MENU

“ ကြို့ထိုးခြင်း (Hiccup)” (April 2023)

“ ကြို့ထိုးခြင်း (Hiccup)”

ကြို့ထိုးတယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ ကျန်းမာရေးဖြစ်စဥ်တစ်ခုပါ။ ဒါဆို ဘာကြောင့် ကြို့ထိုးရသလဲဆိုတာနဲ့ ပတ်သက်ပြီး အောက်မှာ ဆက်လက်လေ့လာကြည့်ရအောင်။

.

Diaphragm လို့ခေါ်တဲ့ ရင်ဝမ်းခြားကြွက်သားရဲ့ အလိုအလျောက်ကျုံ့တာကြောင့် ကြို့ထိုးရတာ ဖြစ်ပါတယ်။

အဲ့ဒီ ရင်ဝမ်းခြားကြွက်သားက သူ့ရဲ့နာမည်အတိုင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို ခြားထားပေးပြီးတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာ အသက်ရှူတဲ့အခါ အရေးပါတဲ့ ကြွက်သားတစ်ခုအဖြစ် ပါဝင်ပါတယ်။ အဲ့ဒီကြွက်သားက အဆုတ်တွေရဲ့ အောက်ဘက်မှာရှိနေပြီးတော့ လိပ်ခုံးလေးလို ကွေးကွေးလေးပုံစံ ရှိ‌နေတာပါ ။

အသက်ရှူသွင်း ရှူထုတ်တွေမှာ အဲ့ဒီကြွက်သားက ပုံမှန် ဖြည်းဖြည်းချင်း အ‌ကွေးအဆန့်လုပ်ပေးပြီးတော့ လူတွေရဲ့အသက်ရှူတဲ့လုပ်ငန်းစဥ်မှာ ကူညီပေးပါတယ်။

.

ရင်ဝမ်းခြားကြွက်သားက တစ်အားညှစ်အားများနေတဲ့အချိန် (spasm) လိုမျိုးမှာဆိုရင်တော့ ကြို့ထိုးတာဖြစ်လာပါတယ်။

အစားအသောက်တွေ အများကြီး စားလိုက်တဲ့အခါ၊ အရက်နဲ့ အချိုရည်တွေ အများကြီး သောက်လိုက်တဲ့အခါ၊ တစ်ခါတလေ ရုတ်တရက် စိတ်လှုပ်ရှားမှု ပြင်းထန်တဲ့အခါမျိုးတွေမှာ ကြို့ထိုးတတ်ပါတယ်။

အဲ့ဒီလို ကြို့ထိုးတဲ့အချိန်မှာ ရင်ဝမ်းခြားကြွက်သားတွေက ရုတ်တရက် ကျုံ့သွားတာ ဖြစ်တဲ့အတွက် လေတွေဝင်လာပါတယ်။ အဲ့ဒီလို လေတွေဝင်လာတဲ့ တစ်ချိန်တည်းမှာပဲ အသံကြိုးတွေကြားထဲမှာရှိတဲ့ Glottis လို့ခေါ်တဲ့ အပေါက်လေးကလည်း ပိတ်သွားပြီး ဝင်လာတဲ့လေတွေကို လေပြွန်နဲ့ အဆုတ်ထဲမရောက်အောင် တားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ “ဟစ်” ဆိုတဲ့ အသံ ထွက်လာတာပဲ ဖြစ်ပါတယ်။ လူအများစုမှာတော့ ကြို့ထိုးတာက မိနစ်အနည်းငယ်လောက်ပဲ ကြာတတ်ပါတယ်။

အချို့လူတွေမှာ ကြို့ထိုးတဲ့အခါ ရင်ဘတ်ထဲ၊ ဝမ်းဗိုက်ထဲ၊ လည်ချောင်းထဲတို့မှာပါ တင်းတင်းကြပ်ကြပ် ခံစားရတတ်ပါတယ်။

.

???? ကြို့ထိုးရခြင်း အကြောင်းရင်းတွေကတော့ များသောအားဖြင့်…

– အမြုပ်ထတဲ့ ဂတ်စ်ပါတဲ့ အချိုရည်တွေသောက်လို့

– အရက်အများကြီး သောက်မိလို့

– အစားအများကြီး စားမိလို့

– လည်ပင်း အကြောဆန့်လွန်သွားလို့

– အပူတွေ၊ အအေးတွေ အများကြီး တပြိုင်တည်း သောက်မိလို့

– အပူသောက်ပြီး ချက်ချင်း အအေးသောက်မိလို့

– အဆိပ်ဓာတ်ငွေ့တွေ ရှူရှိုက်မိလို့

– စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာ

– သကြားလုံး ငုံတဲ့အချိန်တို့၊ ပီကေဝါးတဲ့အခါတို့တွေမှာ လေအများကြီး မျိုချမိတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။

.

???? အကယ်၍ ကြို့ထိုးတာက (၂) ရက်ထက် ပိုကြာခဲ့မယ်ဆိုရင်တော့ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေကတော့…

• ရင်ဝမ်းခြားကြွက်သားကို ထောက်ပံ့ပေးနေတဲ့ အာရုံကြောတွေ ထိခိုက်နေတာကြောင့် (အလုံးအကျိတ် tumour တို့ကြောင့်၊ စားချဥ့်ပြန်ရောဂါကြောင့်၊ လည်ချောင်းနာ၊ အသံအိုးရောင်တာ အစရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်)

• ဦးနှောက် အမြှေးပါးရောင်ခြင်း၊ လေဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် အာရုံကြောမကြီးစနစ် ထိခိုက်ပျက်စီးတာကြောင့်

• အရက်စွဲတာ၊ ဆီးချို၊ ကျောက်ကပ်ရောဂါ အစရှိတဲ့ အခြေအနေတွေ ရှိနေလားဆိုတာ စဥ်းစားဖို့ လိုပါတယ်။

ဒါတွေအပြင်…

• စိတ်လှုပ်ရှားလွန်တဲ့သူတွေ၊ စိတ်ဖိစီးတတ်တဲ့သူတွေ

• ဝမ်းဗိုက်အင်္ဂါအစိတ်အပိုင်းတွေ ခွဲစိတ်ရတဲ့အခါတွေမှာလည်း ရက်ရှည်ကြို့ထိုးတာ ခံစားကောင်း ခံစားရနိုင်ပါတယ်။

.

အဲ့လို ကြာရှည်ကြို့ထိုးတာကြောင့် ခံစားနေရတဲ့ ဝေဒနာရှင်အနေနဲ့ အစားစားတဲ့အခါ၊ အိပ်တဲ့အခါ၊ စကားပြောတဲ့အခါတွေမှာ အနှောင့်အယှက်အဖြစ် ခံစားရနိုင်ပါတယ်။ မောလာနိုင်ပါတယ်။

ဒါကြောင့် ရက်ရှည်ကြို့ထိုးနေပြီဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြို့ထိုးတာ အများစုကတော့ ဆေးကုသစရာမလိုဘဲ သူ့အလိုလို ပျောက်ကင်းတတ်ပါတယ်။ အကယ်၍ ကိုယ့်မှာ ရောဂါအခံလည်းရှိနေပြီးတော့ ရက်ကြာရှည်ကြို့ထိုးတာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မမေ့ပါနဲ့။

.

???? ကြို့ထိုးတဲ့အချိန် အိမ်မှာ ကုသလို့ရနိုင်တဲ့ နည်းလမ်းလေးတွေအနေနဲ့…

– စက္ကူအိတ်ထဲကို လေရှူထုတ်ကြည့်ပါ။

– ရေခဲရေ တစ်ငုံလောက် သောက်ကြည့်ပါ။

– သကြားအနည်းငယ် မျိုချကြည့်ပါ။

– ရှာလကာရည် တို့မြည်းတာဖြစ်ဖြစ်၊ သံပုရာသီးကိုက်တာဖြစ်ဖြစ် လုပ်ကြည့်ပါ။

– အချိန်တိုတိုလေး ခဏလောက် အသက်အောင့်ကြည့်ပါ…. ဒီလိုနည်းလေး‌တွေနဲ့လည်း ကြို့ထိုးသက်သာအောင် လုပ်ကြည့်လို့ရပါတယ်။

.

???? ရှောင်ရမှာတွေကတော့

– အရက်၊ အမြုပ်ထတဲ့ဖျော်ရည်တွေနဲ့ အပူတွေ မသောက်ပါနဲ့။

– ဆေးလိပ်မသောက်ပါနဲ့။ ပီကေမဝါးပါနဲ့။ ဒါမျိုးတွေက ပြင်ပလေတွေကို မျိုချမိသလိုဖြစ်ပြီး ကြို့ထိုးတာ ပိုဆိုးနိုင်ပါတယ်။

– အပူအစပ်တွေ ရှောင်ပါ။

– အစားအသောက်ကို မြန်မြန်မစားပါနဲ့။

– ပူတဲ့စပ်တဲ့ အစားအသောက်တွေ စားပြီးတဲ့အခါမှာ အအေး ချက်ချင်းသောက်တာမျိုး ရှောင်ပါ။

Reference – ????https://www.mayoclinic.org/…/symptoms-causes/syc-20352613

https://my.clevelandclinic.org/health/diseases/17672-hiccups

https://www.nhs.uk/conditions/hiccups/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#hiccup#ကြို့ထိုးခြင်း

Ministry of Health,

National Unity Government.

Published on: 13 April 2023

Last updated: 13 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ

ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ...

မီးပိုးကောင်အန္တရာယ် Paederus Dermatitis

မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ...

စိတ်ကျန်းမာရေးအကူအညီများရယူဖို့

စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က...

ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ

သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan...