ရယ်ရမလို၊ ငိုရမလို ကြုံခဲ့ရတဲ့ ဟာသလိုလို ဘာလိုလို ဘယ်လိုခံစားမှူမျိုးလည်း ပြောမပြတတ်တဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

တိုင်းပြည်ကြီး မကျန်းမာနေမှန်း၊ ပျော်စရာကောင်းမနေမှန်းလည်း သိပါတယ်။ ခဏစိတ်ထွက်ပေါက်ရပြီး တစ်ချက်ပြုံးလိုက်မိကြရင် တစ်ရက်အသက်ရှည်ပါစေဆိုတဲ့ ကျွန်တော့်လို guilty of survivors များအတွက်ပါ။
.

တစ်နေ့သ၌ပေါ့လေ။ ပြင်ပလူနာဌာန အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းနဲ့ လူနာတစ်ယောက်အကြောင်း တင်ပြလာပါတယ်။

အသက် ၃၈ နှစ် အမျိုးသမီး၊ လေးယောက်မြောက်ကိုယ်ဝန်၊ ယခင်ကလေးသုံး‌ယောက်လုံး သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိ၊ ကိုယ်ဝန်သက်တမ်း ၂ လကျော်ကျော်မှာ သူ့ဘာသာသူ အပြင်ဆေးခန်းမှာ အာထရာဆောင်း (USG) သွားရိုက်တယ်တဲ့။

ဟ တော်တာပေါ့။ တော်တော်လေးကို ကျန်းမာရေး ဗဟုသုတရှိတဲ့ လူနာပဲ။ ကြည့်စမ်း တယ်လီကျန်းမာက ပညာပေးဆောင်းပါးတွေကို အတော်ဖတ်တယ်ထင်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သိသိချင်း ပထမ သုံးလအတွင်းမှာ USG ရိုက်ကြပါ။ Dating scan လို့ ခေါ်တယ်။ သူ့ရဲ့ကောင်းကျိုးတွေက ဘလာ….ဘလာ….. စသည်ဖြင့်တွေကို သေချာမှတ်သားပြီး ကျင့်ကြံလိုက်နာသူပဲ။ Knowledge and attitude ကနေ practice အထိ သွားတယ်။ ဂွတ်ရှယ်ပဲကွာ ဘလာ…ဘလာ…နဲ့ အတွေးတွေတသီကြီး ဆက်ပွားနေတာ။ စိတ်ကူးထဲမှာ တစ်ယောက်တည်း…. ဖုန်းကြီးကိုင်ထားပြီးလေ။

လက်ထောက်ဆရာဝန်က ဟယ်လို၊ ဟယ်လို အစ်ကိုကြားသလားဆိုမှ ပြန်ပြီးသတိဝင်လာတယ်။ အေးညီလေး USG က ဘာပြောသလဲလို့ ပြန်မေးလိုက်တယ်။ သူကလည်း စိတ်ရှည်လက်ရှည် ပြန်ပြောရှာပါတယ်။ USG က (missed miscarriage) ဆက်လက်မကြီးထွားတော့သော၊ သားအိမ်ထဲမှာတင် ရပ်တန့်နေသော ကိုယ်ဝန်လို့ ရေးထားပါတယ်။ USG ဆရာက အရေးကြီးတယ် OG နဲ့ပြပါလို့ ပြောလိုက်လို့ လာပြတာပါတဲ့။ ဟုတ်ပါတယ်လေ breaking the bad news ဆိုတာက ကျွန်တော်တို့ clinicians တွေရဲ့တာဝန်ပဲကိုးဗျ နော။

အေး USG မှာတွေ့ရှိချက် အသေးစိတ်ကို ပြန်ဖတ်ပြပါဦးလို့ ပြောလိုက်တော့ ဖတ်ပြတယ်။

Intrauterine deformed gestational sac, Gestational sac diameter 35 mm, no fetal pole, missed miscarriage တဲ့။

သေချာတယ်လေ။ သားအိမ်အတွင်းမှာတည်တဲ့ကိုယ်ဝန်၊ ကလေးနေရမယ့် ရေအိတ်ကလေးက ပုံပျက်နေပြီ။ အထဲမှာ ကလေးဖြစ်မယ့် အစိုင်အခဲလေးကို မတွေ့ရဘူး။ OG ဘွဲ့ယူဖို့ ဖတ်ခဲ့ရတဲ့ စာထဲမှာပါတယ်လေ။ Gestational sac diameter 25 mm ကျော်တဲ့အထိ ဗမာလိုပြောရရင် သားအိမ်ထဲက ကလေးလေးနေရမယ့် ရေအိတ်ကလေးရဲ့အကျယ် ၂၅ မီလီမီတာ တစ်လက်မကျော်တဲ့အထိ ကလေးဖြစ်မယ့် အစိုင်အခဲလေးကို မတွေ့ရရင် ဆက်လက်မကြီးထွားမည့် ကိုယ်ဝန်၊ ကလေးဖြစ်မလာမယ့်ကိုယ်ဝန် သေချာတယ်လေ။

လူနာကို သေချာရှင်းပြလိုက်။ ကလေးမရမယ့်ကိုယ်ဝန်။ သားအိမ်ခြစ်လိုက် မြန်မြန်လို့။ ဆေးရုံတင်လိုက်ပါလို့ ဖုန်းထဲကနေပဲ အကြံပြုလိုက်တယ်။ ဟုတ်တယ်လေ… USG ဆရာက ပြတ်ပြတ်သားသားကို ပြောထားပြီးသားလေ။ Breaking the bad news ကို လက်ထောက်ဆရာဝန်တွေ အကျင့်ရပါစေ။ လူနာလက်ခံရင် လုပ်ရမယ့် သားအိမ်ခြစ်ရမယ့်အလုပ် MVA (manual vacuum aspiration) ကလည်း ကျွန်တော်ကိုယ်တိုင် လုပ်စရာ မလိုဘူးလေ။ လုပ်တတ်တဲ့သူ အများကြီးပဲ။ သင်ပေးထားရတာပေါ့။ သူများတိုင်းပြည်တွေမှာ သားဖွားဆရာမ လက်ထဲကို ထည့်ပေးထားတဲ့ အလုပ်ပါ။ ကျွန်တော်သွားမကြည့်ပါဘူး။ ဖုန်းထဲကနေပဲ ဆေးရုံတင်ပါ၊ သားအိမ်ခြစ်ပါ၊ ဒီလိုပဲ အကြံပြုလိုက်တယ်။

ခဏနေတော့ တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းပြန်ဆက်လာတယ်။ လူနာက ဆေးရုံတက်ဖို့၊ သားအိမ်ခြစ်ဖို့၊ သူ့ကလေးက ဆက်မကြီးထွားတော့ဘူးဆိုတာ ယုံဖို့ခက်နေပါတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်လေ။ USG ရိုက်လိုက်လို့သာ ဒီလိုသိတာ။ သူ့မှာတော့ ဘာပြဿနာမှ မရှိသေးတာကိုးဗျ။

ဒါပေမယ့် Dating scan ကိုရိုက်ရမယ်မှန်း သိတဲ့သူက dating scan ရဲ့အဖြေကို လက်မခံဘူးဆိုတာကျ တစ်ခုခုတော့ မှားနေပြီလို့ ထင်မိသား။

ဖုန်းထဲကနေပဲ ပြန်ပြောလိုက်တယ်။ လူနာလက်မခံရင် ဘာမှဆက်လုပ်လို့မရဘူး။ ခုအခြေအနေက သွေးဆင်းခြင်းလည်း မရှိ၊ ဗိုက်နာခြင်းလည်း မရှိဆိုတော့ ကိုယ်ဝန်ပျက်ပါပြီလို့ ငါတို့ပြောတာကို လူနာလက်ခံဖို့တော့ ခဲယဉ်းလိမ့်မယ်။ ချက်ချင်း အရေးပေါ် သားအိမ်ခြစ်စရာလည်း မလိုပါဘူး။ နောက် တစ်ပတ်၊ နှစ်ပတ်နေရင် သွေးဆင်းလာမယ်၊ ဗိုက်နာလာမယ်။ အဲဒီအချိန်ကျမှ သူလက်ခံပြီး တောင်းဆိုတော့မှ ဆေးရုံတင် သားအိမ်ခြစ်ပေးကြတာပေါ့။ လက်မခံရင် ပြန်လွှတ်လိုက်ပါ။ ခုလောလောဆယ် မိခင်အတွက် စိုးရိမ်စရာ မရှိပါဘူးလို့ပဲ စီစဉ်ညွှန်ကြားလိုက်သည်ပေါ့ဗျာ။

လူနာကလည်း စောင့်ကြည့်ပါဦးမည်ဆိုပြီး ပြန်သွားတယ်ဗျ။ ဘာလဲဟပေါ့။ ကလေးကလည်း သုံးယောက်တောင် ရှိပြီးသားကို။

ပြောထားတဲ့အတိုင်းပါပဲ။ နောက်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ သွေးဆင်းပြီ။ ဆီးစပ်က နာပြီလေ။ missed miscarriage အဆင့်ကနေ inevitable miscarriage အဆင့်ကို ရောက်ပြီလေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ပထမဆုံး သူ့ကိုကြည့်ပေးထားတဲ့ လက်ထောက်ဆရာဝန်နဲ့ပဲ ပြန်ကြုံတယ်၊ ဆေးရုံပြန်ရောက်လာတော့လေ။ အဲဒီတော့ ကျွန်တော့်ကို ပြန်အကြောင်းကြားရတာလည်း မခက်တော့ဘူးပေါ့။ သိပြီးသား လူနာလေ။ ဒီလိုဒီလို သွေးဆင်း၊ ဗိုက်နာတယ်ဆိုပြီး ရောက်လာတော့ လူနာက သူ့ကိုယ်ဝန် ပျက်ပြီလို့ တကယ်လက်ခံပြီလား။ သားအိမ်ခြစ်ဖို့ လက်ခံပြီလား မေးလိုက်တယ်။ လက်ခံပါပြီတဲ့။ အဲဒါဆို သားအိမ်ခြစ်ဖို့ လိုတာတွေပြင်ထား၊ အဆင်သင့်ဖြစ်ရင် ဘယ်သူ့ကိုခေါ် သားအိမ်ခြစ်လိုက်လို့ ဖုန်းထဲကပဲ အကြံပြုပေးလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားစရာ မလိုဘူးလေ။ သားအိမ်ခြစ်ကုသမှူက ကျွန်တော်မပါဘဲ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားတယ်ပေါ့ဗျာ။

နောက်တစ်နေ့ သားဖွား၊ မီးယပ်လူနာဆောင်ကို သားဖွား၊ မီးယပ် အထူးကုဆရာဝန်ကြီး ကျွန်တော်က လက်ထောက်ဆရာဝန်၊ သူနာပြုဆရာမ၊ ဝန်ထမ်းတွေစုံလင်စွာနဲ့ ward round တယ်။ လက်ထောက်ဆရာဝန်နဲ့ သူနာပြုများကို စာသင်တယ်ပေါ့ဗျာ။ On job training လို့ ခေါ်တယ်။

အဲဒီလူနာ… ဖုန်းထဲကနေတစ်ဆင့်ပဲ ကုခဲ့ရတဲ့ လူနာနဲ့ တွေ့ပြီလေ။ လက်ထောက်ဆရာဝန် ဘယ်လောက်တော်သလဲ။ ကျွန်တော် ဖုန်းထဲကနေတစ်ဆင့်ပဲ ဆုံးဖြတ်ချက်ချနိုင်လောက်အောင် ဘယ်လောက် တိတိကျကျ အသေးစိတ် အချက်အလက်တွေ တင်ပြနိုင်သလဲ။ လူနာလက်မခံလည်း နောက်ဆုံးတော့ ငါတို့ပြောသလိုပဲ ဖြစ်လာတာပဲ မဟုတ်လား။ သွေးဆင်းလာတာပဲ မဟုတ်လား။ တော်သေးတာပေါ့ အချိန်မတော်ကြီး မဟုတ်လို့။သွေးဆင်းတာ အရမ်းမများလို့။ သို့မဟုတ်ရင် အရေးပေါ်မဟုတ်သင့်တာက အရေးပေါ်ဖြစ်သွားမယ် ဘာညာနဲ့ အသားကုန် ပွားနေတာပေါ့ဗျာ။

လူနာတွေကလည်း နောက်ဆုံးပေါ် စမ်းသပ်ချက်တွေရဲ့ အဖြေတွေအပေါ်မှာ ယုံကြည်မှု ထားသင့်ကြောင်းတွေ မပြီးနိုင်မစီးနိုင် တော့ကီတွေ ပွားနေတာပေါ့။

အဲဒီအချိန်မှာ တပည့်တစ်ယောက်က တိုးတိုးလေး လာပြောတယ်။ အခုပျက်သွားတဲ့ ကိုယ်ဝန်က ဒုတိယလူ၏ ပထမဝေဒနာပါတဲ့။ အဲဒါကြောင့် တအားလိုချင်နေတာပါတဲ့။

ကျွန်တော့်မှာ တော့ကီပွားနေတာတွေ အားလုံး တိခနဲရပ်။ နောက်ထပ်ကိုယ်ဝန် အမြန်ဆုံးပြန်ရနိုင်ဖို့ ဘာအားဆေးတွေသောက်ရမယ် ပြောပြပြီး အမြန်လှည့်ထွက်ခဲ့ရတယ်။

မှားတဲ့အခါလည်း မှားပေမပေါ့ နော…။

ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်

LEAVE A REPLY

Please enter your comment!
Please enter your name here