“ PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း”

တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလို PrEP ဆိုတာလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူ့ကိုတော့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတာပါ။

ဒါပေမယ့် PrEP ဆေးတွေဟာ ဆေးဝါးအသစ်တွေဖြစ်တာကြောင့် ဘယ်လိုလူတွေ သောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့ ရှိနေပါတယ်။

ဒီတော့ PrEP ဆေးဆိုတာ ဘာလဲ လေ့လာကြည့်ကြရအောင်ပါ။

PrEP ဆေးဆိုတာ ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲမှာ မတွယ်ကပ်အောင် တားဆီးပေးပါတယ်။ နေ့စဉ်သောက်ဆေးနဲ့ တာရှည်ခံထိုးဆေးဆိုပြီး ပုံစံ ၂ မျိုးရှိပါတယ်။

ဆေးအမျိုးအစားများ

(၁) Tenofovir disoproxil နှင့် Emtricitabine နှစ်မျိုးပေါင်းစပ်ထားသော နေ့စဉ်သောက်ဆေး (Truvada) ဖြစ်ပြီး ကိုယ်အလေးချိန် ၃၅ ကီလိုနှင့်အထက် HIV ရောဂါပိုး ထိတွေ့ နိုင်ခြေရှိသူများအတွက် ဖြစ်ပါတယ်။

(၂) Tenofovir alafenamide နှင့် Emtricitabine နှစ်မျိုးပေါင်းစပ်ထားသော နေ့စဉ်သောက်ဆေး (Descovy) ဖြစ်ပြီး ကိုယ်အလေးချိန် ၃၅ ကီလိုနှင့်အထက် အမျိုးသားများအတွက်ဖြစ်ပြီး အမျိုးသမီးများတွင် ထိရောက်မှုများကို သေချာသောလေ့လာဆန်းစစ်မှု မရှိသေးပါဘူး။

(၃) နှစ်လတစ်ကြိမ်ထိုးရသောဆေး (Apretude) ဖြစ်ပြီး နေ့စဉ်ဆေးမှန်မှန်သောက်ရန် ခက်ခဲသော ၁၂ နှစ်အထက် ဆယ်ကျော်သက်နှင့် ကိုယ်အလေးချိန် ၃၅ ကီလိုနှင့်အထက် လူကြီးများအတွက် ဖြစ်ပါတယ်။

(၄) Lenacapavir (LEN) သောက်ဆေး/ ထိုးဆေးဖြစ်ပြီး HIV ကာကွယ်ရာမှာလည်း ထိရောက်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၃၅ ကီလိုနှင့်အထက် HIV ရောဂါပိုး ထိတွေ့ နိုင်ခြေရှိသူများအတွက်ဖြစ်ပြီး ပထမအကြိမ်တွင် သောက်ဆေးနှင့်ထိုးဆေးဖြင့် စတင်ရပြီး ၆ လတစ်ကြိမ် ဆေးဆက်ထိုးခြင်းဖြင့် HIV ပိုးကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ်။

ဘာကြောင့် PrEP ဆေးကို အသုံးပြုသင့်လဲ။

အခုနောက်ပိုင်း HIV ပိုး ကူးစက်မှုအသစ်တွေကို အမျိုးသမီးတွေကြား အရင်ကထက် ပိုမိုတွေ့ရှိလာရပါတယ် (ကူးစက်မှုအသစ်တွေရဲ့ ၄၄% အထိကို မြင့်တက်လာတာပါ)။ အမျိုးသားလိင်တူချစ်သူတွေမှာတော့ ရောဂါကူးစက်ခံရမှု အများဆုံးဖြစ်ပါတယ်။

ဒါကြောင့်မို့ HIV ဗိုင်းရပ်စ်ပိုး ထိတွေ့ခံစားရနိုင်ခြေများတဲ့ လူတွေထဲမှာတော့ PrEP က အသုံးဝင်တဲ့ ကာကွယ်နည်းတစ်ခု ဖြစ်တာကြောင့် အသုံးပြုသင့်ပါတယ်။

PrEP ဆေးက ဘယ်လိုလူတွေအတွက်လဲ။

HIV ဗိုင်းရပ်စ်ပိုး မရှိသူတိုင်းက PrEP ဆေး အသုံးပြုလို့ ရပါတယ်။ အကယ်၍ PrEP ဆေးနဲ့ ကြိုတင်ကာကွယ်ဖို့ စိတ်ဆန္ဒရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

အောက်ပါအခြေအနေတစ်ရပ်ရပ် ရှိလာခဲ့ရင်တော့ PrEP ဆေးဖြင့် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ် . .

● လက်တွဲဖော်မှာ HIV ဗိုင်းရပ်စ်ပိုးရှိခြင်း

● လက်တွဲဖော်၊ လိင်ဆက်ဆံဖော်များခြင်း

● အကာအကွယ် (ကွန်ဒုံး) အသုံးမပြုခြင်း

● ဘေးအန္တရာယ်များသော လိင်ဆက်ဆံမှုရှိခြင်း

● လွန်ခဲ့သော (၆) လတွင်း လိင်မှတစ်ဆင့် ကူးစက်သောရောဂါ တွေ့ရှိခဲ့ရခြင်း

● HIV ဗိုင်းရပ်စ်ပိုး ထိတွေခဲ့ဖူးခြင်း

● ဆေးထိုအပ် မျှဝေသုံးစွဲခြင်း

အထက်ပါ ရောဂါကူးစက်ခံရနိုင်ခြေ တစ်ရပ်ရပ်ရှိရင် ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပါ။

PrEP ဆေး ဘယ်လိုသောက်သုံးသင့်လဲ။

PrEP ဆေး အသုံးမပြုခင်မှာ HIV ဗိုင်းရပ်စ်ပိုး ရှိ/မရှိစစ်ဆေးဖို့လိုပြီး ရောဂါပိုးမတွေ့ရှိပါက PrEP ဆေးကို ကြိုတင်ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

PrEP ရဲ့အာနိသင်ပြဖို့ ဆေးတစ်ပတ် ကြိုသောက်ရမှာဖြစ်ပြီး သုံးစွဲပြီး ၂၁ ရက်ပြည့်ရင် အမြင့်ဆုံးကာကွယ်မှုကို ရရှိမှာဖြစ်ပါတယ်။ ဆက်လက်ပြီး လိုအပ်သောပမာဏနဲ့ အချိန်မှန်အသုံးပြုမှသာ HIV ဗိုင်းရပ်စ်ပိုးကို အမြင့်ဆုံး ဆက်လက်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

PrEP ဆေးက ကောင်းမွန်တဲ့ကာကွယ်မှု ပေးနိုင်တယ် ဆိုပေမယ့် အချိန်မှန် သေချာသောက်သုံးဖို့ လိုအပ်ကြောင်း မမေ့ပါနဲ့။

PrEP ဆေး အသုံးပြုနေစဉ်အတွင်းမှာလည်း HIV ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။ PrEP ဆေးသောက်သုံးတွေအနေနဲ့ နှစ်လသုံးလ တစ်ကြိမ်၊ ထိုးဆေးထိုးသူတွေအနေနဲ့ ၈ ပတ်တစ်ကြိမ် HIV ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။

PrEP ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

PrEP ဆေးဟာ စိတ်ချရတဲ့ဆေးဝါးဖြစ်ပေမယ့် အစပိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးတချို့ ခံစားရတတ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက အလိုအလျောက် ပြန်လည်သက်သာ ပျောက်ကင်းသွားမှာဖြစ်ပြီး အကယ်၍ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ဗိုက်အောင့်ခြင်းတွေကို ရေရှည်ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

ကျောက်ကပ်ရောဂါနဲ့ အသည်းရောင်အသားဝါဘီပိုးရှိရင် ဆေးအသုံးပြုနိုင်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် ဆရာဝန်ကို သေချာအသိပေးထားဖို့ လိုအပ်ပါတယ်။

PrEP ဆေးက လိင်မှတစ်ဆင့်ကူးစက်တဲ့ တခြားရောဂါတွေကို ကာကွယ်နိုင်လား။

PrEP ဆေးတွေက HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကိုသာ ကာကွယ်ပေးနိုင်ပြီး လိင်မှတစ်ဆင့်ကူးစက်တဲ့ တခြားရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

ဒါကြောင့် PrEP ဆေးကို အကာအကွယ်အသုံးပြုခြင်းနည်းလမ်းနဲ့ တွဲပြီးသောက်သုံးမှသာ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါအားလုံးကို အကောင်းဆုံးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဘေးကင်းလုံခြုံသော လိင်မှုရေးရာကိစ္စများကသာ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း အသိပညာပေးရင်း စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ…။

ဒေါက်ပီ (တယ်လီကျန်းမာ)

Reference: https:// health. clevelandclinic. org / what-is-prep-and-who-should-take-it

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here