MENU

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ ( Obsessive Compulsive Disorder )

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ ( Obsessive Compulsive Disorder )

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာဆိုတာ….အတွေးတစ်ခုကို ထပ်တလဲလဲတွေးနေမိတတ်တာ ( Obsession)နဲ့…..ကိစ္စတစ်ခုကို လိုတာထက်ပိုပြီး မလုပ်ရမနေနိုင် ထပ်ခါထပ်ခါလုပ်မိနေတတ်တဲ့ (Compulsion) စိတ်ဝေဒနာတစ်မျိုးပဲဖြစ်ပါတယ်။

ဆေးပညာမှာတော့ Obsessive Compulsive Disorder လို့ခေါ်ပြီး အများအားဖြင့် OCD လို့ အတိုကောက်ခေါ်ကြပါတယ်။

OCDဟာ စိတ်ပိုင်းဆိုင်ရာရောဂါတချို့နဲ့ ဆက်စပ်မှုရှိပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ လူမှုဆက်ဆံရေးမှာ အနှောင့်အယှက်ဖြစ်တာတွေထိ ဖြစ်တတ်ပါတယ်။ အသက်အရွယ်အပိုင်းအခြားမရွေး၊ ကျား/မ မရွေးဖြစ်တတ်တဲ့အပြင် လူတော်တော်များများဟာ သူတို့မှာ OCD ရှိနေတယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်တမ်း တစ်ကမ္ဘာလုံးမှာ OCD ရောဂါရှိတဲ့သူဟာ ရာခိုင်နှုန်းနည်းနည်းပဲ ရှိပါတယ်။

.

.

????OCD ရဲ့ဝေဒနာလက္ခဏာတွေကတော့ ….

OCD ဝေဒနာရှိတဲ့လူဟာ obsessive thoughts နဲ့ compulsive behaviours လက္ခဏာ (၂) ခုလုံးကိုခံစားနေရတာဖြစ်တတ်သလို (၂) မျိုးထဲက (၁) မျိုးကိုပဲ ခံစားနေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

.

(၁) Obsession ဆိုတဲ့ ကိုယ်မကြိုက်တဲ့အတွေး ၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးပုံရိပ်တွေကို စိတ်ထဲ ထပ်တလဲလဲတွေးမိနေစေပါတယ်။ အဲ့လိုအတွေးတွေ မတွေးမိအောင်ကြိုးစားပေမယ့် အတွေးတွေကိုတားဖို့ခက်ပြီး စိုးရိမ်ပူပန်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာတွေ ဖြစ်လာပါတယ်။

အဲ့လိုကနေ စိတ်သက်သာရာရဖို့ တချို့ကိုအတွေးအတိုင်းလုပ်လိုက်မိတဲ့အခါ ထပ်တလဲလဲအမူအကျင့်တွေ ဖြစ်လာပြန်ပါတယ်။

Obsession ရဲ့အဖြစ်များတဲ့ လက္ခဏာတွေကတော့ –

– ရောဂါပိုးကူးစက်မှာ (သို့မဟုတ်) ညစ်ညစ်ပတ်ပတ်တွေပေမှာ သေမလောက်ကြောက်တာ (ဥပမာ – သူများကိုင်ထားပြီးသားအရာတွေကို ကိုင်မိပြီး ပိုးကူးမှာ ကြောက်တာ)

– မသေချာမှုတွေကို သည်းခံရမှာ အခက်အခဲတွေ့တာ/ သံသယအရမ်းကြီးတာ

(ဥပမာ- တံခါးပိတ်ပြီးပြီ၊ မီးဖိုကို ပိတ်ပြီးပြီ ဆိုတာကို သံသယအမြဲရှိတာ)

– ပစ္စည်းတွေကို အစီအစဉ်တကျနဲ့ စီစီရီရီ ရှိနေဖို့လိုတာ ( အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ဒါမှမဟုတ် ကိုယ်လိုချင်တဲ့နေရာပုံစံအတိုင်း ဟုတ်မနေရင် လွန်လွန်ကြူးကြူး စိတ်ဖိစီးမှုတက်လာတာ)

– အထိန်းအချုပ်လွတ်ထွက်သွားတဲ့ အတွေးတွေ (ကိုယ့်ကားကိုယ် လူအုပ်ထဲ မောင်းချသွားတဲ့ ပုံရိပ်တွေ မြင်ယောင်မိနေတာ)နဲ့ ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတွေကို ရန်ပြုမယ့်အတွေး၊ ဆိုးရွားပြင်းထန်တဲ့ အတွေးတွေ တွေးမိတာ

– လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဘာသာရေးပိုင်းဆိုင်ရာ မဖွယ်မရာနဲ့ မလိုချင်တဲ့အတွေးတွေချည်းပဲ တွေးနေမိတာ( ဥပမာ- စိတ်မသက်မသာဖြစ်စေတဲ့ လိင်ပိုင်းဆိုင်ရာပုံတွေ)

.

(၂) Compulsion ဆိုတဲ့ မလုပ်ရမနေနိုင်လက္ခဏာတွေဟာ မဖြစ်မနေလုပ်ကိုလုပ်ရမှဖြစ်မယ်ဆိုပြီး ခံစားနေရလို့ ထပ်ခါထပ်ခါလုပ်မိတဲ့အပြုအမူတွေကို ခေါ်တာဖြစ်ပါတယ်။ ဒီအပြုအမူတွေကို လုပ်ချင်လွန်းလို့ လုပ်နေတာမျိုးမဟုတ်ဘဲ ခဏတာ စိတ်ပူပန်မှုတွေကနေ သက်သာရာလေးရလို့ လုပ်ကြတာမျိုးပဲ ဖြစ်ပါတယ်။

Compulsion မှာတော့ အောက်ပါဝေဒနာလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

– အကြိမ်ကြိမ် ဆေးကြောခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း ( ဥပမာ- လက်တွေ လုံးဝသန့်သွားတဲ့အထိ အထပ်ထပ် ရေဆေးတာ)

– ထပ်ပြန်တလဲလဲ သေချာအောင် စစ်ဆေးခြင်း ( တံခါးတွေ ပိတ်ခဲ့လား၊ မီးဖိုခလုတ်ပိတ်ထားရဲ့လား ဆိုတာမျိုးကို သေချာအောင်လို့ အထပ်ထပ်စစ်တာ)

‌- ထပ်ခါထပ်ခါ ပုံစံတစ်မျိုးထဲနဲ့ ရေတွက်ခြင်း

– အရာဝတ္ထုတွေ ပုံစံတကျ ညီညီညာညာဖြစ်နေအောင် အကြိမ်ကြိမ်စီခြင်း ၊ အနည်းငယ်ရွဲ့စောင်းနေရင်တောင် ပြန်ပြင်တတ်ခြင်း ( ဥပမာ – စည်သွပ်ဘူးတွေကို မျက်နှာတစ်ဖက်တည်း ဆင်တူလှည့်အောင် စီနေတတ်တာ)

– တင်းကြပ်တဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း အတိအကျ လိုက်နာခြင်း

– ဘုရားစာ၊ ဆုတောင်းစာ ( ဒါမှမဟုတ်) စာသားတစ်ခုခုကို တိုးတိုးလေး ထပ်ခါထပ်ခါရေရွတ်နေခြင်း

OCD ရှိတဲ့သူတွေဟာ စွဲလမ်းလွန်အတွေးတွေ တွေးမိနေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ပူပန်မှုတွေကို ချုပ်ထိန်းနိုင်ဖို့ ကိုယ့်ဟာကိုယ် စည်းမျဉ်းတွေချထားတာ၊ ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာမျိုးတွေ ရှိတတ်ကြပါတယ်။

ဒီမလုပ်မ‌နေရအပြုအမူတွေဟာ အလွန်အကြူးဖြစ်နေတာမျိုးတွေရှိတတ်ပြီး သူတို့ ပြင်ဖို့၊ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ပြဿနာနဲ့ လက်တွေ့ကျကျဆက်စပ်နေတာမျိုး မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။

.

.

????OCD ဘာလို့ဖြစ်တာလဲ?

OCD ဖြစ်ရတဲ့အကြောင်းရင်းခံကို သေချာမသိကြပါဘူး။ ဦးနှောက်လုပ်ငန်းဆိုင်ရာ ချို့ယွင်းပြောင်းလဲတာ၊ မိသားစုမျိုးရိုးလိုက်တာနဲ့ မိသားစုဝင်တွေရဲ့ အပြုအမူ၊ လုပ်ဆောင်တဲ့အရာတွေကနေ ကူးစက်လာတာတွေကြောင့် OCD ဖြစ်နိုင်ပါတယ်။

စိတ်ဒဏ်ရာရစေတဲ့အဖြစ်အပျက်မျိုး ကြုံဖူးသူတွေ၊ တခြားစိတ်ရောဂါ၊ စိတ်ကျရောဂါအခံရှိသူတွေမှာ OCD ဟာဖြစ်နိုင်ခြေပိုများပါတယ်။

.

.

???? OCD ဘယ်လောက်ထိပြင်းထန်လဲ ?

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဝေဒနာလက္ခဏာတွေရဲ့ ပြင်းထန်မှုက မတူညီတတ်ပါဘူး။

OCD ဟာ အသက်ငယ်ငယ် ဆယ်ကျော်သက်အရွယ်လောက်မှာ စတင်တာများပါတယ်။ ကလေးဘဝတည်းက စတင်တာမျိုးလည်း ရှိတတ်ပါတယ်။

ဝေဒနာလက္ခဏာတွေဟာ တဖြည်းဖြည်းချင်း ပေါ်လာတာဖြစ်ပြီးတော့ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ စိတ်ဖိစီးမှုဒဏ်တွေ တအားများလာတဲ့အခါမှာ ပိုဆိုးလာတတ်ပါတယ်။ အစပိုင်းမှာ သိပ်မသိသာပေမယ့် တဖြည်းဖြည်း အရမ်းပြင်းထန်လာပြီး အတွေးလွန်တာတွေ၊ ထပ်တလဲလဲ လုပ်မိတာတွေကြောင့် အချိန်တွေကုန် ဘာအလုပ်မှ မလုပ်နိုင်တော့တာတွေအထိလည်း ဖြစ်တတ်ပါတယ်

.

.

????OCD ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့…

• လက်ခဏခဏဆေးလို့ အရေပြားရောင်ရမ်းတာမျိုးတွေနဲ့ အနာတရဖြစ်တာမျိုးတွေအထိ ဖြစ်လာတာ

• အလုပ်သွား၊ ကျောင်းသွားတာနဲ့ လူမှုရေးပွဲတွေတက်ဖို့အထိ ခက်ခဲလာတာ

• လူမှုဆက်ဆံရေးတွေ အဆင်မပြေတော့တာ

• ဘဝအရည်အသွေးတွေ သိသိသာသာကျဆင်းလာတာ

• ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွေးတွေ၊ အပြုအမူတွေ အထိ ဖြစ်သွားတတ်ပါတယ်။

.

.

???? ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ ?

အရာရာတိုင်းကို ပြီးပြည့်စုံချင်တဲ့သူ (Perfectionist) နဲ့ OCD ဝေဒနာရှိတဲ့သူကြားထဲမှာ မတူတဲ့အချက်ရှိပါတယ်။

ဥပမာပြောရရင် မသန့်ရှင်းတဲ့အရာတစ်ခုနဲ့ ထိတွေ့မိတဲ့အခါ ပြီးပြည့်စုံချင်သူတွေဟာ လက်ကိုပြောင်နေအောင်ဆေးပြီးရင် အဆင်ပြေသွားပေမယ့် ၊ OCD မှာတော့ လက်ကိုအကြိမ်ကြိမ် ဘယ်နှစ်ကြိမ်ရယ်ကန့်သတ်မှုမရှိ ထပ်ပြန်တလဲလဲ ဆေးနေတတ်တာပါပဲ။

တကယ်လို့ စွဲလမ်းလွန်ခြင်းနဲ့ မလုပ်ရမနေနိုင်ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို သိသိသာသာ ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန် (ဒါမှမဟုတ်) စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ပြသဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကုထုံးခံယူတာ ၊ OCD သီးသန့်ကုထုံးတွေဖြစ်တဲ့ Cognitive behavioral therapy (CBT), Exposure and response prevention (ERP) တို့ဖြင့် ကုသမှုခံယူတာ၊ စိတ်ကျရောဂါသက်သာစေတဲ့ဆေး (SSRI anti-depressants) တွေနဲ့ ကုသတာတွေ လုပ်ဆောင်နိုင်ပါတယ်။

.

.

???? ဘယ်လိုကာကွယ်ရမလဲ ?

မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းရယ်လို့တော့ သေချာမရှိနေပါဘူး။

ဒါပေမယ့် စိတ်ကျန်းမာရေးပညာရှင်တွေဆီမှာ ကုသမှုစောစောစီးစီးယူခဲ့မယ်ဆိုရင်တော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ရာမှာ အခက်အခဲဖြစ်တာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

…………………x x………………….

တကယ်တော့ OCD ဆိုတာ စနောက်စရာ၊ အလွယ်ပြောစရာစကားတော့ မဟုတ်ပါဘူး။

အဲလိုပြောဆိုရင်းကနေ တကယ့် OCD အပေါ် ပေါ့ပေါ့တန်တန်သဘောထားတာမျိုး အန္တရာယ်ရှိတဲ့ အထင်အမြင်လွဲမှားမှုတွေအထိ ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ OCD နဲ့ ပတ်သက်တာလေးတွေကို အရင်ထက် သေသေချာချာလေး ပိုသိသွားကြမယ်လို့ မျှော်လင့်မိပါတယ်။

Reference ????

https://www.mayoclinic.org/…/symptoms-causes/syc-20354432

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#Obsessive_Compulsive_Disorder#OCD

#စိတ်စွဲလန်းလွန်ခြင်း#မလုပ်ရမနေနိုင်

Ministry of Health,

National Unity Government,

Published on: 13 January 2023
Last Updated: 13 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (Counseling)

"စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (Counseling) ယူဖို့ ဘာကြောင့် တွန့်ဆုတ်ကြတာလဲ" လူတိုင်းနီးပါး ကိုယ့်ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် စိတ်ဖိစီးမှုတွေ၊ ခေါင်းခဲရတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ကိုယ်တိုင်ဖြေရှင်းဖို့ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ်ရမှန်း မသိအောင် ခက်ခဲလာတဲ့အခါ Counseling (စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ကုသမှုခံယူခြင်း) ဆိုတာ အကူအညီတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့်...

ရင်မောင်၊ သိန်းဆောင်နှင့် နံနံပင်

"နံနံလေးတွေ လှတယ်နော်" လက်ထဲကိုင်ထားသည့် နံနံပင်ကို ကြည့်ပြီးပြောတာလိုလို… ဈေးသည်ကောင်မလေးကို ကြည့်ပြီး ပြောတာလိုလိုဖြင့် သိန်းဆောင်တစ်ယောက် ဟိုဟိုဒီဒီလုပ်ရင်း ကောင်မလေး၏ မျက်နှာကို လှမ်းအကဲခတ်လိုက်သည်။ "ဟုတ်တယ် အစ်ကို… ဒီနေ့ နံနံတွေလတ်တယ်။ တခြားအရွက်တွေလည်း လှတယ်လေ။ ဒီနေ့ ဈေးကားရောက်တာစောသလို အသီးအနှံလည်းစုံတယ်။ ကြည့်ကြည့်ပါဦး" "ဟုတ်ပ ဟုတ်ပ… ဘာကြည့်ကြည့်… ဘယ်လိုကြည့်ကြည့်ကို...

ကလေးမချစ်တတ်ခြင်း

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ "လူတိုင်း ကလေးမချစ်တတ်ဘူး" ဆိုတဲ့ အကြောင်းအရာလေးကို ကျွန်မလည်း ဖတ်လိုက်ရပါတယ်။ အမှန်ပါပဲ။လူတိုင်းဟာ ကလေးတွေကို အလိုအလျောက် ချစ်တတ်ကြတာ မဟုတ်ပါဘူး။ ကြောင်မချစ်တတ်သူ ရှိသလို၊ ခွေးမချစ်တတ်သူလည်း ရှိပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စိတ်နေစိတ်ထားနဲ့ ခံယူချက်အပေါ် မူတည်ပါတယ်။ တချို့လူတွေမှာ အရင်က ကလေးတွေကို သိပ်မချစ်ပေမယ့်...

သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)

သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ သွေးပေါင်ချိန် (၁၄၀/၉၀) mmHg နှင့်အထက် ရှိပါက သင် သွေးတိုးနေပြီ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization