ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စမ်းစစ်လေ့လာဖို့ တစ်နေ့က တိုက်တွန်းရေးသားခဲ့ပါတယ်။

အခုပိုစ့်ကတော့ ဒီနှစ်အတွက် အကျိုးရှိစေဖို့ အကြံပြုတိုက်တွန်းချက်များပါ။

ဒီနှစ်အတွက် လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိနေနိုင်တဲ့အထဲကမှ ကျန်းမာတဲ့ အလေ့အထတွေကို တစ်ခုချင်းစီနဲ့ ဖြည်းဖြည်းချင်း လုပ်သွားကြရအောင်နော်။

ကိုယ့်ကျန်းမာရေးအတွက် မိမိလုပ်နိုင်လောက်မယ့် ဖြစ်နိုင်တာတွေကို နည်းနည်းချင်းစီလုပ်တာက လုံးဝ မလုပ်တာထက်တော့ ပိုကောင်းတယ်မို့လား။

ဒီတော့ ကိုယ်၊ စိတ်၊ လူမှု ကျန်းမာတဲ့စနစ်အတွက် အကြံပြုချက် ၁၀ ချက် ဖော်ပြပေးလိုက်ပါတယ်။

အခု ဇန်နဝါရီလကစလို့

၁။ အစားအသောက်တစ်ခုကို စားမယ်ဆို မိမိရဲ့အာရုံစူးစိုက်မှုအပြည့်နဲ့ စားသောက်ပါ။ မိမိမသိစေဘဲ တီဗီကြည့်ရင်း စားလိုက်မိတာမျိုး မလုပ်ပါနဲ့။ ဗိုက်မဆာဘဲနဲ့ စားတာမျိုးမလုပ်ပါနဲ့။ ဗိုက်တင်းနေလျက်နဲ့ အကျန်ရှင်းတာမျိုးလည်း မလုပ်ပါနဲ့။

၂။ အသီးအရွက်တွေ ပိုစားကြမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ချက်ပြီးသား အသီးအရွက်ဆို ပန်းကန်လုံးတစ်လုံးစာ ၂ ကြိမ်စားပါ။ အစိမ်းဆိုရင်တော့ ပန်းကန်လုံး ၂ လုံးစာ ၂ ကြိမ်ခန့်ပမာဏ စားပေးပါ။

၃။ အသီးအနှံလည်း တစ်ခုခု စားပေးပါ။ မိမိလက်တစ်ဝါးစာ ပမာဏကိုပါ။

၄။ အသင့်လုပ်ထားတာတွေ စားတာကိုလည်း လျှော့ပါမယ်။ ဝက်အူချောင်းတို့ အသားကင်တို့ပေါ့။ အငန်တွေလျှော့စားမယ်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ရတာတွေ ပိုစားကြမယ်။ အနည်းဆုံးတော့ ဟင်းချက်ရင်းနဲ့ မိမိကိုယ်မိမိ ပိုချစ်ကြောင်း ပြသကြတာပေါ့။

၅။ နေ့စဉ် ၁၀ မိနစ်ခန့် တရားထိုင်တာ၊ ဝင်လေထွက်လေ မှတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ဘုရားရှိခိုးလေ့ရှိသူတွေမှာ နေ့စဉ်ဘုရားရှိခိုးတာဟာ စိတ်လုံခြုံပြီး စိတ်တည်ငြိမ်စေပါတယ်။ ယောဂလုပ်တာမျိုးလည်းလုပ်နိုင်ပါတယ်။ ကင်ဆာတွေဟာ ယောဂလုပ်ခြင်းကဲ့သို့ တည်ငြိမ်ခြင်းရရှိတဲ့အခါ ဆဲလ်ပွားတာတွေလျော့နည်းလာတာမျိုး သုတေသနတွေ ရှိပါတယ်။

၆။ မိမိကိုယ်ကိုယ် ပိုချစ်ကြမယ်။ အဝတ်အထည်တွေ၊ အလှပြင်ပစ္စည်းတွေ အကောင်းစား ဝယ်ပစ်တာမျိုးနဲ့ ဖော်ပြတာမဟုတ်ဘဲ တကယ်ပဲ မိမိအတွက်အကျိုးရှိမယ့့် အတတ်ပညာဖြစ်ဖြစ်၊ ဘာသာရပ်တစ်ခုဖြစ်ဖြစ်၊ စာအုပ်ဝယ်ယူတာဖြစ်ဖြစ်မှာ ငွေကြေးအသုံးပြုပါ။ ဒီနောက် နေ့စဉ် ထိုအရာကို အသုံးချပါ။

၇။ မိမိဝါသနာပါတယ် သို့ ကြိုက်နှစ်သက်တယ် ဆိုပေမယ့် မလုပ်ဖြစ်နေတဲ့ အရာတစ်ခုခုကို ပြန်လုပ်ကြည့်ပါ။ ဥပမာ အရင်ထဲက ဂစ်တာတီးတတ်ချင်တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတတ်ခဲ့ဘူးဆိုရင် ဒီအရာကို လုပ်ဖြစ်အောင်လုပ်မယ်၊ ဒီနှစ်တော့ လုပ်ကိုလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး လုပ်ပါ။

၈။ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ဖြစ်အောင်လုပ်ပါ။ အနည်းဆုံး နေ့စဉ် နာရီဝက်လောက်နဲ့ တစ်ပတ် ၅ ရက်လောက် လုပ်နိုင်တယ်ဆို ပိုကောင်းပါတယ်။ ပြောရတာ မလွယ်ပေမယ့် အခုလိုလုပ်ခြင်းဟာ မိမိလုပ်နိုင်တဲ့ ကျန်းမာရေးအပေါ် ရင်းနီးမြှုပ်နှံခြင်းပါပဲ။ အလုပ်တစ်ခုလိုကို အရေးကြီးတဲ့၊ ဖျက်လို့မရတဲ့အလုပ်လို နံပတ်စဉ်တပ်ပြီး အချိန်ပေးလုပ်ပါ။

၉။ အိပ်ရေးဝအောင်အိပ်မယ်။ အိပ်ချိန်တွေကို တန်ဖိုးထားမယ်။ အိပ်ခါနီး၂ နာရီအလိုလောက်ထဲက screen တွေမသုံးတော့ဘဲ audio book တွေ နားထောင်တာ၊ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ စတာမျိုးတွေနဲ့ အချိန်ကုန်ပါစေ။

၁၀။ မိတ်ဆွေဖြစ်ဖြစ်၊ မိဘဆွေမျိုးဖြစ်ဖြစ် ချစ်ခင်ရတဲ့သူတွေနဲ့ ဆက်ဆံရေး (relationships) တွေကို ပိုတန်ဖိုးထားမယ်။ သူတို့ကို အချိန်ပိုပေးမယ်။ သူတို့နဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေ ကုန်စေမယ်။ ထမင်းဟင်းတွေချက်ပြီး အတူတူစားတာမျိုး တစ်လတစ်ကြိမ်လောက်တော့ တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖန်တီးကြပါမယ်။

ကဲ… ဘယ်အချက်ကစပြီး လုပ်ကြမလဲ။

မိမိရဲ့ ကိုယ်ပိုင် new year resolution version ကရော ဘယ်လိုမျိုးလဲ။

ကိုယ်၊ စိတ်နှလုံး ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….။

အာဟာရဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here