အမှန်တရား၊ နည်းနည်းတော့ခါးမယ်။
ချက်ချင်းသေမယ့်ရောဂါတွေမှာ ဆေးမြီးတိုမရှိဘူး။ မမွေးနိုင်ရင် ဆေးရုံလာ၊ ခွဲမွေး၊ သွေးသွင်း အားလုံးအဆင်ပြေ။
ဧရာဝတီတိုင်းမှာ တိုက်နယ်ဆရာဝန် ဖြစ်ခဲ့စဉ် ၂၀၀၇ – ၂၀၀၈ ပတ်ဝန်းကျင်က မိုးကုန်ပြီး နောက်မိုးမကျခင် မတ်လနဲ့ ဧပြီလလောက်တွေမှာ……
ပြီးခဲ့တဲ့ မိုးရာသီတုန်းက လှောင်ထားခဲ့တဲ့ သောက်စရာ မိုးရေတွေလည်း တစ်ဆောင်းလုံးသောက်ခဲ့တာ ကုန်ပြီ။ နောက်မိုးကလည်း မေလလယ်လောက်မှ ရွာမယ်။
သောက်ကြပြီ ဒီရေဝင်တဲ့ ရေချိုရေငံစပ် ချောင်းရေတွေ။ ဖြစ်ကြပြီ ကာလဝမ်းရောဂါ (ကိုလရာ – cholera)။
ဘယ်ဆေးမြီးတိုနဲ့မှ မကုဘူး။ ဆေးရုံတန်းလာတယ်။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ကနေ အကြောဆေးပုလင်းကြီး လေးလုံးတစ်ပြိုင်တည်းသွင်း၊ လိုအပ်ရင်ညှစ်ချ။ တစ်နာရီအတွင်းမှာ 500 ml ပုလင်း အလုံးနှစ်ဆယ်လောက်ဝင်အောင် ညှစ်ချပေးခဲ့ရဖူးတယ်။ ရှင်တယ်လေ။
ပုလင်းကြီးတွေ မချိတ်ရင် သေတတ်တယ်ဆိုတာ သက်ကြီးစကား သက်ငယ်ကြားမဟုတ်။ အရှင်လတ်လတ်ကို နှစ်တိုင်းနှစ်တိုင်း ဒီလိုအချိန်မှာ ဒီရောဂါနဲ့ ဆေးရုံမရောက်ရင် သေတတ်တယ်၊ ဆေးရုံရောက်ရင် ရှင်တယ်ဆိုတာကို သညာအသိနဲ့ တွေ့ကြုံဖူးကြပြီးသား။
မေးခိုင်ရောဂါ၊ မြွေကိုက်လူနာ ဆေးရုံရောက်မှ သက်ဆိုင်ရာ ဖြေဆေးထိုးမှ အသက်ရှင်မယ်။ တော်တော်လက်ခံလာကြပါပြီ။
ဒါပေမယ့် နာတာရှည်ရောဂါတွေမှာတော့ ဆေးမြီးတိုတွေ ရှိတုန်းပဲ။
မြန်မာလိုပြောရင် အာဂန္တုရောဂါ အင်္ဂလိပ်လိုပြောရင် AVI (acute viral infection) ဘာဆေးပေးပေး၊ ဘာဆေးမှ မပေးဘဲနေနေ လူတစ်ရာမှာ ကိုးဆယ်ကျော်က ၇ ရက်လောက်နေရင် ပျောက်မယ်လေ။ မပျောက်ခင်တော့ လှိမ့်နေအောင်ခံရတာပေါ့။ အားလုံးသေမယ့်ရောဂါမဟုတ်။ ဘာဆေးမှ မသုံးဘဲ ပေခံရင်တောင် သူ့အလိုလိုပျောက်မယ့် ရောဂါတွေလည်း ရှိပါ့ဗျာ။
ဂျင်းပြုတ်ရည် ကျွန်တော်လက်ခံပါတယ်။ Ginger Genger is the natural herbal anti- inflammatory agent.
ဒါပေမယ့် ဆီးချို၊ သွေးတိုး၊ လေဖြတ်၊ နှလုံးသွေးကြောကျဉ်း၊ ကင်ဆာရောဂါတွေကို အရှင်းပျောက်ပါတယ် ကြော်ငြာတာကျ တော်တော်များသွားပြီဗျာ။
အရင်က AIDS၊ ငှက်ဖျားနဲ့ TB ရောဂါတောင် ဆေးမြီးတိုနဲ့ ပျောက်အောင်ကုနိုင်ပါတယ် ပြောခဲ့ကြသေးတာ။
အဲဒီရောဂါသုံးခုက ကိုယ်ဖြစ်ကိုယ်ခံလို့ သဘောထားလိုက်ရင် လူမျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာကို ပညာနှင့်ယှဉ်သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ နားလည်သဘောပေါက်ပြီး ဝိုင်းလှူကြလို့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်၊ နှစ်နှစ်ဆယ်လောက်ကစပြီး အလကားကုနိုင်လို့ ဒီရောဂါသုံးခုအတွက် ဆေးမြီးတိုတွေ မရှိတော့တာ။
ကျွန်တော် လက်ထောက်ဆရာဝန်ဖြစ်ခါစ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်ခန့်ကတည်းက AIDS ရောဂါ၊ TB၊ ငှက်ဖျားရောဂါအတွက် ဆေးတွေပေါ်နေပါပြီ။ ရောင်းစားခဲ့ကြတာ ဆေးကုမ္ပဏီတွေက။
ဝယ်ဖို့မတတ်နိုင်သူတွေ သေကြလေ။ ကျွန်တော်တို့ကလည်း ဆေးပဲညွှန်းပေးနိုင်တာ။ ကိုယ့်ပိုက်ဆံထဲကနေ စိုက်ထုတ်ဝယ်မပေးနိုင်ဘူးလေ။ မူလတန်း၊ အလယ်တန်းတုန်းက သူငယ်ချင်းတွေ မိသားစုလိုက်ကို ပျောက်ကွယ်သွားကြတာ။ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။
ပညာနှင့်ယှဉ်သောအလှူကို လှူတတ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးတွေကြောင့် ဒီရောဂါသုံးခုကို အလကားကုနိုင်ခဲ့တယ်။ မြန်မာပြည်က သူဌေးကြီးတွေကိုသာ အားကိုးရမယ်ဆိုရင် လူမျိုးတုံးတာကြာပေါ့။
အဲဒီလို အလကားကုပေးတော့လည်း ကျေးဇူးတင်ခံရမယ်ထင်လား။ Human rights လို့ထင်ကြတာဗျ။
ခု မအလ ဒုက္ခပေးလို့ ဒီရောဂါသုံးခုအတွက် မြန်မာပြည်သားလူနာတွေ ဆေးမရတော့ဘူး။ ဒါတွေကို သိရဲ့သားနဲ့ non ကြတဲ့ မြန်မာပြည်က ဆေးပညာရှင်ဆိုသူများကို ဆဲစရာစကားလုံး ကျွန်တော်မရှာတတ်တော့ဘူး။
ကျွန်တော်အများကြီး မပြောချင်တော့ဘူး။ ကျွန်တော်ကိုယ်တိုင် ခံစားနေရတဲ့ သွေးချို၊ ဆီးချိုရောဂါ တစ်ခုတည်းပါ။ နေ့တိုင်းသွေးချို၊ ဆီးချိုရောဂါ ထိန်းဆေးတွေ သောက်နေရတာ ၁၅ နှစ်ကျော်ပါပြီ။ အစားလည်း ဆင်ခြင်ရပါတယ်။ အချိုဆိုတာ ဘယ်လိုအရသာဆိုတာတောင် မေ့သလောက်ရှိနေပါပြီ။
ကမ္ဘာ့လူဦးရေရဲ့ ဆယ်ပုံပုံ တစ်ပုံမှာ သွေးချို၊ ဆီးချို၊ သွေးတိုးရောဂါ ရှိတယ်။ ဆေးတစ်ဖုံတည်းနဲ့ အမြစ်ပြတ်ပျောက်ပါတယ်ဆိုတဲ့ ဆေးသာဖေါ်နိုင်ရင် လူနာတစ်ယောက်အတွက် မြန်မာငွေတစ်ကျပ်ပဲ အမြတ်တင်… ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် ရွှေပုံပေါ်တက်အိပ်လို့ရလိမ့်မယ်။
ဂျင်းဆိုတာ စားတဲ့လူရှိလို့ ကျွေးတဲ့လူရှိတာလား၊ ကျွေးတဲ့လူရှိလို့ စားတဲ့လူရှိတာလား ကျွန်တော်တော့ ဉာဏ်မမီတော့ပါဘူး။
သေချာတာကတော့ ကျွန်တော်က ကျွေးလည်းမကျွေးဘူး၊ စားလည်းမစားဘူး။
လူဆိုတာသေမျိုးဆိုတာကို ယုံယုံကြည်ကြည်လက်ခံပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုတာကို လက်ခံပါတယ်။
နောက်လဆို ကျွန်တော် အသက်ငါးဆယ်ပြည့်ပြီ။ ကျွန်တော့်ဘဝရဲ့ သက်တမ်းတစ်ဝက်လောက်ကို ကျွန်တော်ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ ရင်းနှီးခဲ့ရတာ။ ဒါပေမယ့် ကျွန်တော်မကုတတ်တဲ့ ရောဂါတွေအများကြီး။
အခု ကျွန်တော် OG နော်။ သားဖွား၊ မီးယပ် အထူးကုဆရာဝန်ကြီးပေါ့။ ဒါပေမယ့် သားဖွား၊ မီးယပ်ရောဂါတွေထဲမှာတောင် ကျွန်တော်မကုတတ်တာတွေ အများကြီးရှိပါသေးတယ်။
တစ်ယောက်တည်းနဲ့ အများကြီး မတောက်ပနိုင်ဘူးဗျ။ ဘေးမှာ သမားတော်၊ ကလေးအထူးကု၊ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ ဓာတ်မှန်ဆရာဝန်၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးမယ့် အလုပ်သမား အစစအရာရာ ပြည့်စုံမှ အကောင်းမွန်ဆုံးရလဒ်ကို ရမှာလေ။
ဆရာကြီး ဦးအောင်သင်း ပြောခဲ့တဲ့စကားကို အမှတ်ရတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်မွေးရပ်မြေမို့သာ ချစ်နေရတယ်။ ချစ်စရာကတော့ တစ်ကွက်မှ မရှိဘူးတဲ့။
ကျွန်တော်ကတော့ ချစ်ပါတယ်ဗျာ။ လူနာတွေလိုချင်တဲ့ ဒါမှမဟုတ် ဗေဒင်ဆရာ အခါတော်ပေးတဲ့ အချိန်မှာ ခွဲမွေးပေးပြီး သက်သက်သာသာ ပိုက်ဆံရှာဖို့ ကြံရွယ်ခဲ့တာပါ။
ခုတော့ တစ်နေ့ကို ထမင်းနှစ်နပ်၊ ဝီစကီလေးအနည်းငယ်နဲ့တင် ကျေနပ်ပြီး လာသမျှတော်လှန်ပြည်သူတွေကို ဝန်ဆောင်မှု ပေးနေပါတယ်လို့။ ဘဝကို day by day တစ်ရက်ချင်းစီပဲ ဖြတ်သန်းနေပါတယ်လို့။
ကျေးဇူးပါဗျ…….။
ဒေါက်တာဝသုန်
သားဖွားမီးယပ်ဆရာဝန်
လွတ်မြောက်နယ်မြေတစ်နေရာ
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.