“ စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့
အသက်တွေကို ကယ်တင်နိုင်ပါတယ်” တဲ့။

မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။

ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက် တစ်ရက်ပါပဲ။

❓ဘာကြောင့် အရေးကြီးတာလဲ။

ကျွန်မတို့ လူမှုအသိုက်အဝန်းထဲမှာ “ စိတ်ဓာတ်ကျတယ်” ၊ “ စိတ်အရမ်းပင်ပန်းတာပဲ” ဆိုတဲ့ စကားလုံးတွေကို သုံးဖြစ်နေကြပေမယ့်လည်း သိပ်အလေးအနက် မထားမိတတ်ကြပါဘူး။ “ ပင်ပန်းလို့ ညည်းမိတယ်” လို့ပဲ လျှော့တွက်မိတတ်ကြပါတယ်။

ဒါပေမယ့် ခံစားရသူမှာ နေ့စဉ်နဲ့အမျှ ဒီခံစားချက်တွေက ပိုဆိုးရွားလာပြီး စိတ်ဓာတ်ကျရာကနေ ဘဝကို လက်လျှော့လိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အထိရောက်သွားနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရတော့ နှစ်စဉ် လူ ၇၀၀,၀၀၀ ကျော်ဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

ဒီလူတွေဟာ တစ်စုံတစ်ယောက်ရဲ့ သူငယ်ချင်း၊ မိသားစုဝင်တစ်ဦး၊ အိမ်နီးချင်းတစ်ယောက်အနေနဲ့ ရှင်သန်ခဲ့ကြမှာပါ။ ရှိနေစဉ်မှာ ဘယ်လိုတွေ ခံစားနေရသလဲဆိုတာကို သိနိုင်ဖို့ဆိုရင် ကျွန်မတို့အနေနဲ့ Suicide ရဲ့ ရှေ့ပြေးလက္ခဏာတွေကို သတိထားမိကြဖို့၊ ရိပ်မိဖို့လည်း လိုပါတယ်။

တကယ်တမ်း မိမိကိုယ်ကိုယ် အဆုံးစီရင်တာဟာ ရုတ်တရက်ကြီး ထဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ သူ့မှာ ရှေ့ပြေးလက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေကို သတိထားမိပြီး စောစောကူညီနိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

❗️သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေက ဘာတွေလဲ။

  • စကားပြောပုံ ပြောင်းလဲမယ်။
    “ငါမရှိရင် အားလုံး ပိုပျော်ကြမယ်ထင်တယ်”၊ “ဒီထက်ပိုပြီး ငါ့အတွက် မင်းတို့ စိတ်ပူနေစရာမလိုတော့ဘူး” စတဲ့ စကားမျိုးကို ခဏခဏ ပြောလာတတ်ပါတယ်။
  • အပြုအမူ ပြောင်းလဲပုံ
    အပြုအမူကတော့ ပုံသေမရှိပါဘူး။ တစ်ခါတလေမှာ ပိုပျော်နေတယ်၊ အေးဆေးနေတယ်လို့ ထင်ရပေမယ့် ဒါဟာ ဆုံးဖြတ်ချက်ချပြီးသားအဆင့် ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် လုံးဝကို အထီးကျန်ဝမ်းနည်းပြီး တစ်ယောက်တည်းပဲနေတော့တာ၊ အခန်းထဲ အလုံပိတ်သော့ခတ်ပြီး နေချိန်တွေ များလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

  • အရေးကြီးပစ္စည်းတွေကို ပေးကမ်းတာ
    ဥပမာ။ သူအကြိုက်ဆုံးစာအုပ်၊ ဓာတ်ပုံ၊ ချစ်ရတဲ့ပစ္စည်းလေးတွေကို ရုတ်တရက် သူငယ်ချင်းတွေကို ပေးပစ်တာမျိုးတွေ လုပ်တတ်ပါတယ်။

ဒါတွေဟာ စိတ်ကျရောဂါလက္ခဏာ‌တွေနဲ့ တွဲပြီးတွေ့ ရတတ်ပါတယ်။

အိပ်မပျော်တာ၊ အစာမစားချင်တာ သို့မဟုတ် အလွန်အကြူးစားတာ၊ ဘာကိုမှ စိတ်ဝင်စားမှုမရှိတော့တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အလွန်နည်းလာတာ၊
“ငါက လူပိုသက်သက်ပဲ”၊ “ငါ့မှာ မျှော်လင့်ချက်မရှိတော့ဘူး” ဆိုတဲ့ ခံစားချက်မျိုးကို မကြာခဏပြောတာမျိုးတွေ ဖြစ်တတ်ပါတယ်။

💞 ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုမျိုး လက္ခဏာတွေ့ရင် ဘာလုပ်သင့်လဲ။

၁။ ပွင့်ပွင့်လင်းလင်း မေးပါ။

“မင်း ကိုယ့်ကိုယ်ကိုယ် tတ်သေဖို့ စဉ်းစားနေတာလား” လို့ တိုက်ရိုက်မေးပါ။

ဒီလိုမေးတာဟာ သူတို့ကို ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ အားပေးနှိုးဆွတာ မဟုတ်ပါဘူး။ ဒီလို မေးလိုက်ခြင်းက သူ့ရဲ့ဝန်ထုပ်ဝန်ပိုးကို ဖွင့်ပြောခွင့်ရစေဖို့၊ ကူညီမှုရယူဖို့ ပထမဆုံးခြေလှမ်းကို ဖြစ်စေပါတယ်။
.

၂။ နားထောင်ပေးပါ၊ ဆုံးမစကားတွေ မပြောပါနဲ့။

“ စိတ်ဓာတ်မကျနဲ့၊ ဒါ‌လောက်က ဘာမှမဟုတ်ပါဘူး” “ ငါ့တုန်းကဆို ဒီထက်ဆိုးတာပေါ့” ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့ခံစားချက်ကို လျှော့တွက်သလို ဖြစ်စေပါတယ်။

“မင်း ခံစားရတာ ငါနားလည်တယ်”၊ “မင်းအတွက် ငါရှိနေတယ်နော်” ဆိုတဲ့စကားမျိုးက ပိုပြီးအားပေးရာ ရောက်ပါတယ်။
.

၃။ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ရဲ့အကူအညီရယူဖို့ အားပေးပါ။

စိတ်မကျန်းမာခြင်းဟာ ရှက်စရာတစ်ခုမဟုတ်ကြောင်း ရှင်းပြပါ။
.

၄။ အနီးကပ်စောင့်ကြည့်ပါ။

သူတို့ကို တစ်ယောက်တည်း မထားပါနဲ့။ အန္တရာယ်ရှိနိုင်တဲ့ပစ္စည်းတွေ၊ နေရာတွေနဲ့ ဝေးဝေးမှာ ရှိပါစေ။
.

၅။ အရေးပေါ်အကူအညီရယူနိုင်မယ့် နေရာကို မှတ်ထားပါ။ လိုအပ်ရင် ချရေးထားပါ။

ကျွန်မတို့ တယ်လီကျန်းမာမှာလည်း စိတ်ကျန်းမာရေးအထူးကုဆရာဝန်တွေရှိသလို လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်တဲ့ Zero Suicide Hotline လည်း ရှိတယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။

ဆိုတော့

မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ ကာကွယ်လို့ရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ စကားစမြည်ပြောဆိုမှုတစ်ခုဟာလည်း အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၀ ရက်နေ့ တစ်နေ့တည်းအတွက်မဟုတ်ဘဲ နေ့ရက်တိုင်းမှာ ကိုယ့်ပတ်ဝန်းကျင်ကို ရုပ်ပိုင်းဆိုင်ရာအရ‌ရော စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာလှပအောင် ကူညီဖေးမကြဖို့ နှိုးဆော်လိုက်ပါရစေရှင်…။

💗 “ စကားပြောဖို့ မကြောက်ပါနဲ့။ နားထောင်ဖို့လည်း အသင့် ဖြစ်နေပါစေ။” 💗

သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here