Accept “ No one is coming to save you” တဲ့။
“ ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး” ဆိုတဲ့ စကား နားထောင်ရတာ ကြမ်းတမ်းသလို၊ ကြားရတာ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပါပဲ။
ဒါပေမယ့် ဒီအချက်ကို လက်ခံနိုင်ဖို့ဆိုတာဟာလည်း ကျွန်မတို့ဘဝရဲ့ အရေးကြီးဆုံးသင်ခန်းစာတွေထဲက တစ်ခုဖြစ်ပါတယ်။
မဖြစ်နိုင်တာတွေ၊ အံ့အားသင့်စရာကောင်းတာတွေ ဖြစ်လာဖို့ စောင့်နေမယ့်အစား ဒီအမှန်တရားကို ဘယ်လိုလက်ခံပြီး ရှေ့ဆက်ရမလဲဆိုတာကသာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။
.
🍀ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့
ကျွန်မတို့ အားလုံးဟာ တစ်ချိန်ချိန်မှာတော့ အကူအညီ လိုအပ်တတ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်စုံတစ်ယောက်က လာပြီးကယ်တင်လိမ့်မယ်လို့ မျှော်လင့်နေမယ်ဆိုရင် ကိုယ့်ရဲ့ ရှိရင်းစွဲစွမ်းဆောင်ရည်တွေကို သတိမထားမိဘဲ ဖြစ်နေပါလိမ့်မယ်။
အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ ကိုယ်တိုင်ရုန်းကန်ဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုတာကိုလည်း ယုံကြည်ဖို့လိုပါတယ်။
ကိုယ့်ရဲ့အားသာချက်တွေ၊ စိတ်ခွန်အားတွေကို ပြန်လည်ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင် လေ့ကျင့်တာဟာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို တည်ဆောက်ပေးမယ့် အခြေခံအုတ်မြစ်တစ်ခုပါပဲ။
.
🍀စိတ်ကူးယဉ် ကမ္ဘာထဲကနေ ရုန်းထွက်ဖို့
လူအတော်များများဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အံဖွယ်ဖြစ်ရပ်တွေလို ကယ်တင်မယ့်သူကို စောင့်မျှော်နေတတ်ကြပါတယ်။
ဥပမာ လာကယ်မယ့် သူရဲကောင်းလိုမျိုး၊ ရုတ်တရက် ပေါ်လာမယ့် ထီပေါက်ခြင်းလိုမျိုး ဒါမှမဟုတ် ကိုယ့်ပြဿနာတွေကို ဖြေရှင်းပေးမယ့် အခြားသူတစ်ဦးဦး ရောက်လာဖို့ကို စိတ်ကူးယဉ်နေတတ်ပါတယ်။
ဒါကို အပြစ်လို့ မဆိုပါဘူး။ လူဆိုရင် ဒီလိုဖြစ်တာ သဘာဝပါပဲ။
ဒါပေမယ့်လည်း လက်တွေ့ဘဝမှာတော့ ဒီလို အံ့ဖွယ်တွေဟာ ဖြစ်ခဲပါတယ်။ ကိုယ့်ရဲ့ ဘဝပြဿနာတွေကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမှရမယ်ဆိုတဲ့ အမှန်တရားကို လက်ခံလိုက်မှသာ ရှေ့ဆက်ဖို့ ခွန်အားတွေရလာမှာပါ။
.
🍀 ရုန်းထွက်နိုင်စွမ်းကို မြှင့်တင်ဖို့
အခက်အခဲတွေကနေ ရုန်းထွက်နိုင်စွမ်း/တွန်းလှန်နိုင်စွမ်းဆိုတာ မွေးရာပါ ပါရမီတစ်ခု မဟုတ်ပါဘူး။
ဒါဟာ လေ့ကျင့်ယူလို့ရတဲ့ စွမ်းရည် (Resilience) ပါ။ စိတ်ပျက်အားငယ်မှုတွေ၊ အခါခါကျရှုံးမှုတွေနဲ့ ကြုံလာတဲ့အခါ အဲဒီထဲမှာ အချိန်အကြာကြီး နစ်မွန်းမနေဘဲ သင်ခန်းစာယူပါ။ ခေတ္တအနားယူပါ။ ပြီးရင် ပြန်ထဖို့ ကြိုးစားပါ။
ပထမဆုံးအနေနဲ့ ကိုယ့်ခံစားချက်တွေကို လက်ခံပါ။ ဝမ်းနည်းတာ၊ စိတ်ပျက်တာ၊ ကြောက်တာ စတာတွေဟာ သဘာဝပါပဲ။ ပြီးရင် အဲဒီခံစားချက်တွေကို ခဏလောက် ခံစားခွင့်ပေးပြီး ကိုယ့်ဘာသာကိုယ် ပြန်အားတင်းပါ။
.
🍀 လက်တွေ့ကျကျ ခြေလှမ်းတွေ လှမ်းပါ။
“ ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး” ဆိုတဲ့ အမှန်တရားကို လက်ခံပြီးတာနဲ့ ကိုယ့်အတွက် ကိုယ်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပါ။
.
🍀အသေးစား ပန်းတိုင်တွေ သတ်မှတ်ပါ။
ကြီးမားများပြားလွန်းတဲ့ ပြဿနာတွေကို တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ တစ်ဆင့်ချင်းစီ ဖြေရှင်းနိုင်ဖို့ အသေးစား ပန်းတိုင်လေးတွေ ချမှတ်ပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်ပါ။
.
🍀 သင်ယူပါ၊ တိုးတက်ပါ။
ကိုယ့်ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပါ။ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ လေ့လာပါ။
စာဖတ်ခြင်း၊ သင်တန်းတက်ခြင်း၊ အတွေ့အကြုံရှိသူတွေဆီက သင်ယူခြင်းဖြင့် ကိုယ့်ရဲ့ အသိပညာကို တိုးပွားအောင် လုပ်ပါ။
.
🍀ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။
စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာအောင် နေထိုင်ပါ။ ကောင်းစွာ အိပ်စက်ပါ၊
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားပါ၊ ကိုယ်လက်လှုပ်ရှားမှု /လေ့ကျင့်ခန်း လုပ်ပါ။ တရားထိုင်ပါ။
ဒါတွေက စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ခွန်အားကို တိုးစေပါတယ်။
.
🍀လိုအပ်ရင် အကူအညီတောင်းပါ။
(မှန်ကန်တဲ့သူဆီက ဖြစ်ပါစေ)
စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ရုန်းကန်နေရချိန်မှာ အကူအညီပေးမယ့်သူရှိလာရင် လက်ခံဖို့ ဒါမှမဟုတ် အကူအညီတောင်းခံဖို့ လုံးဝ မကြောက်ပါနဲ့။
ယုံကြည်ရတဲ့ မိတ်ဆွေ၊ မိသားစုဝင် ဒါမှမဟုတ် စိတ်ကျန်းမာရေး ပညာရှင်လိုမျိုး မှန်ကန်တဲ့သူတွေဆီက အကြံဉာဏ်နဲ့ အကူအညီကိုတော့ တောင်းခံလို့ရပါတယ်။
ဒါပေမယ့် မည်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို ကူညီဖို့ အမြဲတမ်း တာဝန်ရှိနေတာမဟုတ်ဘူး ဆိုတာကိုလည်း သတိရပါ။
သူတို့က ကိုယ့်ကို တွန်းအားပေးနိုင်/ကူညီလမ်းညွှန်ပေးနိုင်ပေမယ့် ကိုယ့်အတွက်က ကိုယ်တိုင် ခြေလှမ်းစလှမ်းမှ ရမှာပါ။
ဒီအမှန်တရားကို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်မတို့ဟာ ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်က ကိုယ်တိုင်ပဲဆိုတာကို သိလာပါလိမ့်မယ်။
အံ့ဩဖွယ်တွေ ဖြစ်လာဖို့ ထိုင်စောင့်နေမယ့်အစား ကိုယ့်အတွက် ကိုယ်တိုင် အံ့ဩဖွယ်တွေကို ဖန်တီးနိုင်တဲ့ အခွင့်အရေး ရရှိအောင် ကြိုးစားကြရအောင်ပါ…။
“ No one is coming to save you.”
သင်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.