အသက်ရှုဖို့မေ့လောက်အောင် စိတ်ပင်ပန်းနေတဲ့အခါ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူ့ကိုမှလည်း မမြင်ချင် မတွေ့ချင် ဖြစ်ဖူးကြလား။
ဒီခံစားချက်တွေကို အောင့်အီးထားရင်း ရင်ထဲမှာ တစ်နေကုန် လေးလံနေဖူးလား။
ဒီနေ့တော့ ရင်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ပြောပြပါရစေ။
…
…
“ ပွေ့ဖက်ခြင်း”
ချစ်ရတဲ့သူကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ ပြေးဖက်ချင်စိတ်မျိုး ဖြစ်ဖူးကြတယ်မလား။ ဒါမှမဟုတ် တစ်နေ့တာလုံး ပင်ပန်းလွန်းလို့ ကိုယ်ချစ်ရသူတစ်ဦးကို အားရပါးရ စိတ်ရောကိုယ်ပါ ပွေ့ဖက်ပြီး တစ်မိနစ်လောက်လေး ငြိမ်နေချင်ဖူးတယ်မလား။
အဲဒီလို အခိုက်အတန့်မှာ ဦးနှောက်က ဘာမှ အများကြီး မတွေးတော့ပါဘူး။ စိုးရိမ်ပူပန်မှုတွေ၊ မပြီးပြတ်သေးတဲ့ အလုပ်တွေ အားလုံး ခဏတာမေ့ထားရင်းပေါ့။ ဒါဟာလည်း တစ်ရက်တာအတွက် အားဖြည့်ခြင်းနည်းတစ်မျိုးလို့ ဆိုရပါမယ်။
ဥပမာ . . .
မနက်ခင်းမှာအလုပ်သွားဖို့ ပြင်ဆင်ရ၊ အစည်းအဝေးတွေအတွက် စိတ်ဖိစီးနေရတဲ့အခါ ကျွန်မတို့ရဲ့ စိတ်ဟာ ဖုန်း ဘက်ထရီကုန်သလို ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ အိမ်ပြန်ရောက်တဲ့အခါ ချစ်ရတဲ့သူကို အားရပါးရ တစ်မိနစ်လောက် ပွေ့ဖက်လိုက်တာနဲ့ ဘာမှမတွေးရဘဲ အနားရလိုက်ရတဲ့အတွက် စိတ်ရဲ့ ဘက်ထရီဟာ မြန်မြန်ပဲ ပြန်ပြည့်သွားပါတယ်။ ဒါဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေ လျော့ကျသွားပြီး ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်လာလို့ပါပဲ။
ဒီလို ရိုးရှင်းတဲ့ ပွေ့ဖက်မှုလေးတစ်ခုဟာ တစ်ခါတစ်ရံမှာ စကားစမြည်ပြောတာထက်ပိုပြီး စိတ်ကို လန်းဆန်းပျော်ရွှင်စေနိုင်ပါတယ်။
.
“ လွမ်းတယ်၊ သတိရတယ်”
ကျွန်မတို့တွေဟာ လူကြီးတွေ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်တွေကို လိုအပ်တာထက်ပိုပြီး ထိန်းချုပ်တတ်လာကြပါတယ်။
သူငယ်ချင်းတစ်ယောက်ကို သတိရနေပေမယ့် “ ပြောလိုက်ရင် အိုဗာများဖြစ်သွားမလား” ၊ “ သူလည်း အလုပ်ရှုပ်နေမှာပဲ” ဆိုပြီး ချီတုံချတုံ ဖြစ်နေတတ်ကြတယ်။
ဒါပေမယ့် ဒီလို ထိန်းချုပ်ပစ်လိုက်ရတဲ့ ခံစားချက်တိုင်းဟာ ကျွန်မတို့ရဲ့စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို တစ်စတစ်စ စုပြုံလာတတ်ပါတယ်။
ဥပမာ။ သူငယ်ချင်း၊ မိတ်ဆွေရင်း တစ်ယောက်ကို ရက်အတော်ကြာ သတိရနေခဲ့တယ်။ ဒါပေမယ့့် “ သူ မအားရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး တွေးပူနေမိတယ်။
နောက်ဆုံး ဘာမှ အများကြီးမတွေးတော့ဘဲ ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ်၊ စာပို့ပြီးပဲဖြစ်ဖြစ် “ ငါ မင်းကို တအားလွမ်းနေတာ၊ သတိရနေတာ” လို့ ရိုးရိုးရှင်းရှင်း ပြောလိုက်တဲ့အခါ စိတ်ထဲ အလွန်ပေါ့ပါးသွားတဲ့ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။
ဒီလို ရိုးရှင်းတဲ့ စကားလုံးလေးတွေဟာ စိတ်ထဲက ပင်ပန်းမှုကို ချက်ချင်း ပြေပျောက်စေတယ်။
တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်ရဲ့စိတ်ကို လွတ်လပ်သွားအောင် လွှတ်ပေးလိုက်သလိုမျိုးပါပဲ။
ပွင့်လင်းခြင်းသည် အားနည်းခြင်း မဟုတ်ပါ။
လူအများစုက ခံစားချက်ကို ဖွင့်ပြတာဟာ အားနည်းချက် သို့မဟုတ် ရှက်စရာလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းတော့ “ သတိရလိုက်တာ” လို့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ဆိုတာ သတ္တိ (Courage) လိုအပ်ပါသေးတယ်။
…
…
ပြန်ချုပ်ရရင်
ကျွန်မတို့ရဲ့ တစ်နေ့တာဘဝမှာ စိတ်ဘတ်ထရီလေး အားပြည့်ဖို့အတွက် လိုအပ်တာက ကြီးမားခမ်းနားတဲ့ အရာတွေ မဟုတ်ပါဘူး။
· ချစ်ရသူကို အားရပါးရ ပွေ့ဖက်မယ်
· လွမ်းရသူကို “ သတိရတယ်” လို့ ဖွင့်ပြောမယ်
ဒါတွေဟာ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေသလို ကိုယ့်ရဲ့စိတ်ပင်ပန်းမှုကိုလည်း ပြေပျောက်စေပါတယ်။
ဒီတော့… ပွင့်လင်းကြည့်ကြဖို့ကို နောက်ထပ် အချိန်တွေ ထပ်မဖြုန်းတီးပါနဲ့တော့။
ဒီထက်ပိုပြီး နောက်မကျခင် ဒီနေ့ပဲ စတင်ကြည့်လိုက်ကြရအောင်ပါ….။
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.