” မိသားစုမို့… အားနာစရာမလိုဘူး” ဆိုတဲ့ အတွေးက အခြေအနေတိုင်းအတွက် တကယ်မှန်ကန်ပါရဲ့လား။
တစ်ခါတလေတော့ မိသားစုနဲ့အတူရှိတဲ့အခါ “ ဟန်ဆောင်နေစရာ မလိုဘူး။ ဖုံးကွယ်နေစရာ မလိုဘူး။ အရှိအတိုင်းနေလို့ ရတယ်။ ပြောစရာရှ်ိပြောမယ်။ ငြင်းစရာရှိ ငြင်းမယ်။ ပွင့်လင်းလို့ရတယ်” ဆိုတာက မှန်ပါတယ် ။
ဒါပေမယ့် “ မိသားစုကိုတော့ အားနာစရာမလိုလို့ နောက်မှာ ချန်ထားခဲ့မယ်။ သူစိမ်းတစ်ရံတွေကိုပဲ ဦးစားပေးမယ်” ဆိုတဲ့အတွေးကတော့ အတော်လေး အဆိပ်အတောက်ဖြစ်စေတဲ့ အယူအဆတစ်ခုပါပဲနော်။
လူအများစုက အပြင်ကလူတွေရဲ့ အမြင်မှာတော့ “ လူကောင်း” ဖြစ်ချင်ကြလို့ အားနာပြတယ်၊ ယဉ်ကျေးပြတယ်။ ဒါပေမယ့် ကိုယ့်ကို ချစ်ခင်အားကိုးတဲ့ ကိုယ်နဲ့အနီးဆုံးက အိမ်သူ၊ အိမ်သားတွေကိုကျတော့ “ ရင်းနှီးတယ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဒဏ်ရာတွေ ပေးမိနေတတ်ကြပါတယ်။
…
…
စိတ်ပညာမှာလည်း Impression Management လို့ ခေါ်တဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်ကတော့ “ လူတွေက ကိုယ့်ကို မသိတဲ့သူတွေရှေ့မှာ ပုံရိပ်ကောင်းချင်ကြလို့ အားနာပြတယ်၊ သည်းခံပြတယ်။ ဒါပေမယ့် အိမ်ရောက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို အနီးဆုံးလူပေါ် ပုံချတတ်ကြပါတယ်” လို့ ဆိုလိုတာပါ။
တကယ်တော့ ကျွန်မတို့က အပြင်မှာ သုံးလိုက်ရတဲ့ “ အားနာမှု” တွေကြောင့် အိမ်ပြန်ရောက်တဲ့အခါ အိမ်သားတွေအပေါ်မှာ စိတ်ရှည်ဖို့ အားမကျန်တော့တာမျိုးပါ။ တစ်ခါတလေမှာ ဒေါသအဖြစ်တောင် ပြောင်းပစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဆင်ခြေသက်သက်ပါပဲ။
” ငါ ဘာလုပ်လုပ် သူတို့ကတော့ ငါ့မိသားစုပဲ၊ ခွင့်လွှတ်မှာပဲ” ဆိုတဲ့အတွေးက အရမ်းအန္တရာယ်များပါတယ်။ “ မိသားစုပဲဟာ… နားလည်ပေးမှာပါ” ဆိုတာကလည်း တကယ်တော့ အတ္တကြီးရာရောက်ပါတယ်။
…
…
ဒါ့အပြင် အိမ်ထောင်မမြဲခြင်း၊ နားလည်မှုလွဲခြင်းစတဲ့ Relationship တွေ ပွတ်တိုက်ရခြင်းရဲ့ တရားခံဟာလည်း ဒီလို “ အသေးအဖွဲလေးတွေမှာ အားမနာခြင်း” ကနေ အစပြုတတ်ပါတယ်။
ဥပမာ – ဧည့်သည်လာလို့ ကိုယ့်ဇနီး/ခင်ပွန်းကို အလုပ်အကျွေးပြုခိုင်းပြီး ဧည့်သည်ရှေ့မှာ မျက်နှာလုပ်တာမျိုး၊ ဒါမှမဟုတ် သူစိမ်းက တောင်းဆိုတာကို အားနာလို့ ဖြည့်ဆည်းပေးပြီး အိမ်ကလူနဲ့ ချိန်းထားတာကို အလွယ်တကူ ဖျက်လိုက်တာမျိုး စသဖြင့်ပေါ့နော်။
ဒီလို အပြင်လူကို အားနာလို့ဆိုပြီး ကိုယ့်အိမ်သားအပေါ် ပျက်ကွက်တာ၊ စိတ်ငြိုငြင်အောင်လုပ်တာမျိုးက ရေရှည်မှာ Resentment လို့ခေါ်တဲ့ နာကျည်းချက် ကို ဖြစ်စေနိုင်ပါတယ်။
” ငါ့ထက်၊ ငါတို့ထက် သူစိမ်းက ပိုအရေးကြီးတာလား” ဆိုတဲ့ မေးခွန်းက အိမ်ထောင်ရေးကို တဖြည်းဖြည်း အက်ကြောင်းထင်လာစေပါတယ်။
…
…
တကယ်တော့ အားနာခြင်းဆိုတာဟာ အပြင်ကနေ အတွင်းကို စီးဝင်ရမှာမဟုတ်ဘဲ အတွင်းကနေ အပြင်ကို စီးဆင်းရမှာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ကိုယ့်အပေါ် အမြဲနူးညံ့နေတဲ့သူ၊ ကိုယ့်ကို ဘယ်တော့မှ ပစ်မသွားဘူးလို့ ယုံကြည်ရတဲ့သူတွေကိုကျတော့ “ အားနာဖို့” မေ့နေတတ်ကြပါတယ်။ တကယ်ဆိုရင် “ မိသားစုမို့လို့ ငါ့စိတ်ကြိုက် ပြောလို့ရတယ်” ဆိုတာထက် “ မိသားစုမို့လို့ ငါ့ကြောင့် သူတို့ ပိုစိတ်မဆင်းရဲစေရဘူး” ဆိုတဲ့ ခံယူချက်မျိုးသာ ရှိသင့်တယ် မဟုတ်ပါလား။
💒 ဒီတော့ အပြင်လူကို အားနာတတ်တဲ့ စိတ်ရဲ့ တစ်ဝက်လောက်ကိုပဲ ကိုယ့်အိမ်သားအပေါ်မှာ ထားကြည့်ပေးဖို့ ကြိုးစားပါ။
💒 ကျေးဇူးတင်စကားနဲ့ တောင်းပန်စကားကို အိမ်မှာလည်း သုံးပေးပါ။
💒 သူစိမ်းကို “ ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်သလိုမျိုး အိမ်ကလူကိုလည်း ပြောကြည့်ပါ။ ဒါဟာ သူတို့ရဲ့တာဝန်ပဲလို့ မသတ်မှတ်ပါနဲ့။
💒 ဦးစားပေးခြင်းကို ပြန်စိစစ်ပါ။
သူစိမ်းကို “ အားနာလို့ မငြင်းရက်ဘူး” ဆိုတာထက် ငါ ဒီလိုလုပ်လိုက်ရင် “ အိမ်ကလူ စိတ်မကောင်းဖြစ်မှာကို ပိုအားနာတယ်” ဆိုတဲ့စိတ်မျိုး မွေးကြည့်ပါ။
💒 “ No” လို့ ပြောတတ်ပါစေ။
အပြင်လူရှေ့မှာ ပုံရိပ်ကောင်းဖို့ထက် ကိုယ့်အိမ်ကလူတွေရဲ့ မျက်လုံးထဲမှာ စိတ်ချရတဲ့သူ၊ နွေးထွေးတဲ့သူ ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ဒါကြောင့် အပြင်လူကို ငြင်းတတ်ဖို့ကိုလည်း သင်ယူပါ။
…
…
တကယ်တမ်းအနေနဲ့ ဘဝမှာ နေရာတိုင်းအတွက်၊ ကိစ္စတိုင်းအတွက်တော့ ဘယ်အရာမှ အမြဲမမှန်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အနားမှာ ရှိနေတဲ့သူတွေကို အလေးမထားဘဲ အပြင်လူကိုပဲ အားနာပြနေမိရင်တော့ အဲဒီနွေးထွေးမှုတွေက အတုအယောင်တွေပဲ ဖြစ်နေပါလိမ့်မယ်။
အိမ်သားတွေကို အပြင်လူထက် ပိုယဉ်ကျေးပြဖို့ပြောတာ မဟုတ်ပါဘူးနော်။ အပြင်လူကိုပေးတဲ့ အခြေခံလေးစားမှုလောက်လေးပဲ ပေးရင်တောင် အိမ်ထောင်ရေးတွေ၊ မိသားစုအရေးတွေဟာ အခုထက်ပိုပြီး အဆင်ပြေချောမွေ့နိုင်မယ်ဆိုတာကို ဆိုလိုချင်တာပါ။
ဘယ်သူစိမ်းကမှ ကိုယ့်ရဲ့အိုစာမင်းစာကို တာဝန်မယူပေးနိုင်သလို ကိုယ်နေမကောင်းတဲ့အခါမှာလည်း အနားနားအမြဲရှိနေမှာ မဟုတ်ပါဘူး။
တကယ်တော့ လေးစားအားနာမှုဆိုတာဟာ အိမ်ထဲကနေပဲ၊ ကိုယ့်အနီးဆုံးသူတွေဆီကပဲ စတင်စီးဆင်းသင့်တယ် မဟုတ်ပါလား…..။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

