‎” မင်းကလည်း မိန်းမလို မိန်းမရနဲ့ကွာ။”
‎” ဒီလောက်တောင် သတ္တိမရှိရင် ထဘီဝတ်ထားပါလား။”

‎ဒီစကားလုံးတွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ဟာသတစ်ခုလို ဒါမှမဟုတ် တစ်ဖက်လူကို အရှက်ခွဲဖို့ လက်နက်တစ်ခုလို ခဏခဏ ကြားရတတ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီးတို့ရဲ့ ဖြစ်တည်မှုဟာ အားနည်းချက်ရဲ့ သင်္ကေတတစ်ခုလို အသုံးချခံနေရတာကို မြင်ရတာက ရင်နာစရာပါ။

‎” မိန်းမဆိုတာ အချိန်တန်ရင် အိမ်ထဲပဲနေရမှာ”
‎” မိန်းမဆိုတာ လင်ယူသားမွေးဖို့ပဲ”
‎” မိန်းမဆိုတာ ဒီလောက်ပဲ တတ်နိုင်မှာပေါ့” ‎စသဖြင့် လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လိင်ကွဲပြားမှုနဲ့ တိုင်းတာနေတာတွေကို ကြုံရ၊ ကြားရတာဟာ ပုံမှန်အလေ့အထတစ်ခုလို ဖြစ်နေပါပြီ။

‎ဒီစကားလုံးတွေရဲ့ နောက်ကွယ်မှာ ရှိနေတာကတော့ Misogyny လို့ခေါ်တဲ့ အမျိုးသမီးတွေအပေါ် အထင်အမြင်သေးခြင်းနဲ့ မုန်းတီးခြင်းဝါဒတစ်ရပ်ပါပဲ။
‎…
‎…

‎၁။ Misogyny ဆိုတာ ဘာလဲ။

‎အမျိုးသမီးမုန်းတီးရေး (Misogyny) ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်မှုသက်သက် မဟုတ်ပါဘူး။ ဒါဟာ အမျိုးသမီးတွေရဲ့ အရည်အချင်း၊ ဆုံးဖြတ်ချက်နဲ့ တန်ဖိုးတွေကို စနစ်တကျ နှိမ့်ချတဲ့ အယူအဆတစ်ခုပါ။ ပိုဆိုးတာက ဒီအမုန်းတရားဟာ “ ဟာသ” တွေ၊ “ ရိုးရာဓလေ့” တွေအဖြစ် ချော့မော့ဖုံးကွယ်ထားပြီး ကျွန်မတို့ဆီကို ချဉ်းကပ်လာတတ်တာပါပဲ။
‎.

‎၂။ ထဘီ (လုံချည်) ဟာ အရှက်ခွဲစရာ ပစ္စည်းမဟုတ်ပါ။

‎” ထဘီဝတ်ထားပါလား” ဆိုတဲ့ စကားဟာ အမျိုးသားတစ်ယောက်ကို သတ္တိမရှိသူ၊ အစွမ်းအစမရှိသူလို့ စွပ်စွဲချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ ဒီနေရာမှာ ကျွန်မတို့ ပြန်မေးကြည့်သင့်တာက “ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ အဝတ်အစားဟာ ဘယ်တုန်းက အားနည်းချက်ရဲ့သင်္ကေတ ဖြစ်လာခဲ့တာလဲ” ဆိုပြီးတော့ပေါ့။ ကျွန်မတို့ရဲ့ အမေတွေ၊ အဖွားတွေဟာ ဒီထဘီကိုပဲ ဝတ်ဆင်ပြီး မိသားစုတစ်ခုလုံးကို ပြုစုပျိုးထောင်ခဲ့ကြတာ မဟုတ်ပါလားရှင်။ ထဘီကို အောက်တန်းကျတဲ့ အရာတစ်ခုအဖြစ် အသုံးချပြီး တစ်ဖက်လူကို ပုံပမာပေး၊ နှိမ့်ချလိုက်တာဟာ အမျိုးသမီးထုတစ်ရပ်လုံးကို စော်ကားလိုက်တာနဲ့ အတူတူပါပဲ။
‎.

‎၃။ Microaggression နှင့် စိတ်ကျန်းမာရေး

‎စိတ်ပညာရှုထောင့်ကကြည့်ရင် ဒါကို Microaggression လို့ ခေါ်ပါတယ်။ နေ့စဉ်ဘဝမှာ အမှုမဲ့အမှတ်မဲ့ ပြုလုပ်မိတဲ့ ဒီလိုသိမ်မွေ့တဲ့ စော်ကားမှုတွေက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တဖြည်းဖြည်း တိုက်စားသွားစေပါတယ်။

‎ဥပမာ –

‎🌴 ကားမောင်းတဲ့အခါ ” မိန်းမမို့လို့ ညံ့တာ” ၊
‎စကားများများပြောရင် “ မိန်းမမို့လို့ အပိုတွေပြောတာ” စတဲ့ တံဆိပ်ကပ်မှုတွေကြောင့် အမျိုးသမီးတွေဟာ ရေရှည်မှာ စိတ်အားငယ်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှု (Depression) တွေကို ခံစားရတတ်ပါတယ်။

‎🌴 လုပ်ငန်းခွင်အတွင်းမှာ ဒီလိုအပြောအဆိုတွေကြောင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ အရည်အချင်းကို အပြည့်အဝ မထုတ်ပြရဲတော့တဲ့ အခြေအနေမျိုးကို ရောက်သွားတတ်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်ခွင့်ကို ပိတ်ပင်လိုက်တာပါပဲ။
‎.

‎၄။ ကိုယ်တိုင်တောင် သတိမထားမိသော Misogyny (Internalized Misogyny)

‎ပိုနက်နဲတဲ့ ပြဿနာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်မတို့ အမျိုးသမီးအချင်းချင်းကြားမှာတောင် ဒီအမုန်းတရားကို မသိစိတ်က ဖြန့်ဝေနေမိတတ်တာပါပဲ။

‎” ငါက တခြားမိန်းကလေးတွေလို မဟုတ်ဘူး၊ ငါက ယောကျ်ားဆန်တယ်” ဆိုတာမျိုးက ကျွန်မတို့ရဲ့ လိင်တူအမျိုးသမီးထုကို မသိစိတ်က အထင်သေးရာကနေ စတင်တာပါ။ ကျွန်မတို့ဟာ “ အမျိုးသမီး” ဖြစ်ရခြင်းအတွက် ဂုဏ်ယူခွင့်မရအောင်အထိ ဒီအမုန်းတရားက ကျွန်မတို့ရဲ့ မသိစိတ်ထဲကိုပါ စိမ့်ဝင်နေတတ်ပါတယ်။
‎.

‎၅။ ဘာကြောင့် ဒါဟာ လူသားအားလုံးရဲ့ ကိစ္စဖြစ်သလဲ။

‎အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်မှုကို သူ့ရဲ့ “ အရည်အချင်း” နဲ့ မတိုင်းတာဘဲ “ လိင်” နဲ့ တိုင်းတာနှိမ့်ချခြင်းဟာ လူသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။

‎” လူတိုင်းသည် တူညီသောဂုဏ်သိက္ခာဖြင့် မွေးဖွားလာသည်” ဆိုတဲ့ အချက်ကို လျစ်လျူရှုပြီး လှောင်ပြောင်စရာအဖြစ် မြင်နေသရွေ့တော့ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ အမှန်တကယ် မတိုးတက်နိုင်ပါဘူး။ စကားလုံးကြီးကြီးသုံးရရင် အမျိုးသမီးတွေ လွတ်လပ်မှသာ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ လွတ်လပ်မှာပါ။
‎.

‎၆။ Community Awareness – ကျွန်မတို့ ဘယ်လို ပြုပြင်ကြမလဲ။

‎အပြောင်းအလဲအတွက် ကျွန်မတို့ တစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝကနေ စတင်နိုင်ပါတယ်။

‎🌴 စကားလုံးတွေကို ပြန်လည်ဆန်းစစ်ပါ။

“ မိန်းမလိုပဲ” ဆိုတဲ့ စကားကို အားနည်းချက်တစ်ခုလို သုံးနှုန်းတာကို ရပ်တန့်လိုက်ပါ။

‎🌴 ပြက်လုံးတွေကို စိန်ခေါ်ပါ။

အမျိုးသမီးတွေကို နှိမ့်ချတဲ့ ပြက်လုံးတစ်ခုကို ကြားရတဲ့အခါ အတူတူရယ်မောမယ့်အစား “ ဒါဟာ ဘာလို့ မှားယွင်းနေလဲ” ဆိုတာကို ယဉ်ကျေးစွာ ထောက်ပြပါ။

‎🌴 တန်ဖိုးထားမှုကို လေ့ကျင့်ပါ။


သင့်ပတ်ဝန်းကျင်က အမျိုးသမီးတွေရဲ့ အောင်မြင်မှု၊ ပေးဆပ်မှုနဲ့ ခွန်အားတွေကို အရှိအတိုင်းမြင်တတ်အောင် လေ့ကျင့်ပြီး အသိအမှတ်ပြုပေးပါ။ ချီးကျူးဖို့ မမေ့ပါနဲ့။
‎…
‎…

‎ကျွန်မတို့အမျိုးသမီးတွေဟာ တစ်စုံတစ်ယောက်ရဲ့ဟာသအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ မဟုတ်ပါဘူး။ ကျွန်မတို့မှာလည်း ကိုယ်ပိုင်အိပ်မက်၊ ကိုယ်ပိုင်စွမ်းရည်နဲ့ လေးစားခံပိုင်ခွင့်ရှိတဲ့ စိတ်ဝိညာဉ်တွေ ရှိပါတယ်။ Misogyny ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခြင်းဆိုတာဟာ အမျိုးသမီးတွေအတွက်တင်မကဘဲ ကိုယ့်ရဲ့ မိခင်၊ ညီမ၊ ဇနီး၊ သမီးလေး၊ ချစ်သူ၊ သူငယ်ချင်း စတဲ့ကိုယ်ချစ်ရတဲ့ အမျိုးသမီးတိုင်းအတွက်ပါ ပိုမိုလုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးအဖြစ် ဖြစ်လာစေမှာပါ။

‎အဲဒီလို ဖြစ်လာအောင် ပြောင်းလဲပစ်ရပါမယ်။ အပြောင်းအလဲဆိုတာဟာ သတိထားမိရာကနေ စတင်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ပတ်ဝန်းကျင်က စကားလုံးတွေကို ဂရုတစိုက်၊ အလေးအနက် သတိထားမိနိုင်ဖို့ အတူတူ ကြိုးစားကြည့်ကြရအောင်လားရှင်….။

‎သင်၏စိတ်ကလေး ကျန်းမာစေဖို့
‎ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here