🦉ကိုယ့်စိတ်ထဲက အသံဟာ တကယ်ပဲ ကိုယ့်ရဲ့အသံ ဟုတ်ရဲ့လား။
🦉မှန်ရှေ့မှာ ရပ်မိတိုင်း “ ငါ မလှပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိဖူးလား။
🦉အလုပ်မှာ အမှားသေးသေးလေးတစ်ခုကို လုပ်မိတာနဲ့ “ ငါကတော့ ညံ့မြဲညံ့ဆဲပဲ” လို့ အလိုလို တွေးမိနေလား။
🦉ဒါမှမဟုတ် ကိုယ်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို “ သူများတွေ ဘယ်လိုထင်မလဲ” ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရှေ့ဆက်ဖို့ တွန့်ဆုတ်နေမိလား။
.
ဒီလိုအချိန်မျိုးမှာ ခဏလောက် အသက်ဝဝရှူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ “ အခု ငါ့ခေါင်းထဲမှာ ပဲ့တင်ထပ်နေတဲ့ အဆိုးမြင်အသံတွေဟာ တကယ်ပဲ ငါ့ရဲ့ကိုယ်ပိုင်အသံလား။ ဒါမှမဟုတ် လွန်လေပြီးတဲ့ တစ်ချိန်ချိန်က တစ်စုံတစ်ယောက် ငါ့ကို ပြောခဲ့ဖူးတဲ့ စကားတွေလား” ဆိုတာကိုပေါ့။
စိတ်ပညာမှာတော့ ဒါကို “ Internalization” လို့ ခေါ်ပါတယ်။ ပတ်ဝန်းကျင်က အချိန်အကြာကြီး သွတ်သွင်းလာခဲ့တဲ့ သတ်မှတ်ချက်တွေ၊ သူတစ်ပါးရဲ့ ဝေဖန်သံတွေဟာ ကိုယ့်ရဲ့ အသွေးအသားထဲအထိ စိမ့်ဝင်သွားပြီး “ ဒါဟာ ငါ့ရဲ့ အယူအဆပဲ” လို့ မှားယွင်းစွာ လက်ခံလိုက်တာကို ဆိုလိုတာပါ။
…
…
အဲဒီအကြောင်းကို မြင်သာစေဖို့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲက ဥပမာလေးတွေနဲ့ ကြည့်လိုက်ကြရအောင်။
၁။ “ ယောက်ျားလေးပဲ၊ မငိုနဲ့။”
ငယ်ငယ်က ချော်လဲ၊ ဒူးပြဲပြီး နာလို့ငိုတဲ့အခါ “ ယောက်ျားလေးဖြစ်ပြီး ငိုစရာလား၊ ရှက်စရာကြီး” ဆိုတဲ့ စကားပြောတာမျိုးကို ကြားဖူးကြမှာပါ။ တကယ်က အော်ငိုလိုက်ရင် ပြီးသွားမယ့်ကိစ္စပါပဲ။ ဒါပေမယ့် အဲဒီစကားကို အကြိမ်ကြိမ် ကြားရတဲ့အခါ ဦးနှောက်က “ ငိုတာဟာ အားနည်းတာ၊ ရှက်စရာ” လို့ မှတ်သားလိုက်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဘယ်သူမှ လာမတားတော့ပေမယ့် ဝမ်းနည်းစရာကြုံတိုင်း မျက်ရည်ကိုထိန်းဖို့ ကြိုးစားမိတတ်ကြပါတယ်။
.
၂။ “ မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့ရမယ်။”
မိန်းကလေးဆိုတာ အိမ်မှုကိစ္စတွေကို နိုင်နင်းရမယ်။ အေးအေးဆေးဆေး နေရမယ်ဆိုပြီး “ ဗိုင်းကောင်း ကျောက်ဖိ” ဆိုတဲ့ ပေတံတွေကြားမှာ ကြီးပြင်းဖို့ စေခိုင်းတတ်ကြပါတယ်။ တကယ်တမ်းမှာ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တာမျိုး၊ ခေါင်းဆောင်နေရာမှာ တာဝန်ယူချင်တာမျိုး ဖြစ်နေရင်တောင် စိတ်ထဲမှာ တစ်ခုခုဆိုရင် “ ငါက မိန်းကလေးမှ ပီသရဲ့လား” ဆိုတဲ့ ကြောက်စိတ်၊ အပြစ်ရှိစိတ်၊ မသင်္ကာစိတ်က ဝင်ဝင်လာတတ်ပါတယ်။
.
၃။ ” ဘေးအိမ်က ကလေးကို ကြည့်ဦး။”
မိဘတွေက ကိုယ့်ကို အားကျစေချင်လို့ “ ဘေးအိမ်က ကလေးကတော့ ဂုဏ်ထူးရတယ်။ ဘယ်သူ့သားလေးကတော့ ဘယ်လိုတော်တာ” ဆိုပြီး နှိုင်းယှဉ်ပြောလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီစကားတွေက ကလေးရဲ့စိတ်ထဲမှာ “ ငါက သူများလောက် အဖြစ်မရှိဘူး” ဆိုတဲ့ အစွဲတစ်ခုကို ဖြစ်သွားစေပါတယ်။ ကြီးလာတဲ့အခါ ကိုယ်က ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ သူငယ်ချင်းတစ်ယောက်ယောက်က အိမ်ဝယ်တာ၊ ကားဝယ်တာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ရာထူးတိုးတာနဲ့တင် ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး အလိုလို အားငယ်နေမိတတ်ပါတယ်။
.
၄။ ပတ်ဝန်းကျင်က သတ်မှတ်တဲ့ Deadline (အချိန်ကန့်သတ်ချက်) တွေ
” ဒီအသက်အရွယ်ထိ ဘာမှ ဖြစ်မလာသေးဘူးလား” ၊ “ သူငယ်ချင်းတွေတောင် အိမ်ထောင်ကျ၊ ကလေးရကုန်ပြီ” စတဲ့ စကားတွေနဲ့ ကျွန်မတို့အပေါ် ပတ်ဝန်းကျင်က ဖိအားပေးတတ်ပါတယ်။ သူများတွေနဲ့ တန်းတူမပြေးနိုင်၊ တန်းတူမဖြစ်နိုင်သေးတဲ့အခါ “ ငါ နောက်ကျကျန်ခဲ့ပြီ” လို့ ခံစားရတာဟာ လူ့အဖွဲ့အစည်းကသတ်မှတ်တဲ့ အချိန်ကန့်သတ်ချက်တွေက ကိုယ့်စိတ်ထဲမှာ မသိမသာရော သိသိသာသာပါ ကိန်းအောင်းနေလို့ပါပဲ။ တကယ်တော့ ဘဝဆိုတာ လူတိုင်းအတွက် ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပန်းတိုင်ချင်း မတူသလို၊ စထွက်အမှတ်လည်း မတူနိုင်ဘူးမလား။
.
၅။ အဆိပ်အတောက်ဖြစ်စေတဲ့ မှတ်ချက်တွေ
” မင်းကတော့ ဘာလုပ်လုပ် အဖြစ်မရှိဘူး” ၊ “ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီး ငယ်ငယ်တုန်းက အပြောခံခဲ့ရတဲ့ ဝေဖန်သံတွေ ရှိခဲ့ဖူးကြပါလိမ့်မယ်။ အဲဒါတွေဟာ အခုချိန်မှာ အမှားတစ်ခုလုပ်မိတိုင်း “ ငါတကယ်ညံ့တာပဲ” ဆိုတဲ့ အတွေးအဖြစ် ပြန်ပေါ်လာတတ်ပါတယ်။
.
တကယ်တော့ ဒါဟာ သင့်ရဲ့အသံမဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ သူတစ်ပါးရဲ့ ယူဆချက်တွေသာ ဖြစ်ပါတယ်။
ဒီတော့…
နောက်ဆက်တွဲအနေနဲ့ ကိုယ့်စိတ်ထဲမှာ တခြားသူတွေရဲ့အသံတွေပဲ လွှမ်းမိုးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) ပျောက်ဆုံးလာပြီး “ ကိုယ်ဘယ်လောက်တော်တော်၊ မလုံလောက်သေးဘူး” လို့ပဲ ထင်နေမိတတ်ပါတယ်။
အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဝေဖန်နေမိတတ်သလို သူများအကြိုက်လိုက်ဖို့ပဲ ကြိုးစားရင်း စိတ်ပင်ပန်းလာမယ်။ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ စစ်မှန်တဲ့ခံစားချက်တွေကို ဖိနှိပ်ထားမိရာကနေ “ ငါတကယ် ဘာဖြစ်ချင်တာလဲ” ဆိုပြီး မိမိကိုယ်ကို ပျောက်ဆုံးသွားတဲ့အထိ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
…
…
ဒါဆိုရင် ဘယ်လိုနည်းနဲ့ လွတ်မြောက်နိုင်မလဲ။
အဓိကကတော့ အဲဒီအသံတွေကို ခွဲခြားတတ်ဖို့ ပါပဲ။ စိတ်ညစ်တိုင်း၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တိုင်း ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ပါ။ “ ဒါဟာ တကယ်ပဲ ငါ့ရဲ့ ခံစားချက်လား။ ဒါမှမဟုတ် တစ်ချိန်တုန်းက တစ်စုံတစ်ယောက်ရဲ့ စကားကို ငါက ငါ့အသံအဖြစ်နဲ့ အသိမှားနေတာလား” ဆိုတာကိုပေါ့။
ပြီးရင်
🌴 ကိုယ့်ကိုယ်ကို ချစ်ပါ။
🌴 ကိုယ့်အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။
.
ကျွန်မတို့ရဲ့စိတ်ဟာ နှစ်ပေါင်းများစွာ အသံသွင်းထားတဲ့ တိပ်ခွေအဟောင်းကြီးတစ်ခုလိုပါပဲ။ အဲဒီထဲက အသံတွေအားလုံးဟာ မှန်ကန်နေမယ်လို့ မဆိုလိုပါဘူး။ တချို့အသံတွေကို ဖျက်ပစ်ဖို့၊ တချို့ကိုတော့ ကိုယ်တိုင်ပြန်အသံသွင်းဖို့ လိုအပ်ပါတယ်။
သူတစ်ပါးရဲ့ ပုံစံခွက်ထဲကို ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် ထည့်သွင်းနေမယ့်အစား ကိုယ့်ရဲ့စစ်မှန်တဲ့အသံကို ပြန်ရှာဖို့ ကြိုးစားကြည့်ပါ။ စိတ်ထဲက အမှိုက်တွေကို စစ်ထုတ်ပစ်လိုက်ပါ။
သင့်မှာ ကိုယ်ပိုင်တန်ဖိုးတွေ၊ ကိုယ်ပိုင်အလှတရားတွေ ရှိပြီးသားဖြစ်တာမို့ ဘယ်သူ့ပုံစံခွက်နဲ့မှ လိုက်ညှိပေးနေဖို့ မလိုအပ်ပါဘူးနော်။
သင်၏စိတ်ကလေး ကျန်းမာစေဖို့ ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

