မြန်မာလို အများအားဖြင့် “ မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။
ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ မလုပ်ပါဘူး။
ဒါပေမယ့် ပိုးကောင်နဲ့ မတော်တဆ ထိမိခြင်း၊ ပွတ်မိခြင်း၊ ပိုးကောင်ကို မတော်တဆ ခြေမွှပစ်မိခြင်း၊ အရေပြားပေါ် ပိုးကောင် ဖြတ်သွားခြင်းတို့ဟာ သူတို့ဆီက Pederin လို့ခေါ်တဲ့ အဆိပ်ဓာတ်နဲ့ ထိမိခြင်း ဖြစ်စေပါတယ်။
ဒီအခါ လူ့အရေပြားပေါ်မှာ Chemical burn ကဲ့သို့ ပြင်းထန်တဲ့ ရောင်ရမ်းမှုတွေကို ခံစားရပါတယ်။ အင်းဆက်အမတွေကပဲ ဒီအဆိပ်ထုတ်တာ တွေ့ရပါတယ်။
မီးပိုးကောင်တွေဟာ မိုးရာသီမှာပိုပေါပြီး ညဘက်မှာ ပိုထွက်ကြပါတယ်။ သူတို့တွေက အိမ်ထဲက White light, LED lights တွေကို ကြိုက်နှစ်သက်တာကြောင့် လူနေအိမ်တွေ၊ အိပ်ခန်းတွေဆီ ရောက်လာတတ်ပါတယ်။
…
…
မီးပိုးကောင်ကြောင့် အရေပြားရောင်ရမ်းခြင်းရဲ့ အဓိက လက္ခဏာများကတော့ . .
Paederin အဆိပ်နဲ့ ထိတွေ့ပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း စတင်ပေါ်ပေါက်လာလေ့ရှိပြီး ပုံမှန်အားဖြင့် ထိမိတဲ့နေရာမှာ . . .
• နာကျင်ပူစပ်ခြင်း/ ယားယံခြင်း
• နီရဲရောင်ရမ်းခြင်းနှင့် အရည်ကြည်ဖုများ ထွက်ခြင်း တွေ ဖြစ်တတ်ပါတယ်။
အဆိပ်ထိမိတဲ့ နေရာတစ်လျှောက် အစင်းကြောင်းပုံစံ (Linear) နီရဲရောင်ရမ်းလာတတ်ပါတယ်။
သူ့ပုံစံက ရေနွေးပူလောင်တာ၊ chemical လောင်တာနဲ့ ဆင်တူပါတယ်။
ဖြစ်ပွားလေ့ရှိသော နေရာများကတော့ မျက်နှာ၊ လည်ပင်း၊ လက်၊ ပခုံး စတဲ့ အဝတ်အစားဖုံးအုပ်မှုနည်းတဲ့ နေရာတွေပါ။
ရက်အနည်းငယ်ကြာရင် အရည်ကြည်ဖုတွေ ခြောက်သွားမှာဖြစ်ပြီး အနာဖေးကွာကျကာ အဲဒီနေရာမှာ အညို/အမဲရောင် အမာရွတ်ကျန်ခြင်း (Hyperpigmentation) အဖြစ် ကျန်ခဲ့တတ်ပါတယ်။
ထိတွေ့မှုပြင်းထန်ခဲ့ရင် ဆေးရုံတက် ကုသရတာတွေလည်း ရှိပါတယ်။
မျက်လုံးနဲ့ အနီးတစ်ဝိုက် ရောင်ရမ်းတာကို နိုးလာမှ သိရတဲ့ ပုံစံမျိုး (Wake and See) ဖြစ်လေ့ရှိပြီး မျက်လုံးနဲ့ အနီးတစ်ဝိုက် ပူလောင် နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။
မျက်ခွံပေါ်က ဒဏ်ရာတွေက ၂ ပတ်ခန့်အတွင်း သက်သာသွားနိုင်ပေမယ့် မျက်ကြည်လွှာပါဝင်မှု ရှိခဲ့ရင်တော့ အနာကျက်ဖို့အတွက် ရက် ၅၀ လောက်အထိ ကြာနိုင်ပါတယ်။
မျက်လုံးအနီးတစ်ဝိုက် ထိမိပြီး နီခြင်း၊ ရောင်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းတွေ ဖြစ်ခဲ့ရင် ဆရာဝန် ချက်ချင်းပြရပါမယ်။
…
…
🔥 မီးပိုးကောင် ထိမိခဲ့ရင် ဘာလုပ်မလဲ။
💊 ချက်ချင်း ရေဆေးပါ။
ပိုးကောင်နဲ့ ထိတွေ့မိပြီ သံသယရှိရင် ဒါမှမဟုတ် အရေပြားပေါ် အဆိပ်ရည် ထိမိတယ်လို့ ယူဆရင် ချက်ချင်း ဆပ်ပြာနဲ့ ရေများများသုံးပြီး အဲဒီနေရာကို ဖွဖွလေး အသာအယာ ဆေးကြောပေးပါ။
ဒါမှ အဆိပ်ဓာတ်ကို အမြန်ဆုံး ဖယ်ရှားပြီး ပိုမပျံ့အောင် တားဆီးနိုင်ပါလိမ့်မယ်။
.
💊 ထိမိတဲ့နေရာက အရေပြားကို နာနာပွတ်တိုက်ခြင်း၊ ကုတ်ခြင်းတို့ လုံးဝမလုပ်ပါနဲ့။
.
💊 စတီးရွိုက်ပါသော လိမ်းဆေး (Topical Steroids) များက ယားယံမှုနဲ့ ရောင်ရမ်းမှုကို သက်သာစေလို့ လိမ်းပေးနိုင်ပါတယ်။
.
💊 အိုင်အိုဒင်းပါဝင်တဲ့ ဆေးရည် (ဥပမာ- Betadine) က အဆိပ်ကို ချေပေးနိုင်တဲ့အတွက် ထိမိတဲ့နေရာကို ဆေးရည်နဲ့ သန့်စင်ပေးနိုင်ပါတယ်။
.
💊 ယားရင် လူးတဲ့ Calamine လူးဆေးလိုမျိုး လူးနိုင်ပါတယ်။
.
💊 အရည်ကြည်ဖုများ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ဘက်တီးရီးယား ပိုးဝင်ခြင်းမှ ကာကွယ်ရန် antibiotics ပေးနိုင်ပါတယ်။ (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ)
.
💊 Allergic ဖြစ်ခြင်းနဲ့ ယားယံမှု သက်သာစေတဲ့ Antihistamine ဆေးများ (Burmeton, Cetrizine) စသည် ပေးနိုင်ပါတယ်။
.
💊 အထူးသတိပြုရမှာကတော့ အရက်ပျံ သို့မဟုတ် အရေပြားကို ပိုပြီး ပူလောင်စေတဲ့ လိမ်းဆေးများကို ကိုယ့်ဘာသာလိမ်းခြင်း ရှောင်ရှားသင့်ပါတယ်။
.
💊 ထိခိုက်မိတာ ပြင်းထန်ပါက အရေပြားအထူးကုဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
…
…
🔥 ဘယ်လို ကာကွယ်နိုင်မလဲ ?
ညဘက် အိပ်ခန်းပြတင်းပေါက်များကို ဖွင့်ပြီး မအိပ်ပါနဲ့။
လျှပ်စစ်မီးအလင်းက အင်းဆက်ပိုးများကို ဆွဲဆောင်နိုင်တဲ့အတွက် အိပ်ရာနားမှာ မီးလင်းလင်းတွေ မထားရင် ပိုကောင်းပါတယ်။ မီးအလင်းစူးစူးတွေအစား ပိုပြီးမှိန်တဲ့ အဝါရောင် မီးလုံးတွေကို သုံးနိုင်ပါတယ်။
ခြင်ထောင် သေချာထောင်ပြီး အိပ်ပါ။
မျက်နှာသုတ်ပဝါနဲ့ အဝတ်များကို မီးပိုးကောင်ရှိ/မရှိ သေချာခါပြီးမှ အသုံးပြုပါ။
ပိုးကောင်ကို တွေ့ရှိရင် (သို့) ခန္ဓာကိုယ်ပေါ်မှာ တက်လာခဲ့ရင် လက်နဲ့ မခြေမိစေဘဲ မှုတ်ထုတ်ခြင်း၊ ဖယ်ရှားခြင်း ပြုလုပ်သင့်ပါတယ်။ ကိုင်မိပြီးရင် ချက်ချင်း ရေနဲ့ သေချာဆေးချပါနော်။
.
အားလုံးပဲ သီတင်းကျွတ်အခါသမယမှာ ဘေးကင်း ကျန်းမာကြပါစေ။ 🍀
အထူးကု သမားတော်တစ်ဦး
Telekyanmar
Reference : 📖
BMJ 2019;364:k5369
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.