအောင် စိတ်အစာကို ကျန်းမာစွာ ဖြည့်တင်းပေးကြဖို့ တိုက်တွန်းလိုက်ပါရစေရှင် …။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here