“ နံနံလေးတွေ လှတယ်နော်”

လက်ထဲကိုင်ထားသည့် နံနံပင်ကို ကြည့်ပြီးပြောတာလိုလို… ဈေးသည်ကောင်မလေးကို ကြည့်ပြီး ပြောတာလိုလိုဖြင့် သိန်းဆောင်တစ်ယောက် ဟိုဟိုဒီဒီလုပ်ရင်း ကောင်မလေး၏ မျက်နှာကို လှမ်းအကဲခတ်လိုက်သည်။

“ ဟုတ်တယ် အစ်ကို… ဒီနေ့ နံနံတွေလတ်တယ်။ တခြားအရွက်တွေလည်း လှတယ်လေ။ ဒီနေ့ ဈေးကားရောက်တာစောသလို အသီးအနှံလည်းစုံတယ်။ ကြည့်ကြည့်ပါဦး”

“ ဟုတ်ပ ဟုတ်ပ… ဘာကြည့်ကြည့်… ဘယ်လိုကြည့်ကြည့်ကို လှနေတာ”

ခံစားချက်တွေ တသီတပိုးဖြင့် မထိတထိ ပြောနေသည့် သိန်းဆောင်ကို ဟိုကလေးမက စိတ်မဝင်စား။ သူ့အာရုံက ဟိုဘက်က သံပုရာသီးဝယ်သူထံ လှည့်သွားပြီ။

ထိုစဥ်…

“ ဒါပေါ့ကွာ နံနံပင်ဟာ ကျန်းမာရေးအတွက် ကောင်းစေသလို အရွက်၊ ရိုးတံ၊ အမြစ်ကစလို့ အစေ့အထိအောင် အကုန်အသုံးတည့်သတဲ့။ ပဥစ္ဆငါးပါးဆိုပြီးတောင် ပြောကြသေး”

ထူးထူးဆန်းဆန်းစကားတွေ ကြားလိုက်မိလို့ လှည့်ကြည့်လိုက်တော့ မိတ်ဆွေကြီး ကိုရင်မောင်။ ဘယ်အချိန် အနောက်က ရောက်နေတယ်မသိ။

“ နံနံစေ့ဆိုလည်း မဆလာမှုန့်လုပ်ရာမှာသုံးသလို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးတယ်ကွာ။ အမြစ်နဲ့ ရိုးတံကို ကြက်ပြုတ်တာလို အသားပြုတ်ရည်ထဲထည့်ရင် ဆေးဘက်ဝင်တဲ့အပြင် အနံ့အရသာတောင် ပိုကောင်းဟ”

မိုးထဲရေထဲ နံနံဋီကာဖွဲ့နေသော ကိုရင်မောင့်ကိုကြည့်ပြီး သိန်းဆောင် စိတ်လေသွားသည်။ ဒီမှာက ကိုယ့်အကြံနဲ့ကိုယ်။ ခုတော့ ဗရုတ်သုတ်ခတွေ စတော့မယ်။ မဖြစ်ဘူး။ မြန်မြန်ပိတ်ထားမှ။

“ အဟမ်း… ဒီလိုကွာ… ဘာလေးညာလေး စားစရာလာဝယ်တယ်ဆိုလည်း ကိုယ်သောက်မယ့်အရည်နဲ့ လိုက်ဖက်မယ့်ဟာလေးတွေ သွားဝယ်လိုက်ပါ။ ဒီမယ် ငါ့အတွက် မပြီးပြတ်သေးတဲ့ အလုပ်လေးတွေ ရှိနေလို့”

အမြည်းလာဝယ်တာဆိုလည်း ကိုယ့်ဟာကိုယ်သွားဝယ်။ စတောင်မစရသေးတဲ့ ငါ့နှလုံးသားဇာတ်လမ်းတွဲ အပိုင်း (၁) ကို အခွေလာမထစ်၊ အဝိုင်းမလည်နဲ့။ မင်းလစ်လိုက်တော့ဆိုသည့်မျက်နှာပေးဖြင့် သိန်းဆောင် မေးငေါ့ရင်း ပြောလိုက်သည်။

ကိုရင်မောင်ကား မသိချင်ယောင်ဆောင်လျက် . . .

“ တကယ်တော့ နံနံပင်ဟာ အူလမ်းကြောင်းကို လှည့်ပတ်မှု ကောင်းစေတာကြောင့် လေနိုင်ခြင်း၊ အစာအိမ်အနာ သက်သာခြင်း၊ ဆီးကောင်းကောင်းသွားခြင်း၊ ဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားတွေ ပြေလျော့စေလို့ ဗိုက်အောင့်သက်သာခြင်း အစရှိတဲ့ အကျိုးထူးများ ရှိစေသတဲ့”

ဟာ… ပေတိပေကပ်နဲ့ ဒီကောင် ရင်မောင်ကို ဘယ်လိုမောင်းထုတ်ရပါ့။ ယင်ကောင် မောင်းရသလိုပဲ။ ဒီနားပဲ ရစ်လည်ရစ်လည် လုပ်နေတယ်။ ခက်ပြီ။

အတွေးအိုက်နေစဥ် . . .

“ နံနံပင်ဟာ သဘာဝအတိုင်း ပိုးမွားများကို ကာကွယ်တိုက်ခိုက်ခြင်း၊ အန်တီ အောက်ဆီဒန့် အာနိသင်ရှိလို့ ကိုယ်တွင်းဆဲလ်များ မူမမှန်ပျက်စီးခြင်းကို တားဆီးပေးခြင်း၊ အသည်းအားကောင်းစေခြင်း၊ သွေးတွင်းအဆီကျပြီး သွေးမခဲအောင်လုပ်ပေးခြင်း၊ ဆီးချို ကာကွယ်ပေးခြင်း…ခြင်း….”

“ ဟာ… တော်..တော်…”

သည်းမခံနိုင်တော့သည့်အဆုံး သိန်းဆောင်တစ်ယောက် လက်ထဲကိုင်ထားသည့် နံနံစည်းတွေနှင့် ကောက်ရိုက်မည် ပြုသည်။

ကိုရင်မောင်ကား အပြုံးမပျက်။
ပန်းပွင့်နှင့် ပေါက်ခံရမည့်အလား သဘောထားလျက် ချစ်သူငယ်ချင်းကို မေးငေါ့ပြလိုက်၏။

သူမေးငေါ့ရာ ကြည့်လိုက်တော့ . . . ဟိုကောင်မလေး။

ဒီနောက် ရင်မောင်က သိန်းဆောင်ကို အသာလေး လက်ကုတ်ရင်း တိုးတိုးပြောလိုက်သည်။

“ သွားမလုပ်နဲ့ ကိုယ့်လူ။ တစ်လောလေးကမှ အိမ်ထောင်ကျထားပြီး အခု ကိုယ်ဝန်သုံးလနဲ့ဆိုလား။

မင်းဆိုတဲ့ကောင်ကလည်း ဘုမသိဘမသိ ဗိုက်ခေါက်လေးကအသက်ဆိုပြီး စိတ်ကူးယဥ်နေမယ့် အကောင်။ လာပါ… ငါနဲ့လိုက်ပြီးတော့ ကျန်းမာရေးကောင်းအောင် နံနံပင်တွေ ထိုင်ဝါးနေစမ်းပါ။

FA ဖြစ်မယ့်ကောင်ဆိုတာ ကိုယ့်ကျန်းမာရေး ကိုယ်ပဲဂရုစိုက်ရတာ ဟ။ ကိုယ့်ကို ဘယ်သူမှ ဂရုစိုက်မယ့်သူ မရှိဘူး။ လာ… လာ” ….။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here