မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးပွင့်ဖို့ ကော်ဖီခွက်လေးကို အားကိုးနေရတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ တစ်ခုခု လိုနေသလို ဖြစ်နေရာကနေ ကော်ဖီနံ့လေး ရလိုက်မှပဲ “ အာ… ငါ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိလိုက်တာပါလား” ဆိုပြီး စိတ်ချမ်းသာမှုအပေါင်း ခညောင်းလာကြတာမျိုးလေ။ ကော်ဖီဆိုတာ တချို့အတွက်တော့ မရှိမဖြစ် အဖော်မွန်လေး တစ်ယောက်လိုပါပဲ။
ဒါပေမယ့် ခက်တာက အဲဒီအဖော်မွန်က “ ကိုယ့်အတွက် တကယ်ရော ကောင်းရဲ့လား၊ ဒုက္ခရော မပေးနိုင်ဘူးလား၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုပေါင်းသင်းရမလဲ” ဆိုတာလေးတွေကိုတော့ သိထားမှ တန်ကာကျမယ် မဟုတ်လား။ ဒါကြောင့် ကော်ဖီရဲ့ ဟိုဘက်ဒီဘက် မျက်နှာစာလေးတွေကို နည်းနည်းလောက် လှန်ကြည့်လိုက်ရအောင်ဗျာ။
…
…
၁။ ကော်ဖီက ပေးတဲ့ ကောင်းကျိုး
ကော်ဖီဆိုတာ အမည်းရောင် အရည်ခါးခါးလေးသက်သက်တော့ မဟုတ်ပါဘူး။ သူ့ထဲမှာ ကိုယ်ခန္ဓာအတွက် အကျိုးပြုတဲ့ဓာတ်တွေ အများကြီးပါပါတယ်။
☕ ဦးနှောက်ကို နိုးကြားစေခြင်း
ကော်ဖီထဲမှာပါတဲ့ ကဖင်း (Caffeine) ဓာတ်က ဦးနှောက်ထဲကို တိုက်ရိုက်သွားပြီး အိပ်ချင်မူးတူးဖြစ်စေတဲ့ ဓာတ်တွေကို သွားပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုရင် လူက လန်းခနဲ၊ ဆန်းခနဲ ဖြစ်သွားပြီး မှတ်ဉာဏ်တွေ၊ အာရုံစူးစိုက်မှုတွေဟာ ပိုကောင်းလာပါတယ်။ စာမေးပွဲနီးလို့ စာကျက်မယ့် ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်တွေပုံနေလို့ အသည်းအသန် ရှင်းရမယ့်သူပဲဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်က အတော်လေးအလုပ်ဖြစ်စေတာ အမှန်ပါပဲ။
.
☕ အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း
ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ အမြောက်အမြား ပါဝင်ပါတယ်။ အဲဒီကောင်လေးတွေက ကိုယ်ခန္ဓာထဲက ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတဲ့အတွက် အယ်လ်ဇိုင်းမား (Alzheimer’s) လို ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါတွေ၊ ပါကင်ဆန် (Parkinson’s) ရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
.
☕အသည်းအတွက် အားဆေးတစ်ခွက်
အရက်သောက်လို့ပဲဖြစ်ဖြစ်၊ အစားအသောက်ကြောင့်ပဲဖြစ်ဖြစ် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာတွေက ဖြစ်တတ်ပါတယ်။ ကော်ဖီပုံမှန်သောက်တဲ့သူတွေက အဲဒီလို အသည်းရောဂါတွေ ဖြစ်နိုင်ခြေဟာ တော်တော်လေး လျော့နည်းသွားတယ်လို့ သိရပါတယ်။
.
☕ စိတ်ကျန်းမာရေးကို အထောက်အကူပြုခြင်း
ကော်ဖီဟာ ဦးနှောက်ထဲက ပျော်ရွှင်မှုဟော်မုန်းလို့ခေါ်တဲ့ ဒိုပါမင်း (Dopamine) ကို တိုးပွားစေရုံတင်မကဘဲ စိတ်ဖိစီးမှုတွေကို ခဏတာ မေ့လျော့စေတဲ့ “ စိတ်ထွက်ပေါက်” လေးတစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကော်ဖီပုံမှန်သောက်တဲ့သူတွေဟာ စိတ်ကျရောဂါ (Depression) ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက်အထိ လျော့နည်းသွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့ စိတ်အာရုံတွေကိုတောင် တားဆီးပေးနိုင်စွမ်း ရှိပါတယ်တဲ့ဗျာ။
မနက်ခင်း ကော်ဖီနံ့လေးက လူကို စိတ်တည်ငြိမ်စေသလို ခွက်ကလေးကို ကိုင်ထားရတဲ့ နွေးထွေးမှုကလည်း တစ်ယောက်တည်း အထီးကျန်နေတဲ့ စိတ်အာရုံကို ကြင်နာတဲ့လက်တစ်စုံက ဖေးမလိုက်သလိုမျိုး နှစ်သိမ့်မှုပေးနိုင်စွမ်းရှိတာမို့ ကော်ဖီဟာ ခန္ဓာကိုယ်အတွက်တင်မကဘဲ စိတ်ခွန်အားအတွက်ပါ အားဆေးတစ်ခွက်ပါပဲ။
…
…
၂။ တန်ဆေး လွန်ဘေး ဒါမှမဟုတ် ကော်ဖီရဲ့ ဆိုးကျိုးများ
ကောင်းတာတွေချည်းပြောနေလို့ ကော်ဖီက နတ်သုဒ္ဓါတော့ မဟုတ်ပါဘူး။ အရာရာမှာ “ မဇ္ဈိမပဋိပဒါ” ဆိုတဲ့ အလယ်အလတ်လမ်းစဉ်က ရှိသေးတာကိုး။ လွန်သွားရင်တော့ ဒုက္ခပေးတတ်တဲ့ ဆိုးကျိုးလေးတွေလည်း ရှိပါတယ်။
☕ အိပ်စက်ခြင်းကို ကမောက်ကမဖြစ်စေခြင်း
ကော်ဖီရဲ့ အဓိကအလုပ်က လူကို နိုးကြားစေတာပါ။ နေ့လယ်နေ့ခင်းမှာ အလုပ်ဖြစ်ပေမယ့် ညနေစောင်း ဒါမှမဟုတ် ညဘက်ကြီးမှာ သွားသောက်မိရင်တော့ အဲဒီညအတွက် အိပ်စက်ခြင်းဆိုတဲ့ ဇာတ်လမ်းက ပျက်သွားတတ်ပါတယ်။ မျက်လုံးကြောင်ပြီး လူးလွန့်နေရတာမျိုး၊ အိပ်မပျော်လို့ မနက်ကျရင် ပိုပြီးနုံးခွေနေတာမျိုးတွေက ဖြစ်လာတတ်ပါတယ်။
.
☕ ရင်တုန်၊ ပန်းတုန် ဖြစ်စေခြင်း
ကဖင်းဓာတ် များသွားရင် ခန္ဓာကိုယ်က အရေးပေါ်အခြေအနေလို့ ထင်ပြီး အက်ဒရီနယ်လင် (Adrenaline) ဟော်မုန်းတွေ ထွက်လာပါတယ်။ အဲဒီအခါ ရင်တွေတုန်၊ စိတ်တွေ ဂနာမငြိမ်ဖြစ်ပြီး စိုးရိမ်ပူပန်မှု (Anxiety) တွေပါ အတွဲလိုက်ကြီး ဝင်လာတတ်ပါတယ်။
.
☕ အစာအိမ် ပြဿနာ
ကော်ဖီက အက်ဆစ်ဓာတ်များတဲ့အတွက် အစာအိမ်မကောင်းတဲ့သူတွေ၊ ရင်ပူတတ်တဲ့သူတွေအတွက်တော့ သတိထားရမယ့် အရာပါ။ အများကြီးသောက်ရင် အစာအိမ်ရောင်တာ၊ ရင်ခေါင်းထဲက ပူတက်လာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
.
☕ စွဲလမ်းသွားတတ်ခြင်း
ဒါကတော့ အဆိုးဆုံးပါပဲ။ နေ့တိုင်း သောက်နေကျလူက တစ်ရက်လောက်များ မသောက်ရရင် “ ခေါင်းတွေ ကိုက်လာတယ်။ လူက မှိုင်းကျသွားတယ်။ ဘာလုပ်လုပ် အဆင်မပြေတော့ဘူး” ဆိုတာမျိုးတွေက ဖြစ်လာပါတယ်။ အဲဒါဟာ ကော်ဖီစွဲသွားတဲ့ လက္ခဏာပါပဲ။
ဒါနဲ့ ကော်ဖီကို ဘာလို့စွဲရတယ် ထင်လဲဗျို့။
လူတစ်ယောက်ကို စွဲလမ်းဖို့ဆိုတာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိတတ်ကြတာပဲ မဟုတ်လား။ ကော်ဖီကို စွဲတာကလည်း နှလုံးသားကတင် မဟုတ်ဘူး၊ ဦးနှောက်ကပါ အတင်းအကျပ် တောင်းဆိုနေတာမျိုးဗျ။
☕ ဦးနှောက်ကို ဂျင်းထည့်တဲ့ ကဖင်း
တစ်နေ့ကုန် အလုပ်လုပ်ရလို့ ကျွန်တော်တို့ပင်ပန်းလာတဲ့အခါ ဦးနှောက်ထဲမှာ အိပ်ချင်စိတ်ကိုဖြစ်စေတဲ့ အက်ဒီနိုဆင်း (Adenosine) ဆိုတဲ့ ဓာတ်လေးတွေက ထွက်လာပြီး အနားယူလိုစိတ်၊ အိပ်ချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် ကော်ဖီသောက်လိုက်ရင် ကဖင်း (Caffeine) က ဦးနှောက်ကို “ မပင်ပန်းသေးပါဘူး၊ မအိပ်နဲ့ဦး” ဆိုပြီး လိမ်ညာလိုက်တာပါ။ အဲဒီလန်းဆန်းမှုကို ဦးနှောက်က သဘောကျသွားတာပေါ့။
.
☕ ပျော်ရွှင်ခြင်း ဓာတ်ကူပစ္စည်း (Dopamine)
ကော်ဖီသောက်လိုက်ရင် ဦးနှောက်ထဲမှာ ဒိုပါမင်း (Dopamine) ဆိုတဲ့ “ သာယာပျော်ရွှင်မှု” ပေးတဲ့ ဓာတ်လေးတွေက ထွက်လာပါတယ်။ ဒါက ချစ်သူနဲ့ တွေ့ရတဲ့အခါ ဒါမှမဟုတ် ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ရတဲ့အခါ ထွက်လာတဲ့ဓာတ်မျိုးနဲ့ ဆင်တူပါတယ်။ အဲဒီတော့ ဦးနှောက်က “ ဒီခံစားချက်လေး ထပ်လိုချင်သေးတယ်” ဆိုပြီး ခဏခဏ တောင်းဆိုရာကနေ စွဲလမ်းမှု ဖြစ်သွားတော့တာပါပဲ။
.
☕ အသားကျသွားတဲ့ အလေ့အထ
မနက်ခင်းမှာ ကော်ဖီခွက်လေးကို ကိုင်၊ အငွေ့လေးကို ရှူရှိုက်ပြီးမှ တစ်နေ့တာကို စတင်ရတဲ့ အခိုက်အတန့်က တစ်စုံတစ်ယောက်ကို မျှော်လင့်စောင့်စားရသလိုမျိုး ရင်ခုန်စရာ အလေ့အထလေး ဖြစ်သွားတာပါ။ အဲဒီ အငွေ့အသက်လေး မရှိတော့ရင် တစ်ခုခုလိုနေသလိုလို၊ ဝမ်းနည်းနေသလိုလို ခံစားရတာကပဲ ခါးသက်တဲ့ကော်ဖီရဲ့ “ ချိုမြိန်တဲ့ ကျော့ကွင်း” ထဲကို ရောက်သွားပြီး ရုန်းမထွက်နိုင် ဖြစ်စေတော့တာပါ။
…
…
၃။ ကော်ဖီသောက်နည်း
” ကော်ဖီကို ကြိုက်လည်းကြိုက်တယ်၊ ချစ်လည်းချစ်တယ်၊ ဖြတ်ဖို့လည်း မတတ်နိုင်ဘူး၊ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ချင်တယ်၊ ဆိုးကျိုးတွေလည်း မခံစားချင်ဘူး” ဆိုရင်တော့ အောက်က အချက်လေးတွေကို သတိထားကြည့်ပါဗျာ။
☕ တစ်နေ့ ဘယ်လောက်သောက်မယ်
လေ့လာတွေ့ရှိချက်တွေအရ လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ် (400 mg) ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ အကြမ်းဖျင်းပြောရရင် ပုံမှန်ကော်ဖီခွက်နဲ့ ၃ ခွက်ကနေ ၄ ခွက်လောက်ပါပဲ။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခံနိုင်ရည်မတူလို့ ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက်ဆိုရင် ရင်တုန်လာနိုင်လဲဆိုတာကိုတော့ ကိုယ်တိုင် အကဲခတ်ရပါလိမ့်မယ်။ အကောင်းဆုံးကတော့ တစ်နေ့ကို ၁ ခွက်၊ ၂ ခွက်လောက်ဆိုရင် လုံလောက်နေပါပြီ။
.
☕ ဘယ်အချိန် သောက်မလဲ။
မနက်နိုးနိုးချင်း မျက်ချေးတောင် မဖယ်ရသေးဘဲ ကော်ဖီခွက်ကို လှမ်းမကိုင်ပါနဲ့ဦး။ အိပ်ရာထပြီး တစ်နာရီ၊ နှစ်နာရီလောက်နေမှ သောက်တာက အကောင်းဆုံးပါ။ ရင်တုန်တာသက်သာအောင် အစာလေးဘာလေး တစ်ခုခုစားပြီးမှသောက်ပေါ့။ ပြီးတော့ နေ့လယ် ၂ နာရီ နောက်ပိုင်းမှာ ကော်ဖီသောက်တာကို ရှောင်ပါ။ ဒါမှ ညဘက်မှာ ကောင်းကောင်း အိပ်ပျော်မှာပါ။
.
☕ ဘာတွေနဲ့ ရောသောက်မလဲ။
တချို့က ကော်ဖီသောက်ပါတယ်ဆိုကာမှ သကြားတွေအများကြီး၊ နို့ဆီတွေအများကြီးနဲ့ ဖျော်သောက်တတ်ကြပါတယ်။ ကော်ဖီသောက်ချင်တာမဟုတ်ဘဲ အချိုသောက်ချင်နေကြတာများလားပေါ့နော်။ အဲလိုသောက်မိနေရင်တော့ ကော်ဖီရဲ့ကောင်းကျိုးထက် ဆီးချို၊ သွေးချို နဲ့ အဝလွန်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်သွားတတ်ပါတယ်။ ဖြစ်နိုင်ရင် ကော်ဖီမည်း (Black Coffee) သောက်တာက အကောင်းဆုံးပါပဲ။ အဲလိုမသောက်နိုင်ရင်တောင် သကြားနဲ့ နို့ဆီကို တတ်နိုင်သမျှလျှော့ပါလို့ အကြံပေးချင်ပါတယ်။
…
…
ချုပ်ရရင်တော့ဗျာ…
ကော်ဖီဆိုတာ တန်အောင်သောက်တတ်ရင် လူကို တက်ကြွစေတဲ့၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် လွန်သွားရင်တော့ ဒုက္ခပေးတတ်တာမို့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အချင့်အချိန်လေးနဲ့ ကော်ဖီရဲ့ အရသာကို အပြည့်အဝ ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်….။
စေတနာဖြင့်
အဓိပတိ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


