ကျွန်မအနေနဲ့ ပညာပေးဆောင်းပါးလေးတွေကို ရေးတဲ့အခါ ပညာပေးအပြင် ခံစားချက်တွေကိုပါ အသားပေးပြီး ရေးလေ့ရှိပါတယ်။
” ဒါလုပ်ရင် ဒါဖြစ်နိုင်တယ်။ ဒီတော့ ဒါကို လိုက်နာပါ။” ဆိုတာမျိုးထက်စာရင် စာဖတ်သူတွေအနေနဲ့ အလွယ်တကူနားဝင်အောင် ဘယ်လိုရေးမယ်၊ ဘယ်လို အသုံးအနှုန်းလေးတွေ သုံးမယ်ဆိုတာကို အရင်စဉ်းစားတတ်သူပါ။ စာကို ဖတ်လိုက်တာနဲ့ ကိုယ်နဲ့ရင်းနီးသူတစ်ယောက်က အနားမှာ လာပြောပြနေသလိုမျိုး ခံစားရမယ်၊ စာဖတ်ရင်းနဲ့ နွေးထွေးသွားမယ်ဆိုတာမျိုးကို ကျွန်မက မျှော်လင့်တာပါ။ ဘာကြောင့်လဲဆိုတော့ သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ ခံစားချက်တိုင်းက အရေးကြီးလို့ပါပဲ။
တကယ်တော့ ခံစားချက်ဆိုတာဟာ သိမ်မွေ့နက်နဲပါတယ်။ ဒီလို ခံစားချက်တွေကို နားလည်ဖို့ရော၊ ထုတ်ဖော်ပြဖို့ရောက မလွယ်ပါဘူး။
…
…
ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ခံစားချက်တွေအကြောင်းကို သိပ်ပြီး အရေးတယူလုပ်တာ၊ သင်ပြလမ်းညွှန်ပေးတာမျိုးလည်း မရှိခဲ့ကြပါဘူး။
ဝမ်းနည်းတဲ့အခါ “ မငိုနဲ့၊ တိတ် တိတ်” ၊ ဒေါသထွက်တဲ့အခါ “ သည်းခံလိုက်ပါ” ၊ စိတ်ညစ်ရင် “ ထားလိုက်ပါ။ အချိန်တန်ရင်မေ့သွားမှာ။” ဆိုတာမျိုးတွေကိုပဲ ကြားခဲ့ကြရတာမဟုတ်လား။
ခံစားချက်တစ်ခုခုရှိလာရင် ဘယ်လိုကိုင်တွယ်ရမှန်း၊ ဘယ်လိုဖော်ပြရမှန်းကို မသိခဲ့ကြပါဘူး။ တစ်ခါတလေမှာ ခံစားချက်တွေ သိပ်မပြတတ်တဲ့သူတွေကို “ ဒီလူက ခံစားချက်ရော ရှိရဲ့လား။ သွေးအေးလိုက်တာ။” လို့တောင် ထင်မိတတ်ကြပါတယ်။ တကယ်တော့ သူတို့ဟာ ကိုယ်ခံစားရတာကို ဘယ်လိုဖော်ပြရမှန်း မသိကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
…
…
ဒါကြောင့် ကျွန်မရည်ရွယ်ချက်က အခုကစပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုနားလည်လာအောင် ကြိုးစားကြည့်စေချင်ပါတယ်။ “ ကိုယ်ဘာတွေ ခံစားနေရလဲ၊ အဲဒီခံစားချက်တွေက ဘယ်အတွေးတွေကနေ လာသလဲ၊ ကိုယ့်ရဲ့ ဘယ်အဖြစ်အပျက်အပေါ် အခြေခံသလဲ” ဆိုတာတွေကို ဖြည်းဖြည်းချင်း သတိထားမိလာဖို့ပေါ့။
ဒီလိုသတိထားမိလာမှပဲ “ ကိုယ်လိုအပ်နေတာက ဘာလဲ၊ တကယ်လိုချင်တာက ဘာလဲ” ဆိုတာကို သိနိုင်သလို “ ငါ့ကိုတော့ ဘယ်လိုလေး နားလည်ပေးပါ၊ ကူညီပေးပါလို့ ဘယ်သူ့ကို ဘယ်လို တောင်းဆိုရမလဲ” ဆိုတာကိုလည်း သိလာနိုင်မှာ မဟုတ်လား။
တချို့ကျတော့လည်း “ ရပ်လိုက်ပါ၊ သည်းခံလိုက်ပါ” ဆိုတဲ့ စကားတွေနဲ့အတူ ကိုယ့်ခံစားချက်ကိုယ် ပြန်မျိုသိပ်မိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို မျိုသိပ်ထားတာများလာတဲ့အခါ ရင်ထဲမှာ ဝမ်းနည်းမှု၊ ဒေါသ၊ စိတ်ပျက်မှုတွေ စုပုံလာတတ်ပါတယ်။ တစ်နေ့ကျရင် အဲဒီ စုပုံနေတဲ့ ခံစားချက်တွေက မထိန်းနိုင်တဲ့ ဒေါသထွက်လာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်မိတာမျိုး ဒါမှမဟုတ် တခြားသူတွေအပေါ် ရန်လိုလာတာမျိုး တစ်ခုမဟုတ်တစ်ခုအဖြစ်နဲ့ ပေါက်ကွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ နွမ်းနယ်တာ၊ ရင်တုန်တာလိုမျိုးတွေ ဖြစ်လာပြီး ကိုယ်လက်ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ ဒါကြောင့် ခံစားချက်တွေကို ဖော်ပြတတ်ဖို့၊ နည်းမှန်လမ်းမှန် ထိန်းကျောင်းတတ်ဖို့က အရေးကြီးတာပါ။
ဒါပေမယ့် ဒီလိုပြောလိုက်လို့ ကြီးမားတဲ့ အလိုဆန္ဒတွေကိုပါ မဖြစ်မနေ ဖြည့်ဆည်းဖို့လိုတယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။ တကယ်တော့ ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စိတ်ရဲ့ကျန်းမာသုခကို ဖြည့်တင်းဖို့ပဲ လိုတာပါ။
ကိုယ့်ခံစားချက်တွေကို သေချာနားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာမယ်။ တခြားသူတွေကိုလည်း ပိုနားလည်လာသလို ကိုယ့်ပတ်ဝန်းကျင်က လူမှုဆက်ဆံရေးတွေမှာလည်း အဆင်ပြေလာပါလိမ့်မယ်။ အဲဒီအခါမှာ ပွတ်တိုက်မှုတွေနည်းပြီး နေပျော်လာမယ်။ ဒါဟာ စိတ်ကျန်းမာရေးအတွက် ပထမဆုံးခြေလှမ်းပါပဲ။
…
…
ဒီတော့ ဒီတစ်ပတ်မှာ ကိုယ့်ကိုယ်ကိုယ် အချိန်နည်းနည်းလောက် ပေးလိုက်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
🌲” ငါ အခု ဘယ်လိုခံစားနေရလဲ”
🌲” ဒီခံစားချက်က ငါ့ကို ဘာပြောချင်တာလဲ”
🌲” ငါ တကယ်လိုအပ်နေတာက ဘာလဲ”
ဒီမေးခွန်းလေးတွေကို ကိုယ့်ဘာသာဖြေကြည့်ရင်း ကိုယ့်ရဲ့ခံစားချက်တွေနဲ့ ပိုရင်းနီးလာအောင် လေ့ကျင့်ကြည့်ကြရအောင်ပါ။
ကိုယ့်ရဲ့စိတ်ကလေး အဆင်ပြေနေဖို့က တခြားအရာအားလုံးထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား…။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

